By Le`Moe, Shweproperty.com
Updated at 13 August 2015
အစိုးရကနေ စနစ်ကျတဲ့ ဦးဆောင်လမ်းညွှန်မှုတွေ ပြုလုပ်ပေးမယ်ဆိုရင် ပုဂ္ဂလိက ဆောက်လုပ်ရေး ကုမ္ပဏီအချို့က တန်ဖိုးနည်းအိမ်ရာတွေ ဆောက်လုပ်ဖို့ စိတ်ဝင်စားတယ်လို့ သိရပါတယ်။
"စီမံကိန်းအကောင်အထည် ဖော်နိုင်ဖို့ နိုင်ငံတော်အစိုးရရဲ့ ဦးဆောင်လမ်းညွှန်မှုတွေလဲ လိုအပ်ပါတယ်၊ ဘယ်လိုပေါ်လစီမျိုးနဲ့ ဘယ်လိုစည်းမျဉ်း စည်းကမ်းမျိုး သတ်မှတ်ပြီး လုပ်ပေးမှသာ လုပ်ပေးတဲ့ သူဘက်ကလဲ စနစ်တကျဖော်ဆောင်ပေးလို့ ရမှာ၊ ဥပမာ ဆောက်ပေးဆိုလို့ ဆောက်ပေးလိုက်ပေမယ့် ဘယ်လိုပေါ်လစီမျိုးနဲ့ ဘယ်သူတွေလက်ထဲ အပ်မှာလဲဆိုတာ မသိတဲ့အနေအထားမျိုးမှာ Developer တွေဘက်ကနေ လုပ်ဖို့အတွက် ခက်ခဲပါတယ်၊ တကယ်လို့အစိုးရဘက်ကနေ အားလုံးစနစ်တကျ ဖြစ်သွားရင် Developer ဘက်ကနေ လုပ်ပေးဖို့ အားလုံး အဆင်သင့်ရှိပါတယ်" လို့ Yoma Startegic Holdings ရဲ့ အိမ်ရာဖော်ထုတ် တည်ဆောက်ရေး အကြီးအကဲနှင့် အမှုဆောင် ဒါရိုက်တာ မစ္စတာ ဆိုင်းရပ်စ်ပင်န်က ပြောပါတယ်။
အစိုးရအနေနဲ့ တန်ဖိုးနည်းအိမ်ရာ အကောင်အထည်ဖော်တဲ့အခါ နေစရာမရှိတဲ့ ပြည်သူတွေအတွက် ရောင်းချတာမျိုးမဟုတ်ဘဲ အမှန်တကယ် သက်သာတဲ့ဈေးနှုန်းနဲ့ ငှားပေးတဲ့ အစီအစဉ်နဲ့သာ အကောင်အထည် ဖော်သင့်တယ်လို့ သိရပါတယ်။
"အစိုးရအနေနဲ့ တန်ဖိုးနည်းအိမ်ရာတွေ ဆောက်တာရဲ့ ရည်ရွယ်ချက်မှာ ဖြစ်သင့်တာက ပြည်သူတွေအတွက် နေစရာပေးဖို့ပဲ ဖြစ်သင့်တာ၊ ဒီကနေ အကျိုးအမြတ်ရဖို့ မဖြစ်သင့်ဘူး"လို့ ၎င်းကပဲ ဆက်ပြောပါတယ်။
တန်ဖိုးနည်းအိမ်ရာ တည်ဆောက်တဲ့အခါ ရောင်းချတာမဟုတ်ပဲ နေစရာမရှိတဲ့ ပြည်သူတွေအတွက် သက်သာတဲ့ နှုန်းထားနဲ့ နေစရာတစ်ခု ဖြစ်အောင်ဖန်တီးပြီး အငှားအိမ်ရာ ဖြစ်အောင် ဖော်ဆောင်ပေး သွားရမှာ ဖြစ်တယ်လို့ သိရပါတယ်။ နိုင်ငံတကာမှာလည်း တန်ဖိုးနည်းအိမ်ရာတွေ ဖော်ဆောင်တဲ့အခါ အငှားအိမ်ရာတွေ အဖြစ်သာ ဖော်ဆောင်တာဖြစ်တယ်လို့ သိရပါတယ်။
"စနစ်တကျသာ နိုင်ငံတော်အစိုးရက ချမှတ်ပေးလိုက်ရင် လုပ်နိုင်တယ်၊ လုပ်ချင်တဲ့ ကုမ္ပဏီတွေလည်း အများကြီးရှိတယ်"လို့ မစ္စတာဆိုင်းရပ်စ်ပင်န်ကပဲ ဆက်ပြောပါတယ်။
အခုကလက်ရှိမှာ နိုင်ငံတော် အစိုးရက တန်ဖိုးနည်းအိမ်ရာတွေ ဖော်ဆောင်နေပေမဲ့ အမှန်တကယ် နေထိုင်မယ့်သူတွေဆီ မရောက်ရှိပဲ တဆင့်ပြန်လည် ငှားရမ်းတာတွေ ရှိတယ်။ ဒါကြောင့် ရောင်းချမယ့် အိမ်ရာစီမံကိန်းတချို့ကို အငှားအိမ်ရာအဖြစ် ဖော်ဆောင်ဖို့ လိုအပ်တယ်လို့ သိရပါတယ်။
"မြန်မာပြည်မှာဖြစ်တဲ့ ပြသနာတော်တော်များများက ပရောဂျက်စဆို လူတွေကစတယ်၊ အဓိက အစီအစဉ် ရေးဆွဲတဲ့အဆင့်မှာ အချိန်လုံလောက်အောင် မပေးဘူး၊ ဆောက်လုပ်ရေး ကုမ္ပဏီတစ်ခုကို ဒီငွေပမာဏနဲ့ ပြီးအောင်ဆောက်ခိုင်းတယ်၊ ကုမ္ပဏီကလည်း စဆောက်တယ်၊ နေရာအတိုင်းအတာ တစ်ခုရောက်ရင် သတ်မှတ်ထားတဲ့ ငွေကြေးပမာဏနဲ့ အဆင်မပြေဘူး၊ ပရောဂျက် အလယ်ရောက်မှ ဒီအမှားတွေကိုတွေ့တော့ ထပ်ပြောင်းတယ်၊ အဓိက ပြသနာမှာ ဒါတွေလဲပါတယ်"လို့ မစ္စတာ ဆိုင်းရပ်စ်ပင်န်က ဆိုပါတယ်။
ဒါကြောင့် စီမံကိန်းကို တိုက်ရိုက်တင်ဒါ ခေါ်မယ့်အစား တတိယအဖွဲ့အစည်းတစ်ခုကို ခေါ်ယူကာ အစီအစဉ် ရေးဆွဲပြီးမှ အမှန်တကယ် အကောင်အထည် ဖော်နိုင်မယ့် ကုမ္ပဏီကို ရွေးချယ်ပြီး အကောင်အထည်ဖော် သင့်တယ်လို့ သိရပါတယ်။
Written By : Le`Moe / (Shweproperty.com)
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ