By Myanmar Times, Shweproperty.com
Updated at 14 October 2015
ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီက အများပြည်သူတို့ကို ရောင်းချခဲ့သည့် တန်ဖိုးမျှတအိမ်ရာစီမံကိန်းများ၌ အဖီဆွဲခြင်းနှင့် အဆောက်အအုံများ ထပ် တိုးပါက အရေးယူမည်ဖြစ်သည်။
"ရန်ကင်း ၁၂ လုံးတန်းဘက်တွေမှာဆို အများကြီး အဖီဆွဲတာတွေ၊ အဆောက်အအုံ ထပ်ချဲ့တာတွေ အများကြီးတွေ့ဖူးတယ်၊ ဒါကြောင့်လည်း အခုတန်ဖိုးနည်း အိမ်ရာတွေမှာ သတ်မှတ်ထားတဲ့ ဥပစာ ထက်ကျော်ပြီး အဆောက်အအုံတွေ ဆောက်လာမယ်ဆိုရင် ခွင့်ပြုမှာ မဟုတ်တဲ့အပြင် အရေးယူသွားဖို့ရှိပါတယ်"ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (အဆောက်အအုံ)မှ ဌာနမှူး ဦးသန်းဌေးက စက်တင်ဘာ ၂၆ ရက်နေ့တွင် ပြောသည်။
ဗိုလ်ဗထူး အိမ်ရာစီမံကိန်းမှာ ၂၀၁၅ ခုနှစ်အတွင်း ပထမဆုံး လူနေထိုင်ခွင့်ပြုခဲ့သည့် အိမ်ရာစီမံကိန်း တစ်ခုဖြစ်ပြီး ဗိုလ်မင်းရောင် အိမ်ရာစီမံကိန်းမှာလည်း မကြာမီ တည်ဆောက် ပြီးစီးတော့မည် ဖြစ်သည်။
ထို့ပြင် ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၌ မင်းရဲကျော်စွာအိမ်ရာ စီမံကိန်းနှင့် ဒဂုံမြို့သစ်တောင်ပိုင်း မြို့နယ်၌ ဧရာဝဏ်နှင့် ရတနာအိမ်ရာစီမံကိန်းသစ်များကို ထပ်မံဆောက်လုပ်သွားရန် စီစဉ်ထားရှိကြောင်း ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ဇွန်လအတွင်း၌ တိုင်းဒေသကြီးလွှတ်တော်သို့ တင်ပြခဲ့သည်။
တန်ဖိုးမျှတအိမ်ရာ စီမံကိန်းအတွင်း နေထိုင်သူ အခန်းပိုင်ရှင်များ တိုက်၏ မျက်နှာစာ အရှေ့နှင့် အနောက်၊ ဘေးဘယ်ညာတွင် အဖီဆွဲခြင်း၊ ထပ်တိုးအဆောက်အအုံ ဆောက်လုပ်ခြင်းကို တွေ့ရှိပါကလည်း ၂၀၁၄ ခုနှစ်၊ ဩဂုတ်လ ၆ ရက်နေ့တွင် ပြဋ္ဌာန်းထားပြီးဖြစ်သည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အဆောက်အအုံဆိုင်ရာ နည်းဥပဒေပါ ပြဋ္ဌာန်းထားချက်များနှင့် ကိုက်ညီမှု မရှိသည့်အတွက် အရေးယူနိုင်သည်။
ယင်းဥပဒေပါ အခန်း(၈)တားမြစ်ချက်များ ခေါင်းစဉ်အောက်ရှိ အပိုဒ် ၈၅ အရ မည်သူမှ စည်ပင်သာယာရေးကော်မတီ၏ ခွင့်ပြုချက်မရရှိဘဲ အဆောက်အအုံ၏ နေရောင်ကာ၊ ကွန်ကရစ်ပန်း၊ ကွန်ကရစ်ဖောင်းလိုင်း၊ လေအေးပေးစက်များနှင့် အလားတူပစ္စည်းများကို မိမိပိုင်ဆိုင်သည့် နယ်နိမိတ်မှ ကျော်လွန်တပ်ဆင်ခြင်း၊ ထပ်တိုးတည်ဆောက်ခြင်းကို ခွင့်ပြုထားခြင်း မရှိသည့်အတွက် ဆောက်လုပ် တပ်ဆင်မှုများကို တွေ့ရှိရပါကလည်း ၂၀၁၃ ခုနှစ်တွင် ပြဋ္ဌာန်းထားပြီးဖြစ်သည့် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ဥပဒေအရ ဖြိုဖျက်သည်အထိ အရေးယူနိုင်သည်။
Ref : Myanmar Times
Photo Credit : Sky Scraper City
Posted By : Moe Thae'
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ