By The Voice, Shweproperty.com
Updated at 18 December 2018
ဆောက်လုပ်ရေး၊ အိမ်ရာနှင့်အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ် (CHID Bank) တွင် အိမ်ရာဝယ်ယူရန် ငွေစုထားသူ ၂၅,၀၀၀ ခန့်ရှိပြီး အိမ်ရာဝယ်ယူရန် ငွေစုထားသူများက ငွေကျပ် ၂၂ ဘီလီယံကျော် စုဆောင်းထားကြောင်း ယင်းဘဏ်၏ဥက္ကဋ္ဌဖြစ်သူ ဦးမင်းထိန်က ပြောကြားသည်။
အဆိုပါဘဏ်တွင် အိမ်ရာဝယ်ယူရန် ငွေစုထားသူများမှ အိမ်ရာဝယ်ယူရန် ပြည့်မီသူ သုံးထောင်ခန့်ကို လှိုင်သာယာ၊ ဒဂုံမြို့သစ်ဆိပ်ကမ်း၊ ရွှေပြည်သာနှင့် ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်ရှိ တန်ဖိုးနည်းအိမ်ရာများမှ တိုက်ခန်းများဝယ်ယူရန် ကျပ်ဘီလီယံ ၄၀ ထုတ်ပေးခဲ့ကြောင်း ၎င်းကဆိုသည်။
“၂၀၁၅ ခုနှစ်က နှစ်ရှည်အိမ်ရာ ချေးငွေစနစ်ကို စတင်ခဲ့တယ်။ ၂၀၁၆ ခုနှစ်မှာတော့ အိမ်ရာစုဆောင်းဖို့ ငွေစာရင်း ဖွင့်လှစ်ပြီး ငွေစုတဲ့စနစ်ကိုစတင်ခဲ့တယ်။ တန်ဖိုးနည်းအိမ်ရာများကို ဝယ်ယူရန် Housing Saving စုထားသူတွေကို အိမ်ရာ ဝယ်ယူခွင့်ရအောင် ဆောင်ရွက်ပေးခဲ့တယ်။ ၂၀၁၉ ခုနှစ်မှာ ထားဝယ်မြို့မှာတော့ ဘဏ်ခွဲအသစ်ကို ဖွင့်လှစ်သွားမယ်”ဟု ဦးမင်းထိန်ကဆိုသည်။
မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် (CHID) ဘဏ်တို့ ပူးပေါင်းကာ တန်ဖိုး နည်းအိမ်ရာဝယ်ယူနိုင်ရန် လှိုင်သာယာမြို့နယ်ရှိ ကျန်စစ်မင်းအိမ်ရာ၊ ရွှေလင်ဗန်းအိမ်ရာ၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်ရှိ ယုဇနအိမ်ရာများမှ တိုက်ခန်းများအတွက် အိမ်ရာချေးငွေထုတ်ပေးရန် စီစဉ်နေကြောင်း (CHID)ဘဏ်ထံမှ သိရသည်။
ယခုလက်ရှိတွင် CHID Bank သည် နေထိုင်ရန် အခက်အခဲရှိသော အစိုးရဝန်ထမ်းများနှင့် ပြည်သူများ အိမ်ပိုင်ရရှိစေရန်၊ တန်ဖိုးနည်းတိုက်ခန်းများကို ဝယ်ယူနိုင်ရန် ဝယ်ယူမည့်တိုက်ခန်းတန်ဖိုး၏ ၂၀ ရာခိုင်နှုန်းအထိ ငွေစုဆောင်းထားရှိပြီး ကျန်ငွေကို ၈ နှစ်မှာ ၁၀ အထိ အရစ်ကျငွေ ပေးချေစနစ်ဖြင့် ရောင်းချပေးနေကြောင်း အဆိုပါဘဏ်ထံမှ သိရသည်။
ဆောက်လုပ်ရေး၊ အိမ်ရာနှင့်အခြေခံ အဆောက်အအုံဖွံ့ဖြိုးရေးဘဏ် (CHID Bank) ကို ၂၀၁၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ငါးနှစ်အတွင်း ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ နေပြည်တော်၊ မော်လမြိုင်နှင့် ပုသိမ် စသည့် မြို့ကြီးများတွင် ဘဏ်ခွဲပေါင်း ၁၁ ခုအထိ ဖွင့်လှစ်ထားသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ယူကြီးကြပ်လျက်ရှိသည့် ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ်၏ ပဉ္စမအကြိမ်မြောက် နှစ်ပတ်လည်အထွေထွေ အစည်းအဝေးကို ဒီဇင်ဘာလ ၁၆ ရက်က ရန်ကုန်မြို့ Rose Garden Hotel တွင် ကျင်းပခဲ့သည်။
Ref : The Voice
Photo Credit : kumudranews
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ