By emg, Shweproperty.com
Updated at 6 August 2014
ရန်ကုန်မြို့တွင် အိမ်ခြံမြေဈေးများ မြင့်တက်နေမှုသည် ဈေးကစားမှုများအပါအဝင် တရုတ်လူမျိုးများ ဝင်ရောက်ဝယ်ယူနေသောကြောင့်ဖြစ်ကြောင်းနှင့် လှည်းကူး၊ ဒဂုံဆိပ်ကမ်းမြို့နယ်အစရှိသည့် ရန်ကုန်မြို့၏ ဆင်ခြေဖုံးဒေသများတွင်လည်း နေ့စဉ်အစိုးရသတင်းစာများမှတစ်ဆင့် ကြော်ငြာများထည့်သွင်းလျက် တရုတ်လူမျိုးများက မြေကွက်များ လိုက်လံဝယ်ယူနေကြောင်း သတင်းရရှိသည်။
“မြေကို ဘယ်သူတွေက ဝယ်နေတာလဲဆိုတော့ တရုတ်တွေဝယ်နေကြတာ။ တရုတ်က ဘယ်လိုလုပ်လဲဆိုရင် မူဆယ်ကို ပထမအဆင့် ဝင်လာကြတယ်။ မူဆယ်နားက မြေတွေ သူတို့ဝယ်ကြတယ်။ ကုန်သွယ်ရေးဇုန်နားက မြေတွေဆိုလို့ရှိရင် ရှမ်းတရုတ်တွေပိုင်တဲ့မြေတွေဆိုရင် တရုတ်တွေ ဝယ်ပြီးသွားပြီ။ ပြီးတော့ လားရှိုးရောက်လာတယ်။ လားရှိုးမှာလည်း မြေကွက်တွေက အကုန်လုံး ဒီတရုတ်တွေယူထားကြတာ။ လားရှိုးကနေပြီးတော့ တစ်ခါ မန္တလေး၊ မန္တလေးပြီးတော့ အခု ရန်ကုန်၊ ရန်ကုန်ကျတော့ ဘယ်နေရာတွေဝင်လဲဆိုတော့ ဟိုဆင်ခြေဖုံးလယ်ကွက်တွေကို စဝင်တယ်။ ဒါသူတို့မှာ strategy ရှိပြီးသား တရုတ်တွေဝယ်တယ်ဆိုတာ အရမ်းကာရော လျှောက်ဝယ်တာ မဟုတ်ဘူး။ ဘလိုင်းကြီး မဝယ်ဘူး။ တဖြည်းဖြည်း အုပ်စုလေးတွေဖွဲ့ပြီး ဝယ်တာ။ အခုလှည်းကူးတို့ ဘာတို့ဘက်တွေမှာလည်း ဝယ်သွားတာတွေ လိုက်ကြည့်လိုက် လားရှိုးတရုတ်တွေချည်းပဲ။ တချို့က မန္တလေးတောင် မခံတော့ဘူး။ လားရှိုးကနေ ရန်ကုန်ကို တန်းဆင်းပြီး ဝယ်နေတာပါ” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အငြိမ်းစားအရာရှိတစ်ဦးက ဆိုသည်။
မြန်မာနိုင်ငံတွင် တည်ဆဲဥပဒေအရ နိုင်ငံခြားသားမြေပိုင်ခွင့် မရှိသော်လည်း ယင်းကဲ့သို့ တရုတ်များမြေဝယ်ယူမှုကို ဗြောင်ကျကျပြုလုပ်နိုင်ခြင်းမှာလည်း တရားဥပဒေ၏ အားနည်းချက်တစ်ရပ်ဖြစ်နေကြောင်း သုံးသပ်မှုများလည်း ရှိသည်။
“ခက်တယ်ဗျ၊ သူတို့ကလည်း ဘင်္ဂါလီတွေလိုပဲ။ မူဆယ်နေပြီဆိုကတည်းက မှတ်ပုံတင်က ရပြီးသွားပြီ။ သူတို့က transmigration လုပ်နေတာ။ ရန်ကုန်မြို့မှာတော့ မြို့ထဲ သိပ်မဝင်နိုင်ကြသေးဘူး။ တချို့လည်း ဝင်နေပြီပေါ့။ ဆင်ခြေဖုန်းကို အဓိကဝင်နေတာ။ ဒဂုံဆိပ်ကမ်းမြို့နယ်ဆိုရင် တရုတ်တွေချည်းပဲ။ တစ်လောတုန်းကဆို ဒဂုံဆိပ်ကမ်းမြို့နယ်မှာ စားသောက်ဆိုင်တွေတောင် ညဘက်ဖွင့်ထားတယ်။ အဲဒီမှာ ပွဲစားတွေရော၊ တရုတ်တွေရော ခြေချင်းရှုပ်နေတာပဲ။ တရုတ်ဆိုင်ပွဲစားတွေနဲ့ ညအထိရှိတယ်။ ကားတွေနဲ့ မီးတွေထွန်းပြီးတော့ ဝယ်နေကြတာ။ အခုလည်း သတင်းစာမှာ နေ့တိုင်းကြည့်လေ။ ဒဂုံဆိပ်ကမ်းမြို့နယ်မှာ ဝယ်လိုတယ်။ ဘယ်ဖုန်းနံပတ်ကို ဆက်ပါဆိုပြီး နေ့တိုင်းကြော်ငြာနေတာ။ တရုတ်က ဒီမှာမျိုနေပြီ။ အဲဒီဆိုင်မှာစာရေးရင် မြန်မာလိုရေးတာအပြင်၊ တရုတ်လိုပါရေးတယ်။ လာရင် ဘောင်းဘီတိုနဲ့ တရုတ်တွေချည်းပဲ”ဟု ၎င်းက ဆိုသည်။
အလားတူပြီးခဲ့သည့် ကာလအတွင်း ၂၀၀၇ ခုနှစ်လောက်မှာစ၍ ၁၅ ရာခိုင်နှုန်း အခွန်ဆောင်ပါက ဝင်ငွေရလမ်းဖော်ပြစရာမလိုဆိုသော စနစ်မှာလည်း ၎င်းတို့အတွက် အခွင့်အရေးတစ်ရပ် ဖန်တီးပေးသကဲ့သို့ ရှိခဲ့ကြောင်းလည်း သိရသည်။
“တရုတ်အတွက် သီးသန့်ဖန်တီးပေးတာတော့ မဟုတ်ဘူး။ တရုတ်က ဒီအပေါ်မှာ အကွက်မြင်သွားတာပါ။ သူတို့က ပိုက်ဆံလည်းရှိတယ်။ တောက်လျှောက်ကို ဝင်နေတာပါ”ဟု မူဆယ်မှ လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။
“အိမ်ခြံမြေဈေးတွေ တက်တယ်ဆိုတာ ဝယ်လိုအားများလို့ဖြစ်တယ်လို့ ထင်ပါတယ်။ ဈေးကစားချင်လို့ ဝယ်တဲ့အပိုင်းမှာတော့ နှစ်ပိုင်းရှိလိမ့်မယ်။ မြို့ထဲပိုင်းတွေကျတော့ လက်ပြောင်းလက်လွှဲဝယ်ဖို့ မလွယ်ဘူး။ ဘာကြောင့်လဲဆိုတော့ သူက အမည်ပေါက်လုပ်ရတယ်။ မြို့သစ်က ပါမစ်မြေကွက်တွေကျတော့ လက်ပြောင်းလက်လွှဲလုပ်လို့ လွယ်တယ်ပေါ့။ မြို့သစ်မှာမှ မြို့ထဲနဲ့နီးတဲ့နေရာတွေက ဈေးနှုန်းတော်တော်မြင့်သွားတယ်။ မြို့ပြင်ကျ ဈေးသက်သာတာက တစ်ပိုင်း၊ နောက်စီမံကိန်းတွေရှိတယ်ဆိုပြီး ဝယ်တာမျိုးတွေလည်း ရှိတယ်။ နောက် ငွေကြေးအရင်းအနှီးနည်းတဲ့ သူတွေကျတော့ မြို့ထဲမှာမနိုင်တော့ မြို့ပြင်ဘက်မှာ ဝယ်ကြတယ်။ ဒဂုံဆိပ်ကမ်းဘက်တွေမှာ ဝယ်ကြတယ်။ မြို့ထဲမှာက တိုက်ခန်းတစ်ခန်းက သိန်း ၃၀၀၊ ၄၀၀ နဲ့ မရတော့ဘူး။ စီမံကိန်းတွေ ဘာတွေရှိတယ်ဆိုရင် မြို့ထဲတွေမှာ သယ်ယူပို့ဆောင်ရေးကလည်း ကောင်းလာမယ်ဆိုပြီးတော့ ဝယ်ကြတယ်။ အခုဆိုရင် ဒဂုံအရှေ့ဘက်တို့ ဘာတို့ သွားရလာရတာပို လွယ်လာတယ်။ ဒါကြောင့် ဝယ်လိုအားလည်း ကောင်းလာပါတယ်”ဟု Unity အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ ဦးဇော်ဇော်က ဆိုသည်။
Ref : EMG
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ