By Sint Sint, Shweproperty.com
Updated at 2 May 2020
“ခရစ်ယာန်ဘာသာဝင်တွေက သားသမီးမွေးစားလို့ရသလား ဆရာ” ဟု မိတ်ဆွေတစ်ဦး၏ သားက စာရေး သူထံ လာရောက်တိုင်ပင်ဆွေးနွေး ခြင်းဖြစ်သည်။
“မောင်ရင်တို့က ခရစ်ယာန်ဘာသာဝင်တွေလား။ သားသမီးမွေးစားဖို့ အစီအစဉ်ရှိလ့ိုလား”
“ဒီလို မဟုတ်ပါဘူး ဆရာ။ ကျွန်တော်တို့က ဗုဒ်္ဓဘာသာကိုးကွယ် သူတွေပါ”
“ကဲ ဟုတ်ပြီ။ ဒါဆိုရင် ဘယ်လို ကိစ္စရပ်များရှိနေလို့လဲ”
“အိမ်မြေတစ်ကွက်ကို ဝယ်ဖို့ စရန်ငွေချလိုက်တယ် ဆရာ။ အစစအရာရာရှင်းတယ်ဆိုပြီး ဝယ်လိုက်တာပဲ။ အခုမှ မွေးစားသားဆိုပြီး သူလည်း ဆိုင်တယ်လို့ ကန့်ကွက်လာပါတယ်။ ဘယ်လိုများဖြစ်နိုင်သလဲ ဆရာ”
“မူလ ပိုင်ရှင်က ကွယ်လွန်သွားပြီထင်တယ်။ ဒါကြောင့် မွေးစားသားဆိုပြီး အရောင်းအဝယ် ကန့်ကွက်တာ မဟုတ်လား”
“ဟုတ်ကဲ့၊ အမည်ပေါက်က သူပြောစကားအရဆိုရင် မွေးစားမိဘ အမည်ပေါက်ပေါ့ဆရာ”
“မွေးစားမိဘပဲ ထားပါတော့။ သူတို့ဇနီးမောင်နှံနှစ်ဦးလုံးက ခရစ် ယာန် ဘာသာဝင်တွေလား”
“ဟုတ်တယ် ဆရာ၊ သူတို့ မိသားစု ဆွေမျိုးအားလုံး ခရစ်ယာန် ဘာသာဝင်တွေ ဆရာ”
“အရောင်းအဝယ်ကို ကန့်ကွက် တဲ့ မွေးစားသားဆိုသူကလည်း ခရစ် ယာန် ဘာသာဝင်ပဲလား”
“ဟုတ်ပါတယ် ဆရာ”
“ရောင်းမယ်ဆိုတဲ့ သူနဲ့ မူလ အိမ်မြေပိုင်ရှင်က ဘယ်လို ဆက်စပ်မှုရှိတာလဲ”
“မူလပိုင်ရှင် အမျိုးသမီးရဲ့ အတူနေညီမဖြစ်ပါတယ် ဆရာ။ သူလည်း ခရစ်ယာန်ဘာသာဝင်ဖြစ်တယ်”
“မူလပိုင်ရှင် ဇနီးမောင်နှံက သားသမီးမရှိဘူးလား”
“မရှိဘူး ဆရာ။ ကျန်ခဲ့တဲ့ ညီမကလည်း အပျိုကြီး ကျောင်းဆရာမပါ ဆရာ”
“လင်မယားနှစ်ဦးက ဘယ်သူ အရင်ကွယ်လွန်သွားတာလဲ”
“လင်ယောကျ်ားက အရင်ကွယ်လွန်တယ်လို့ ပြောပါတယ်”
“သေတမ်းစာ ရေးမသွားဘူးလား”
“ကျွန်တော် မေးတယ် ဆရာ။ လင်မယားနှစ်ဦးလုံး သေတမ်းစာရေး မသွားဘူးလို့ ပြောပါတယ်”
“လင်ယောကျ်ားဘက်က ဆွေမျိုးသားချင်း အရင်းအချာကျန်ခဲ့ပါသေးလား”
“အစ်မတစ်ယောက်ရှိတယ်။ ဒါပေမယ့် ကွယ်လွန်သွားပြီလို့လည်း ပြောတယ်”
“လင်ယောကျ်ားဘက်က ဆွေမျိုးသားချင်းအနေနဲ့ အိမ်၊ မြေ အရောင်းအဝယ်ကိုကန့်ကွက်တာ မရှိဘူးပေါ့”
“ဟုတ်ကဲ့၊ အခုလောလောဆယ်တော့ မွေးစားသားဆိုတဲ့ သူတစ်ဦးကပဲ ကန့်ကွက်တာရှိတယ်”
“ကွယ်လွန်သူ မူလပိုင်ရှင်နှစ်ဦးလုံးက ခရစ်ယာန်ဘာသာဝင်များဖြစ်တဲ့အတွက် အမွေဆက်ခံရေး အက်ဥပဒေ (Sucession Act) နဲ့ သက်ဆိုင်တယ်။ အမွေဆက်ခံရေး အက်ဥပဒေပုဒ်မ ၃၃ မှာ သေတမ်းစာ မရေးပဲ ကွယ်လွန်သွားသူတွင် မုဆိုးမကျန်ခဲ့ပြီး ကွယ်လွန်သူ၏ တိုက်ရိုက်အဆက်အနွယ်များဖြစ်သည့် သူ၏ သားသမီး မြေးမြစ်များနှင့် သားချင်းဆွေမျိုးများ ကျန်ရစ်ခြင်းမရှိလျှင် မုဆိုးမသည် အမွေတစ်ရပ်လုံးကို ဆက်ခံသည်လို့ ပြဋ္ဌာန်းထားပါတယ်။ ဒီကိစ်္စမှာ ခင်ပွန်းဖြစ်သူ ကွယ်လွန်ပေမယ့် ယခုတိုင် ကန့်ကွက်သူ မရှိတာကြောင့် အိမ်မြေတစ်ခုလုံးမှာ ဇနီးဖြစ်သူ အမည်ပေါက်က ခင်ပွန်း ဝေစုကိုပါ ရရှိခံစားခွင့်ရှိမှာ ဖြစ်ပါတယ်”
“ဒါဆိုရင် ရောင်းမယ်ဆိုတဲ့ ညီမဖြစ်သူက ပိုင်ဆိုင်ခွင့်ရှိမှာပေါ့”
“မှန်ပါတယ်။ အမွေဆက်ခံရေး အက်ဥပဒေ - ၃၄ မှာ သေတမ်းစာမရေးပဲ ကွယ်လွန်သူတွင် မုဆိုးဖို၊ မုဆိုး မကျန်ရစ်ခြင်း မရှိခဲ့လျှင်၊ တိုက်ရိုက်အဆက်အနွယ်၊ ဆွေမျိုးသားချင်းများက ဆက်ခံသည်လို့ ဖော်ပြထားပါ တယ်။ ဒါကြောင့် ယခုကိစ်္စမှာ ကျန်ရစ်သူ ဇနီးကွယ်လွန်သွားတာမို့ ဇနီးရဲ့ ဆွေမျိုးသားချင်းက အမွေရခွင့်ရှိ သွားမှာဖြစ်တယ်။ ညီမဖြစ်သူက အမွေဆက်ခံခွင့်ရမှာဖြစ်လို့ ရောင်းပိုင်ခွင့်ရှိမှာ ဖြစ်ပါတယ်”
“ဒါဆိုရင် ကျွန်တော့်အနေနဲ့ ဝယ်တာမမှားဘူးလို့ ဆိုရမှာပေါ့”
“မှန်ပါတယ်။ အခုကိစ္စက မွေးစားသားဆိုပြီး ကန့်ကွက်လာတဲ့ ကိစ္စဖြစ်တယ်”
“ဟုတ်တယ် ဆရာ။ အဲဒါက ဘယ်လိုရှိပါသလဲ။ ကျွန်တော် မေးကြည့်တော့ မွေးစားတာ မဟုတ်ဘူးလို့ ပြောတယ်။ ခရစ်ယာန်ကျောင်းက မိဘမဲ့တစ်ဦးကို ခေါ်ထားတာလို့ ပြောပါတယ်”
“အခု အဲဒီမွေးစားသားဆိုသူက ဘယ်မှာနေလဲ”
“သူက အိမ်ထောင်ကျသွားပြီး ပဲခူးမြို့မှာနေတယ်လို့ ပြောပါတယ်။ စာချုပ်စာတမ်းနဲ့ မွေးစားထားတာမရှိဘူးလို့ ပြောပါတယ် ဆရာ”
“ဥပဒေနဲ့အညီ အမွေစား အမွေခံအဖြစ် မွေးစားခွင့်ရှိတာကတော့ မြန်မာဗုဒ်္ဓဘာသာကိုးကွယ်သူများ သာ ပြုလုပ်နိုင်တဲ့ မြန်မာ့ ဓလေ့ထုံးတမ်းဥပဒေဖြစ်တယ်။ ကျန်တဲ့ ခရစ်ယာန် ဘာသာဝင်အစ္စလာမ် ဘာသာဝင်တို့ မှာ မတွေ့ရဘူး”
“အမွေစား အမွေခံအဖြစ် မွေးစားတာက မြန်မာဗုဒ်္ဓဘာသာဝင်သာ ပြုလုပ်နိုင်တယ်ဆိုတော့ ဆရာ။ ဗုဒ္ဓဘာသာဝင်လင်မယားက အခြားဘာသာဝင်တစ်ဦးဦးကို မွေးစားနိုင်ပါသလား ခင်ဗျာ”
“မွေးစားနိုင်ပါတယ်။ အဓိက အချက်ကတော့ အမွေစား အမွေခံ သားသမီးအဖြစ် ရည်ရွယ်မွေးစားရင် ကိတ္တိမ မွေးစားခြင်း မှတ်ပုံတင် အက်ဥပဒေအရ မှတ်ပုံတင်စာချုပ် ပြုလုပ်မွေးစားရမှာ ဖြစ်ပါတယ်။ ခရစ် ယာန်ဘာသာ အရတော့ အမွေစား အမွေခံသားသမီးအဖြစ် မွေးစားခွင့် မရှိပါဘူး”
“ဒါကြောင့် သေတမ်းစာရေးသား ခွင့်ပြုတာဖြစ်မယ် ဆရာ”
ဒါနဲ့ ပတ်သက်လို့ ဦးဘာဘူနှင့် ခရစ်တော် မက်သရစ်အသင်းတော် (၎င်း၏ ကိုယ်စားလှယ် ဦးသိန်းအောင်နှင့် ဦးစိန်တင်) ၁၉၉၂ ခုနှစ် မြန်မာနိုင်ငံ တရားစီရင်ထုံး စာမျက်နှာ - ၉၀ အမှုမှာ ရန်ကုန်မြို့ ကျုံးကြီးလမ်းရှိ ခရစ်တော် မက်သရစ် အလင်းတော်၏ ဂေါပကဘုတ်အဖွဲ့ဝင်နှင့် ဘဏ္ဍာထိန်းဖြစ်သူ ဦးသိန်းအောင်နှင့် ဦးစိန် တင်တို့က ဦးဘာဘူအပေါ် ကျူးကျော်နေထိုင်သော အဆောက်အအုံ (အလုပ်သမားတန်းလျား) မှ ဖယ်ရှားပေး ရန်စွဲဆိုသော အမှုဖြစ်သည်။ ဦးဘာဘူက မူလအိမ်ငှားများမှ မွေးစားခဲ့ပြီး မွေးစားသားဖြစ်သဖြင့် မူလအိမ်ငှား များ နိုင်ငံခြား ပြန်သွားသည့်အခါအတူ နေသူက ဆက်လက်နေထိုင်ခွင့်ရှိကြောင်း ထုချေသည်။ ရုံးတော်မှ ဦးဘာဘူတို့သည် ခရစ်ယာန် ဘာသာဝင်များဖြစ်သဖြင့် သားသမီးမွေးစား ခွင့်မရှိသောကြောင့် အိမ်ငှားမဟုတ်၊ ကျူးကျော်သူဟု ဆုံးဖြတ်ခဲ့တာကို တွေ့ရှိရပါတယ်။ ဒါကြောင့် ခရစ်ယာန်ဘာသာဝင်များအနေဖြင့် သား သမီးမွေးစားခွင့် မရှိပါဘူး”
“ဒါဆိုရင် အခုကိစ္စမှာလည်း ခရစ်ယာန်ဘာသာဝင်တွေဖြစ်နေတော့ မွေးစားသားဆိုတာ ဥပဒေအရဆိုရင် ရပိုင်ခွင့်မရှိဘူးပေါ့”
“မှန်ပါတယ်။ ဗုဒ္ဓဘာသာဝင် မိဘများက ခရစ်ယာန်ဘာသာကို ကူးပြောင်းသွားခဲ့ရင် ကိတ္တိမမွေးစားခြင်းဟာ ပျက်ပြယ်တယ်လို့ မခင်သန်းနှင့် မအမာရန်ကုန်စီရင်ထုံး အတွဲ - ၁၂ စာမျက်နှာ ၁၈၄ အမှုမှာ ဆုံးဖြတ် ထားတာကြောင့် အိမ်နဲ့ မြေကို ရဲရဲဝံ့ဝံ့ဝယ်ပါ”လို့ တိုက်တွန်း ဆွေးနွေးလိုက်ပါသည်။
Ref : Zaygwet Journal
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ