By emg, Shweproperty.com
Updated at 29 November 2014
မြို့ပြစီမံကိန်း စနစ်တကျရေးဆွဲ အကောင်အထည်ဖော်ခဲ့ခြင်း မရှိသည့်အတွက် ရန်ကုန်မြို့ရှိ ဒဂုံမြို့သစ်၊ လှိုင်သာယာ၊ ရွှေပြည်သာ စသည့်မြို့သစ်များတွင် လူနေနည်းပါးကာ မြေဈေးကစားမှုများ ဖြစ်ပေါ်နေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ မြို့ပြစီမံကိန်းရေးဆွဲခြင်းနှင့် မြို့ပြမြေစီမံခန့်ခွဲမှု အကြံပေးပညာရှင် ဦးသန်းက သုံးသပ်ပြောကြားသည်။
၁၉၉၀ ပြည့်နှစ်နောက်ပိုင်း အကောင်အထည်ဖော်ခဲ့သည် ဒဂုံမြို့သစ်လေးမြို့နယ် အပါအဝင် မြို့သစ်မြို့နယ်အချို့တွင် အခြေခံအဆောက်အအုံများ လိုအပ်ချက်ကြောင့် လူစည်ကားမှု နည်းပါးနေခြင်းမှာ မြို့ပြစီမံကိန်း၏ အားနည်းချက်ကြောင့် ယူဆပါသလားဟူသော The Daily Eleven သတင်းစာ၏ မေးမြန်းချက်အပေါ် ဦးသန်းက ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
ဒဂုံမြို့သစ် လေးမြို့နယ်အပါအဝင် မြို့သစ်အချို့တွင် အခြေခံအဆောက်အအုံ လိုအပ်ချက်များ မပြည့်စုံသေးကြောင်း၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်တွင် အကောင်အထည်ဖော်ခဲ့သည့် ယုဇနဥယျာဉ်မြို့တော်တွင်လည်း နှစ်ကာလကြာရှည်စွာ ရေရရှိမှု အခက်အခဲများ ဖြစ်ပေါ်နေပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ရေဖြန့်ဝေပေးရန် စီစဉ်နေဆဲဖြစ်ကြောင်း နေထိုင်သူများထံမှ သိရသည်။
“မြို့ပြစီမံကိန်း ရေးဆွဲတဲ့အခါမှာ မြို့သစ်ကို တည်ဆောက်သည်ဖြစ်စေ၊ ရှိပြီးသားမြို့ကို တိုးချဲ့သည်ဖြစ်စေ အရင်ဦးဆုံး အခြေခံအဆောက်အအုံ လိုအပ်ချက်တွေကို လုပ်ရမယ်။ အခြေခံအဆောက်အအုံထဲမှာ လမ်း၊ ရေ၊ မီး ရရှိရေးပါမယ်။ အဲဒါတွေ မပြည့်စုံဘဲ မြို့ကိုအလျင်အမြန် တိုးချဲ့လိုက်တယ်။ မြေကွက်တွေကို ရိုက်ပြီးတော့မှ လူတွေအပြင်ကို ဖြန့်ထုတ်လိုက်မယ်။ ရောက်ရင်ပြီးရောဆိုပြီး လုပ်လိုက်ရင် စနစ်ကျတဲ့ မြို့ပြစီမံကိန်းရေးဆွဲပြီး လုပ်တာမဟုတ်တဲ့အတွက် ဖွံ့ဖြိုးမှုတော့ ရှိမယ်။ ဒါပေမဲ့ စနစ်တကျတော့ မဟုတ်ဘူး” ဟု ဦးသန်းကပြောကြားသည်။
“လက်ရှိ ဒဂုံမြို့သစ် လေးမြို့နယ်မှာ လန ၃၉ ခေါ်တာပေါ့။ လယ်ယာမြေကို မြို့ပြစီမံကိန်းမြေအဖြစ် တရားဝင်သုံးစွဲခွင့် ရရှိထားပြီးသား။ စနစ်တကျတဲ့ မြို့ပြစီမံကိန်း ရေးဆွဲမှုမှာဆိုရင် မြေပြောင်းလဲသုံးစွဲခွင့် ရပြီးပြီဆိုရင် မြို့ပြစီမံကိန်း ဒီဇိုင်းဆွဲရတယ်။ မြေအသုံးချမှုပုံ သဏ္ဌာန်ခွဲရတယ်။ အဲဒီမှာ လူနေဇုန်၊ စီးပွားရေးဇုန်၊ စက်မှုလက်မှုဇုန်၊ အုပ်ချုပ်မှုဧရိယာ၊ အစိုးရရုံး၊ အပန်းဖြေဧရိယာတွေကို စနစ်တကျပိုင်းခြားပြီး အကောင်အထည်ဖော်မှ စနစ်ကျတာပေါ့။ အခု အဲဒီလို မလုပ်ခဲ့တဲ့အတွက် ဒဂုံမြို့သစ်တို့၊ လှိုင်သာယာတို့၊ ရွှေပြည်သာတို့မှာ မြေကွက်တွေပဲကျန်ပြီးတော့ လူတွေမရောက်ဘူး။ မြေကွက်တွေ အဆင့်ဆင့်လွှဲပြောင်းပြီးတော့ မြေဈေးကစားတဲ့လုပ်ငန်းတွေ ပေါ်ပေါက်လာတယ်။ စနစ်တကျ မြို့ပြစီမံကိန်းရေးဆွဲပြီး မလုပ်ခဲ့တဲ့အတွက် လယ်ယာမြေ လက်လွှတ်ဆုံးရှုံးပြီး ထုတ်လုပ်မှုကျဆင်းတယ်။ အိုးမဲ့အိမ်မဲ့ ပြဿနာတွေ ပေါ်လာတယ်။ အလုပ်အကိုင် အခွင့်အလမ်းတွေ နည်းသွားတယ်” ဟု ဦးသန်းကဆိုသည်။
ထို့ပြင် ရန်ကုန်မြို့အားချဲ့ရာတွင် အလျားလိုက်ချဲ့သွားခြင်းထက် လူဦးရေသိပ်သည်းမှုကို ပျံ့နှံ့သွားအောင် လုပ်သည့်နည်းဖြင့် ဖြေရှင်းမည်ဆိုပါက အိမ်ရာအခက်အခဲ ပြဿနာများအား ပြေလည်သွားမည့်အပြင် ကျူးကျော်ပြဿနာလည်း စနစ်တကျဖြစ်သွားမည်ဟု ဦးသန်းကထောက်ပြသည်။
အလားတူ အဆိုပါမြို့သစ်များတွင် ထုတ်လုပ်မှုအတွက် ရည်ရွယ်၍ စက်မှုဇုန်များ တည်ထောင်ခဲ့သော်လည်း အမှန်တကယ် လုပ်ကိုင်ခြင်းမရှိသည့်အတွက် ထုတ်လုပ်မှုကျဆင်းသည့်အပြင် အလုပ်လက်မဲ့ဦးရေ များလာကြောင်း ဦးသန်းက ဆိုသည်။
လက်ရှိ ရန်ကုန်မြို့ရှိ စက်မှုဇုန် ၂၉ ခုတွင် မြေဈေးကစားမှုများ ဖြစ်ပေါ်နေသော လုပ်ငန်းလုပ်ကိုင်ခြင်း မရှိသေးသည့် စက်မှုမြေကွက်လွတ် ၂၃၃၉ ကွက်နှင့် ဂိုဒေါင် ၁၂၉၉ လုံးရှိနေပြီး အဆိုပါမြေကွက်များအား ပိုင်ဆိုင်ထားသူများအနေဖြင့် လုပ်ငန်းဆောင်ရွက်မည့်အစီအစဉ်၊ ဘဏ္ဍာငွေကြေးရင်းနှီးမြှုပ်နှံမှု အချက်အလက်များကို ဒီဇင်ဘာ ၁ ရက် နောက်ဆုံးထား၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ ဆက်သွယ်တင်ပြရန် ညွှန်ကြားထားပြီး ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် နောက်ဆုံးထား အကောင်အထည်ဖော်ခြင်း မရှိပါက မြေကွက်များကို နိုင်ငံတော်သို့ ပြန်အပ်ရမည်ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ကြေညာထားသည်။
Ref : EMG
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ