ဇွန်လရဲ့ မိုးက ရွာမစဲ တသည်းသည်းရယ်။ မိုးတွေ သည်းသည်းမည်းမည်း ရွာတော့ မီးဖိုချောင်၊ အိပ်ခန်း၊ ဧည့်ခန်းမှာ ကြမ်းခင်းတွေ အစိုပြန်၊ အောက်သက်သက် အနံ့အသက်တွေ တန်းစီဝင်လာတတ်လို့ အိမ်ရှင်မတို့ စိတ်ညစ်ရပြီလေ။ အိမ်တွင်းအနံ့အသက်ဆိုးရင် အိမ်သားတွေရဲ့ ကျန်းမာရေးကစ စိတ်ပိုင်းဆိုင်ရာကိုပါ ထိခိုက်စေတာကြောင့် ဒီကိစ္စက ပေါ့သေးသေးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် နည်းသိရင်တော့ လွယ်ပါတယ်။

မီးဖိုချောင် ၊ အိပ်ခန်းနဲ့ အိမ်ခန်းအတွင်းက အနံ့အသက်ဆိုးတွေကို အလွယ်တကူဖယ်ရှားပေးနိုင်မယ့် နည်းလမ်းကောင်းတွေဟာ အိမ်ထဲက အိမ်ရှင်မတို့ရဲ့ မီးဖိုချောင်ထဲမှာပဲ ရှိပါတယ်။ ဘာတွေလဲ ဆိုတာ သိရဖို့ ဒီဆောင်းပါးလေးကို အဆုံးထိ ဖတ်ကြည့်လိုက်ပါနော်။ 

(၁) မုန့်ဖုတ်ဆိုဒါ

မီးဖိုချောင်ရဲ့ ဂုရုကြီးတစ်ခု ဖြစ်တဲ့ မုန့်ဖုတ်ဆိုဒါဟာ ဒီနေရာမှာလည်း သူမပါရင် မပြီးပြန်ပါဘူး။  မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း(၄)ဇွန်းခန့်ကို ရေတလီတာနဲ့ ရောစပ်ပြီး ဖျန်းဆေးဘူးတဘူးထဲထည့်ပါ။ ပြီးရင်တော့ ကြောင်အိမ် ၊ ပန်းကန်စင်နဲ့ မီးဖိုချောင်တဝိုက်အပြင် အိမ်ခန်းတွင်းက အနံ့အသက်မကောင်းတဲ့ နေရာတွေပေါ် ပက်ဖျန်းပြီး အဝတ်စတခုနဲ့ သုတ်ကာ သန့်ရှင်းရေးပြုလုပ်ပေးမယ်ဆိုရင် အနံ့အသက်တွေပျောက်ပြီး လေထုကို သန့်ရှင်းစေပါတယ်။

(၂) သံပရာသီး

သံပုရာသီးဟာ အနံ့အသက်၊ အညှီအဟောက်တွေကို ကောင်းကောင်းနိုင်တယ်ဆိုတာ အိမ်ရှင်မတိုင်း သိကြပါတယ်။ သံပရာသီးဟာဆိုရင်တော့ သဘာဝအနံ့အသက် ပျောက်ဆေးတမျိုးလို့တောင် ပြောလို့ရပါတယ်။ အနံ့အသက်မကောင်း တဲ့နေရာတဝိုက်မှာ သံပရာသီးစိတ်ကလေးတွေ ချထားတာ၊ အလုံးလိုက်ချထားတာမျိုးတွေ လုပ်မယ်ဆိုရင် သံပုရာသီးက မကောင်းနဲ့ အနံ့ဆိုးတွေကို စုပ်ယူပေးနိုင်ပါတယ်။ 



(၃) ရှာလကာရည်

 ချေးချွတ်နိုင်စွမ်း အလွန်ကောင်းတဲ့ သဘာဝ သန့်ရှင်းရေး ဆေးရည်တစ်ခုဖြစ်တဲ့ ရှာလကာရည်ကိုလည်း လေထုညစ်ညမ်းမှုကို သန့်စင်စေဖို့ သုံးနိုင်ပါတယ်။ ရေအနည်းငယ် ရောစပ်ထားတဲ့ ရှာလကာရည်ကို အနံ့ဆိုးတွေရှိတဲ့ နေရာတွေမှာ ပက်ဖျန်းပြီး အဝတ်စတခုနဲ့ ပွတ်တိုက်သန့်ရှင်းရေးလုပ်ပေးနိုင်ပါတယ်။

(၄) ကြက်သွန်နီ

မြန်မာ့နည်း၊ မြန်မာ့ဟန်ထဲမှာတော့ ကြက်သွန်နီကို အကွင်းလေးတွေ ပါးပါးလှီးပြီး အခန်းထောင့်တွေမှာ ထားပေးမယ် ဆိုရင်လည်း အနံ့ဆိုးတွေကို စုပ်ယူပေးနိုင်တယ်တဲ့။ ဒါပေမယ့် ကြက်သွန်နီ အနံ့စွဲနေတတ်တာမို့ သတိပြုသင့်ပါတယ်။ 

(၅) ဗော်ကာ (Vodka)

ယမကာ တစ်ခုဖြစ်တဲ့ ဗော်ကာဟာ အိမ်တွင်းအနံ့အသက်ဆိုးတွေကို ဖယ်ရှားပေးနိုင်တဲ့ အယ်လ်ကိုဟော အမျိုးအစား တခုလည်း ဖြစ်ပါတယ်။ သူ့ကို ဘယ်လို သုံးမလဲဆိုရင် အနံ့အသက်ဆိုးတွေ ရှိတဲ့နေရာမှာ ဗော်ကာအနည်းငယ် ဖြန်းပြီး အဝတ်စနဲ့ ပွတ်တိုက်သန့်စင်ပေးမယ်ဆိုရင် အနံ့ဆိုးတွေ ကင်းပျောက်စေတယ်လို့ မှတ်သားရပါတယ်။ 

ကဲ.....အိမ်တွင်း အနံ့ဆိုးတွေကို ဖယ်ရှားပစ်ဖို့ ဆေးနည်းတွေ သိပြီဆိုတော့ အိမ်ခန်းလေးကို ပိုပြီး သန့်ရှင်းအောင် ပြင်ဆင်ကြစို့နော်။
စာဖတ်သူ မိတ်ဆွေများအားလုံး သန့်ရှင်းအေးမြတဲ့ အိမ်ကောင်းရာကောင်းများ ပိုင်ဆိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Written By : Lily ( ShweProperty.com )