By myanmar property, Shweproperty.com
Updated at 12 June 2013
လက်ရှိတွင် ရန်ကုန်မြို့တော်အတွင်း၌ နိုင်ငံတကာအဆင့်မီသော အဆင့်မြင့်ရုံးခန်းများ နည်းပါးလျက်ရှိသောကြောင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ရုံးခန်းများဖွင့်လှစ်ရန်အတွက် ဟိုတယ်နှင့် လူနေအိမ်များကိုသာ အားထား၍ ဖွင့်လှစ်နေရကြောင်း ပြည်တွင်း ၊ပြည်ပစီးပွားရေးလုပ်ငန်းရှင်များထံမှ သိရသည်။
ရန်ကုန်မြို့တော်အတွင်း အဆောက်အအုံများ တည်ဆောက်ရာ၌ နိုင်ငံခြားသားဧည့်သည်များ ဝင်ရောက်မှုများသောကြောင့် ဟိုတယ်များကိုသာ အဓိကထား တည်ဆောက်နေကြပြီး စီးပွားရေးလုပ်ကိုင်ရန် ရုံးခန်းဖွင့်လှစ်နိုင်သည့် Office Tower ကဲ့သို့သော အဆောက်အအုံများ နည်းပါးလျက်ရှိသေးကြောင်း သိရသည်။
“စီးပွားရေးရုံးခန်း ဖွင့်နိုင်တဲ့ အဆောက်အအုံတွေ နည်းနေသေးတယ်၊ ဒါကြောင့် ဟိုတယ်တွေ၊ လူနေအိမ်တွေမှာ ဌားပြီးဖွင့်နေရတယ်၊ Business Office လိုအပ်ချက်က များနေတယ်၊ Office Tower တွေများများ ဆောက်ရင်တော့ အဆင်ပြေတာပေါ့”ဟု ‘မြန်မာနိုင်ငံကုန်သည် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်’မှ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
ပြည်တွင်း၌ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရန်အတွက် ရုံးခန်းများ ဖွင့်လှစ်ရာတွင် ဟိုတယ်များ၊ လူနေအိမ်များနှင့် လုံးချင်းအိမ်များကိုသာဌားရမ်း ဖွင့်လှစ်နေရပြီး ဌားရမ်းခနှုန်းထားများ ကြီးမြင့်လျက်ရှိသောကြောင့် စီးပွားရေးရုံးခန်းဖွင့်လှစ်နိုင်သည့် တာဝါများမှာ ပိုမိုလိုအပ်လာကြောင်း သိရသည်။
ရန်ကုန်မြို့တွင်း အချက်အချာကျသော နေရာများ၌ ရုံးခန်းများဌားရမ်းဖွင့်လှစ်မည်ဆိုပါက အရှေ့ အကျယ် ၁၂ ပေ၊ အနောက်အကျယ် ပေ ၅၀ တစ်ခန်းအား တစ်လဌားရမ်းခ ငွေကျပ် ခြောက်သိန်း မှ ၁၀ သိန်းဝန်းကျင်နှင့် အရှေ့အကျယ် ၁၅ ပေ၊ အနောက်အကျယ် ပေ ၅၀ တစ်ခန်းလျှင် ကျပ် ၁၀ သိန်းမှ သိန်းနှစ်ဆယ်အထိ ပေါက်ဈေးရှိကြောင်း သိရသည်။
ပြည်တွင်းရှိ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအနေဖြင့် Office Tower ကဲ့သို့ ရုံးခန်းဖွင့်လှစ်နိုင်သည့် အဆောက်အအုံများကို တိုးချဲ့တည်ဆောက်ပါက စီးပွားရေးလုပ်ငန်းဆက်သွယ်မှုများမှာ ပိုမိုတိုးတက်လာနိုင်ကြောင်း ပြည်တွင်း၊ ပြည်ပ စီးပွားရေးလုပ်ငန်းရှင်များက သုံးသပ်ပြောကြားသည်။
Ref : Myanmar Property
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ