By Myanmar Times, Shweproperty.com
Updated at 8 September 2015
ဈေးကွက်အတွင်း ဖြန့်ချိလျက်ရှိသော အချို့ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း များသည် ဖော်ပြထားသောအရည်အသွေး ပြည့်မီခြင်းမရှိသောကြောင့် ဆောက်လုပ် ရေးလုပ်ငန်းရှင်များသည် ကိုယ်တိုင် အရည်အသွေးစစ်ဆေးပြီးမှသာ အသုံးပြု သင့်ကြောင်း အထပ်မြင့်အဆောက်အအုံတည်ဆောက်ရေးစီမံကိန်းများ ကြီးကြပ်စစ်ဆေးရေးပညာရှင်အဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်တင့်က ပြောသည်။
"ဈေးကွက်ထဲမှာ တွေ့နေရတဲ့ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းအချို့ က ပစ္စည်းမှာ အသားတံဆိပ်ပြထားတဲ့ အရည်အသွေးနဲ့ တကယ့်အရည်အသွေးနဲ့ က မတူညီတာကို တွေ့ရတယ်။ အများအားဖြင့် ဆောက်လုပ်ရေးသုံးပစ္စည်းတွေထဲမှာ အရေးပါတဲ့ပစ္စည်းတစ်ခုဖြစ်တဲ့ သံချောင်းတွေမှာ သံကို ခြောက်မူးလို့ အသားတံဆိပ်ကပ်ထားပေမယ့် တကယ် တမ်းငါးမူးပဲရှိတဲ့ သံချောင်းတွေလည်း ဈေးကွက်ထဲမှာ တွေ့ခဲ့ဖူးတယ်"ဟု MKTဆောက်လုပ်ရေးလုပ်ငန်းမှ အမှုဆောင်အရာရှိချုပ် ဦးမျိုးမြင့်က ပြောသည်။
အဆောက်အအုံသက်တမ်း ကြာရှည် စွာ အသုံးပြုနိုင်ရန် ဆောက်လုပ်ရေးလုပ်ငန်းများတွင် အရည်အသွေးပြည့်မီ သော ပစ္စည်းများကိုသာ အသုံးပြုရန် အရေးကြီးသောကြောင့် ဈေးကွက် တွင်းရှိ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများကို အရည်အသွေးစိစစ်ပြီးမှအသုံးပြုသင့်ကြောင်း ဆောက်လုပ်ရေး လုပ်ငန်းရှင်အများစုက ပြောသည်။ "အသုံးပြုမယ့် ဆောက်လုပ်ရေးလုပ်ငန်း သုံးပစ္စည်းတွေကို စိစစ်ပေးတဲ့အဖွဲ့အစည်း တွေ ရှိနေပါတယ်။ သူတို့ဆီမှာ အရည် အသွေးတွေကို သွားစစ်ပြီးမှ ဝယ်သင့်ပါ တယ်။ ကျွန်တော်တို့ ဆောက်လုပ်ရေး လုပ်ငန်းအတွက် အသုံးပြုမယ့် ဆောက်လုပ် ရေးလုပ်ငန်းသုံးပစ္စည်းတွေကို အင်းစိန်ကြို့ကုန်းမှာရှိတဲ့ အိုင်အက်စ်အိုစစ်ရတဲ့နေရာမှာ သွားစစ်ဆေးပြီး အရည် အသွေးစိတ်ချရမှ ဝယ်ပါတယ်။ ကိုယ်တိုင်အရည်အသွေးစစ်လိုက်တော့ ပိုစိတ်ချရတာပေါ့" ဟု အာရှဆောက်လုပ်ရေးလုပ်ငန်းမှ အုပ်ချုပ်မှုဒါရိုက်တာ ဦးရန်အောင်က ပြောသည်။
ဆောက်လုပ်ရေးလုပ်ငန်းရှင်များ သည် အသုံးပြုမည့်ပစ္စည်းများကို အရည် အသွေးစစ်ဆေးမှုပြုလုပ်ခြင်းများတွင် အားနည်းနေကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များက ပြောသည်။ "အသေးစားဆောက်လုပ်ရေးလုပ်ငန်းရှင်တွေအနေနဲ့ အသုံးပြုမယ့်ပစ္စည်းတွေကို အရည်အသွေးပြန်စစ်တာတွေ နည်းနေသေးတယ်။ တချို့ကန်ထရိုက်တာတွေက အရည်အသွေးကို အဓိကမထားဘဲ ဈေးနှုန်းကို တန်ဖိုးထားရွေးချယ်တာတွေ လည်း တွေ့နေရတယ်"ဟု ၎င်းက ပြောသည်။
အသုံးပြုမည့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများကို စစ်ဆေးနိုင်သော အဖွဲ့အစည်းများစွာရှိနေပြီး ဆောက်လုပ် ရေးလုပ်ငန်းရှင်များ ကိုယ်တိုင် အရည် အသွေးစိစစ်ပြီးမှသာ မိမိ၏လုပ်ငန်းတွင် အသုံးပြုသင့်ကြောင်း မြန်မာအင်ဂျင်နီယာကောင်စီ၊ မှတ်ပုံတင်ထုတ်ပေးရေးဌာနမှ ဥက္ကဋ္ဌလည်းဖြစ်သူ ဦးခင်မောင်တင့်က ပြောသည်။ "ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းအားလုံးရဲ့ အရည် အသွေးကို စစ်ပေးနေတဲ့ ပုဂ္ဂလိကအဖွဲ့အစည်းတွေ အများကြီးရှိပါတယ်။ ရန်ကုန်မှာ ရှစ်ဖွဲ့ လောက်ရှိပါတယ်။ အဲဒီအဖွဲ့အစည်းတွေမှာ သွားပြီး ကိုယ်သုံးမယ့်ပစ္စည်းတွေရဲ့ အရည် အသွေးကို စစ်ဆေးသင့်ပါတယ်။ လက်ရှိမှာ ကျွန်တော်တို့ဌာနက အထပ် ၁၂ ထပ်ထက်မြင့်တဲ့ အဆောက်အအုံတွေကို စစ်ဆေးဖို့ တာဝန်ယူထားတော့ အဲဒီအဆောက်အအုံတွေမှာ အသုံးပြုတဲ့ပစ္စည်းတွေရော သူတို့ရဲ့အရည်အသွေးတွေကိုရော တာဝန်ယူစစ်ဆေးပေးနေပါတယ်။ ၁၂ ထပ်အထိ အဆောက်အအုံတွေကို စည်ပင်က တာဝန် ယူ စစ်ဆေးပေးနေပါတယ်"ဟု ၎င်းက ပြောသည်။
အသေးစားပြင်ဆင်မှုများအတွက် အသုံး ပြုရန်သင့်တော်သော ဈေးနှုန်းသက်သာ၍ အရည်အသွေးနိမ့်သော ဆောက်လုပ်ရေးပစ္စည်းများကိုလည်း ဈေးကွက်ထဲတွင် အလွယ်တကူ ဝယ်ယူနိုင်ပြီး ဝယ်လိုအားကောင်းမွန်ကြောင်း ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းရောင်းချသူများက ပြောသည်။ "တချို့ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေက အရည်အသွေးကို အဓိကထားပြီး ဝယ်ယူကြပေမယ့် တချို့ကတော့ ဈေးနှုန်း ကို အဓိကထားကြတယ်။ သံချောင်းတွေမှာ အသားတံ ဆိပ်ကပ်တာတာထက် အရည် အသွေးနိမ့်ပြီးထုတ်လုပ်ဖို့ တချို့ဆောက်လုပ်ရေး လုပ်ငန်းရောင်းသူတွေဆီ မှာကြတာ မျိုးတွေလည်း ရှိတယ်။ တချို့ဆိုင်ရှင်တွေ ကလည်း သူတို့တောင် မသိလိုက်ရဘဲ အဲဒီလို အရည်အသွေးမမီတဲ့ပစ္စည်းတွေကို အသေအချာမသိဘဲ ဝယ်လိုက်မိတာမျိုး တွေလည်း ရှိတယ်"ဟု စော်ဘွားကြီးကုန်းရှိ မေတ္တာမွန် ဆောက်လုပ်ရေးသုံး ပစ္စည်းအရောင်းဆိုင်တာဝန်ခံ ဦးအောင်မြင့်က ပြောသည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်း တောင်မြောက်လမ်းဆုံတွင် တည်ရှိသော ပြည်ကျော်အိမ်ဆောက်ပစ္စည်း ရောင်းဝယ် ရေးလုပ်ငန်းမှ တာဝန်ခံ ဒေါ်ဇင်မာလွင်က "ဈေးကွက်မှာရောင်းနေတဲ့ ဆောက်လုပ်ရေးလုပ်ငန်းပစ္စည်းတွေကို အရည်အသွေးလာစစ် တာမျိုးတွေတော့ တစ်ခါမှ မရှိပါဘူး။ အရည်အသွေး စိတ်ချရတဲ့ နာမည်ကြီး တံဆိပ်တွေရှိသလို အရည်အသွေးပြည့်၊ မပြည့် မသိနိုင်တဲ့ ဈေးနှုန်းချိုသာတဲ့ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းတွေ လည်းရှိပါတယ်။ လက်ရှိသုံးနေတဲ့ ပစ္စည်းတွေရဲ့အရည်အသွေးကို သုံးနေရင်းနဲ့ လည်း သိနိုင်တဲ့ အတွက် ဆောက်လုပ်တဲ့အဆောက်အအုံနဲ့ သင့်တော်တဲ့ပစ္စည်းကို မှန်မှန်ကန်ကန်ရွေးချယ်သုံးဖို့ လိုအပ်ပါတယ်"ဟု ပြောသည်။
Ref : Myanmar Times
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ