By Myanmar Times, Shweproperty.com
Updated at 28 December 2015
ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ တင်သွင်း ရောင်းချသူများသည် ဈေးနှုန်းမြင့်မားစွာဖြင့် ပြည်တွင်း၌ ပြန်လည်ရောင်းချနေသည့်အပြင် ပစ္စည်းအရည်အသွေးနှင့်ပတ်သက်ပြီး စိတ်ချယုံကြည်ရမှုနည်းပါးသဖြင့်ဆောက်လုပ် ရေးလုပ်ငန်းကုမ္ပဏီကြီးများသည် လိုအပ်သည့် လုပ်ငန်းသုံးပစ္စည်းများကိုပြည်ပက တိုက်ရိုက်မှာယူတင်သွင်းဆောက်လုပ်မှု ပိုမိုများပြား လာကြောင်း မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းက ပြောကြားသည်။
"နိုင်ငံခြားမှာ ဆောက်လုပ်ရေးပစ္စည်း ဈေးတွေ ကျနေပေမယ့် ဒီမှာက ဈေးမကျဘူးဖြစ်နေတယ်။ စင်ကာပူမှာ သံချောင်း၊ ဘိလပ် မြေဝယ်ရင် ကျွန်တော်တို့ ရန်ကုန်မှာ ဝယ် တာထက် အများကြီး သက်သာနေတယ်။ နောက်တစ်ခုက ဒီမှာသံချောင်းဝယ်ရင် ၁၀ ရာခိုင်နှုန်းလောက်အထိ အလေးချိန်တွေ၊ ဆိုက်တွေခိုးထားသေးတဲ့အပြင် ၂၀ ရာခိုင်နှုန်း လောက်အထိ ဈေးပိုတင် ထားတယ်။ ဒါတွေနဲ့ဆောက်ရတော့ စရိတ်တွေက မလိုအပ်ဘဲ မြင့်နေတယ်။ ပြည်တွင်းဈေး ကွက်က သေး တဲ့အချိန်မှာ အရောင်းဆိုင်တွေဘက်က ပစ္စည်းတစ်ခုဆိုတစ်ခုအပေါ်မှာ အမြတ်က အများကြီးယူထားကြတယ်။ တချို့ပစ္စည်းတွေဆို အမြတ် ၁၀၀ ရာခိုင်နှုန်း၊ ၂၀၀ ရာခိုင် နှုန်းထိ ဈေးတင်ရောင်းကြတယ်" ဟု မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးကိုကိုထွေးက မြန်မာတိုင်း(မ်)ကို ပြောသည်။
ပြည်တွင်းဈေးကွက်တွင် ရောင်းချနေသည့် ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများကို အိမ်နီးချင်း နိုင်ငံများဖြစ်သည့် တရုတ်၊ ထိုင်းနှင့် အင်ဒိုနီးရှားနိုင်ငံတို့မှတစ်ဆင့် ကုမ္ပဏီများက တစ်ဦးချင်းနှင့် ကုမ္ပဏီအလိုက် သွင်းကုန်လိုင်စင်လျှောက် ထားကာ တင်သွင်းရောင်း ချနေခြင်းဖြစ်ပြီး ဈေးကွက်အတွင်း၌ တရုတ်နိုင်ငံထုတ် ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းများ ဈေးနှုန်းချိုသာသည့်အတွက် တင်သွင်း ရောင်းချမှုများပြားကြောင်း ဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်နေသည့် ကုမ္ပဏီများနှင့် ကန်ထရိုက်တာ များက ပြောသည်။ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း များကို ပြည်တွင်း၌ရောင်းချရာတွင် အချို့ သော အရောင်းဆိုင်များ၌ ဈေးနှုန်းချိုသာ သည့် တရုတ်နိုင်ငံထုတ်ပစ္စည်းများနှင့် ထိုင်းနိုင်ငံထုတ်ပစ္စည်းများကို ရောနှောရောင်းချခြင်း၊ သံချောင်းအရွယ်အစားနှင့် အလေးချိန် ကို လျှော့ချရောင်းချလာသည့်အတွက် ဈေးနှုန်းမြင့်မားစွာဖြင့် ဝယ်ယူရ သည့်တိုင် ပစ္စည်း၏ အရည်အသွေးပိုင်းဆိုင်ရာ အားနည်းချက်များ ရှိလာသည့်အတွက် ပြည်တွင်းဆောက်လုပ်ရေးကုမ္ပဏီများက ပြည်ပနိုင်ငံများသို့ ကိုယ်တိုင်တိုက်ရိုက် သွားရောက်ပြီး ဝယ်ယူတင်သွင်းဆောက်လုပ် လာကြခြင်းဖြစ်ကြောင်း အာရှဆောက်လုပ် ရေးက အထွေထွေ မန်နေဂျာ ဦးရန်အောင်ကလည်း ပြောသည်။
"၁၆ မီလီမီတာ ဆိုက်သံချောင်းမှာရင် ၁၄ မီလီမီတာဆိုက်သံချောင်းတွေနဲ့ ရောထည့်တာရှိတယ်၊ vernier caliper နဲ့တောင် တော်တော်တိုင်းကြည့်မှ သိရတာ။ ဒါ့ပြင် တရုတ်ပစ္စည်းတွေကို ထိုင်းတို့၊ အင်ဒိုနီးရှား တို့က ပစ္စည်းတွေလိုမျိုးရောပြီး ဈေးမြင့်မြင့် နဲ့ ရောင်းတယ်။ အခုဆိုရင် ဆောက်လုပ်ရေးကုမ္ပဏီတွေ တော်တော်များများကတော့ ပြည်ပကနေ တိုက်ရိုက် သွားဝယ်လာပြီးမှ ဆောက်ကြတော့တယ်။ ကျွန်တော်တို့ဆို ထိုင်းမှာ တိုက်ရိုက်ပစ္စည်း ဝယ်ပြီးဆောက်တော့ ပစ္စည်းအရည်အသွေးကောင်းကောင်း ရတယ်။ သယ်ယူပို့ဆောင်ရေး စရိတ်ပါ ပေါင်းထည့်ရင် ဈေးကသက်သာနေသေးတယ်။ နည်းနည်းပါးပါးပစ္စည်းလောက်ပဲ ဒီမှာဝယ်တော့တယ်"ဟု ၎င်းကပြောသည်။
ကုမ္ပဏီကြီးများသာမက အလယ်အလတ် အဆင့်ရှိသည့် ကုမ္ပဏီများပါ လုပ်ငန်းသုံး ပစ္စည်းများကို အိမ်နီးချင်းထိုင်းနိုင်ငံက တိုက်ရိုက်တင်သွင်းဆောက်လုပ်လာကြပြီး လိုအပ်သည့် ပစ္စည်းအနည်းငယ်သာ ပြည်တွင်း ၌ ဖွင့်လှစ်ထားသည့် အရောင်းဆိုင်များက ဝယ်ယူလာကြသည်။ ဆောက်လုပ်ရေးသုံးပစ္စည်းများကို ဝယ်ယူတင်သွင်းရာတွင် ပမာဏကြီးမားစွာဖြင့် တင်သွင်းရသည့်အတွက် ရင်းနှီးမြှုပ်နှံ မှု ပမာဏကြီးမားသည့်ပြင် လုပ်ငန်း သဘောသဘာဝအရ ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းအချို့ ဝယ်ယူသယ်ဆောင် သိုလှောင်ရာတွင် ပျက်စီးဆုံးရှုံးနိုင်သည့် အလေအလွင့်များကိုပါ ကာမိစေရန်အတွက် ရောင်းချသူများက ဈေးနှုန်းများကို တိုးမြှင့်ရောင်းချခြင်းဖြစ်နိုင်သည်ဟု မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များ အသင်းမှ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးကျော်ကျော်စိုးက ပြောသည်။ သို့သော် တရုတ်နယ်စပ်က အလုံးအရင်းဖြင့် တင်သွင်း လာသည့် ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများ၏ အရည်အသွေးနှင့် ပတ်သက်ပြီး ပြည်တွင်း၌လည်း မေးခွန်း ထုတ်စရာဖြစ်လာသည့်အတွက် ကုမ္ပဏီများက ပြည်ပက တိုက်ရိုက်မှာယူတင်သွင်းဆောက်လုပ်လာကြကြောင်းလည်း ၎င်းကပြောသည်။
"ကျွန်တော်တို့ ကိုယ့်ဘာသာလုပ်ငန်းသုံး ပစ္စည်းသွင်းတာ ပစ္စည်းဖိုး၊ အခွန်၊ သယ်ပို့ခ အပြီးအစီး စုစုပေါင်းရင်တောင် ပြည်တွင်း ကရောင်းနေတဲ့ဈေးတွေထက် သက်သာတဲ့ အပြင် ပစ္စည်းကလည်း အမည်စုံတယ်၊ မဲဆောက်မှာ ပစ္စည်းဝယ်ပြီး မြဝတီက အေးဂျင့် ကိုအပ်မယ်၊ အေးဂျင့်ကအခွန်တွေ ဘာတွေအားလုံးလုပ်ပြီး ပစ္စည်းရန်ကုန် ရောက်လာ တာတောင် ဒီမှာ အရောင်းပြခန်းတွေက ရောင်းတဲ့ဈေးထက် သက်သာနေသေးတယ်။ ပစ္စည်းအားလုံးတော့မဟုတ်ပါဘူး၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းသီးသန့်သွင်းတဲ့ အသင်းတွေ မရှိတဲ့အတွက် အရည်အသွေးကတော့ ကြည့်ရတာပေါ့"ဟု ၎င်းကပြောသည်။
ကြွေပြားများ၊ မီးဆိုင်းများ၊ တန်ဖိုးကြီး ဆောက်လုပ်ရေးပစ္စည်းများအပြင် အိမ်တွင်း အလှဆင်ပစ္စည်းများကို အများဆုံးတိုက်ရိုက် ဝယ်ယူတင်သွင်းကြခြင်းဖြစ်ပြီး သံချောင်း၊ ဘိလပ်မြေ အစရှိသည့် အကြမ်းထည်သုံး ပစ္စည်းများကိုမူ ကုမ္ပဏီကြီးအချို့ကလွဲ၍ ကုမ္ပဏီငယ်များမှာ ပြည်တွင်း၌ပင် ဝယ်ယူ သုံးစွဲနေရဆဲဖြစ်သည်။ အမေရိကန်ဒေါ်လာနှင့် မြန်မာကျပ်ငွေ လဲလှယ်နှုန်းများ မြင့်တက်နေသည့် ယနေ့ အချိန်တွင်ပင် ပြည်တွင်း၌ ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများကို ရောင်းချသည့် ဈေးနှုန်းများမှာ ပြည်ပနိုင်ငံများ (အထူး သဖြင့် ) အိမ်နီးချင်းထိုင်းနိုင်ငံတွင် ရောင်းချ နေသည့် ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းဈေးနှုန်းများနှင့်ယှဉ်လျှင် များပြား နေဆဲ ဖြစ်သည့်အပြင် အချို့သော ဆောက်လုပ်ရေး ပစ္စည်းများမှာ အတုအစစ်ခွဲခြား ရန် ခက်ခဲလာသည့်အတွက် ကုမ္ပဏီများ က ပြည်ပက တိုက်ရိုက်ဝယ်ယူဆောက်လုပ် လာခြင်း ဖြစ်သလို ပြည်တွင်း၌ ဝယ်ယူရန် ခက်ခဲသည့် ပစ္စည်းများကိုလည်း ဝယ်ယူရရှိ နိုင်သည့်အတွက် ပြည်ပက တိုက်ရိုက်တင်သွင်း ဝယ်ယူကြခြင်းဖြစ်နိုင်ကြောင်း ဆောက်လုပ် ရေး ပစ္စည်းများကို ရောင်းချနေသည့် စိန်ပြည့်လျှံ ဆောက်လုပ်ရေး ပစ္စည်းအရောင်းဆိုင် ပိုင်ရှင် ဦးမြင့်အောင်ကလည်းပြောသည်။ "နယ်စပ်ကဝင်လာတဲ့ တရုတ်ပစ္စည်းတွေမှာ ခပ်တည်တည်နဲ့ ထိုင်းတံဆိပ်ကပ်ပြီး ဝင်လာ တာတွေရှိတဲ့အပြင် သံချောင်းဆိုရင်လည်း ယူကရိန်းလား၊ တရုတ်လားဆိုတာ ဆိုင်သမားတွေ ကလွဲပြီး တော်ရုံတန်ရုံ လူခွဲဖို့ခက်တယ်။ ပြည်ပကတိုက်ရိုက်မှာကြတာ ကလည်း ကုမ္ပဏီကြီးတွေက ပစ္စည်းများများ မှာရင်တော့ အဆင်ပြေပေမယ့် တစ်ခုချင်းဆို ရင်တော့ ဈေးက သိပ်မကွာပါဘူး။ ဈေးမြင့်နေ တယ်ဆိုတာကလည်း အလုပ်သမားခ၊ အခွန် အခ၊ ရင်းထားရတဲ့စရိတ်တွေ အများကြီး ရှိနေလို့ပါ။ တန်ဖိုးကြီးအိမ်အသုံးအဆောင် ပစ္စည်းတွေ၊ ကြွေပြားတွေ၊ အလှဆင် ပစ္စည်း တွေဆို ဒီမှာက ဒီဇိုင်းစုံမရနိုင်တာလည်း ပါနိုင်တယ်"ဟု ၎င်းကပြောသည်။
Ref : Myanmar Times
Photo Credit : Myanmar Times
Posted By : Moe Thae'
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ