By Myanmar Times, Shweproperty.com
Updated at 2 September 2015
အထပ်မြင့်အဆောက်အအုံများ စိစစ်ထိန်းသိမ်း ရေး ကော်မတီက ရန်ကုန်မြို့အတွင်း ၂၀၁၂ ခုနှစ်မှစတင်၍ ပြည်တွင်းပြည်ပ ဆောက်လုပ်ရေး ကုမ္ပဏီများ ဆောက်လုပ်ခဲ့သည့် အထပ်မြင့် အဆောက်အအုံများကို စစ်ဆေးရာတွင် လုပ်ငန်းကျွမ်းကျင်မှု နည်းပါးခြင်းနှင့် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး အပိုင်းတို့တွင် အားနည်းချက် အများအပြား တွေ့နေရခြင်းကြောင့် ပြန်လည်ပြင်ဆင်ပြီးမှသာ ဆက်လက်လုပ်ကိုင်ရန် ညွှန်ကြားခဲ့ကြောင်း အဆိုပါကော်မတီ ဥက္ကဋ္ဌက ပြောသည်။
"ရန်ကုန်မှာရှိတဲ့ ၁၂ ထပ်နဲ့ အထက် အဆောက်အအုံတွေအားလုံးက ကျွန်တော်တို့ အောက်မှာရှိပါတယ်။ လုပ်ငန်းတိုင်းကို လည်း အကုန်စစ်ပါတယ်။ အများဆုံးတွေရတဲ ပြသနာတွေကတော့ လုပ်ငန်းခွင် မကျွမ်း ကျင်တာနဲ့ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး လိုအပ်ချက်တွေဖြစ်ပါတယ်။ စံချိန်စံညွှန်းမမီတာတွေလည်း ရှိပါတယ်။ ကျွန်တော်တို့ တွေ့ရှိချက်တွေကို ဓာတ်ပုံအထောက်အထား တွေ၊ မှတ်တမ်းမှတ်ရာတွေနဲ့ စည်ပင်ကို ပြန်ပို့ ပါတယ်" ဟု အထပ်မြင့် အဆောက်အအုံများ စိစစ်ထိန်းသိမ်းရေးကော်မတီ ဥက္ကဌ ဦးခင်မောင်တင့်က ပြောသည်။ ဆောက်လုပ်ရေးဝန်ကြီးဌာန အောက်ရှိ အထပ်မြင့် အဆောက်အအုံများ စိစစ် ထိန်းသိမ်းရေးကော်မတီ (Committee for Quality Control of High-Rise Building Construction Project) ကို ၂၀၀၃ ခုနှစ်တွင် ဖွဲ့စည်းထားခဲ့ခြင်းဖြစ်ပြီး အင်ဂျင်နီယာများ၊ ပညာရှင်များ ပါဝင်ဖွဲ့စည်းထားသည့် အဖွဲ့ ဖြစ်သည်။
၁၂ ထပ်နှင့်အထက် အဆောက်အအုံ များ၏ တည်ဆောက်မှုပုံသဏ္ဌာန်များ ဒီဇိုင်း စိစစ်သည့် ကိစ္စရပ်များအပြင် ယင်းအထပ်မြင့် အဆောက်အအုံများကို တည်ဆောက်နေစဉ်အတွင်း သွားရောက်စစ်ဆေးခြင်းကို ကော်မတီ က စိစစ်လုပ်ဆောင်ပေးပြီး ၁၂ ထပ်နှင့် ၁၂ ထပ်အောက်တိုက်များကိုသာ ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီက စိစစ် ခွင့်ပြုပေးနေခြင်း ဖြစ်သည်။
လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး အတွက် ကုမ္ပဏီများနှင့် သက်ဆိုင်ရာ ဌာနများက ကြိုးစားဆောင်ရွက်နေသော်လည်း ခေတ်စနစ်နှင့်ကိုက်ညီသည့် လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး ဥပဒေကြမ်းကို အမြန်ဆုံး အတည်ပြုရန် လိုအပ်သကဲ့သို့ ဆောက်လုပ်ရေးလုပ်ငန်းခွင်များအတွင်း ကျွမ်းကျင်လုပ်သားရှားပါးသည့်ပြဿနာများအတွက်လည်း လုပ်ငန်းခွင် လေ့ကျင့်ရေးသင်တန်းကျောင်းများ ထူထောင် မွေးထုတ်ပေးရန် လိုအပ်ကြောင်း ဆောက် လုပ်ရေးလုပ်ငန်း လုပ်ကိုင်သူများက ပြော သည်။ "ကုမ္ပဏီကြီးတချို့ရယ်၊ ဆောက်လုပ်ရေး လုပ်ငန်းကြီးတွေနဲ့ နိုင်ငံခြားက ဆောက်လုပ် ရေး လုပ်ငန်းကြီးတွေလောက်ပဲ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးအတွက်ကို ကောင်းကောင်းလုပ်နိုင်သေးတယ်။ ကျန်တဲ့ အပြင်ကန်ထရိုက်တာတွေ၊ ကုမ္ပဏီငယ်လေး တွေကတော့ လုပ်နိုင်ဖို့ မလွယ်လောက် ဘူး။ ကုန်ကျစရိတ်လည်းကြီးတော့ အဆင်ပြေ သလို လုပ်ကြတာတွေရှိတယ်" ဟု အာရှ ဆောက်လုပ်ရေး အထွေထွေမန်နေဂျာ ဦးရန်အောင်က မြန်မာတိုင်း(မ်)ကို ပြောသည်။ သို့သော် အချို့သောလုပ်ငန်းခွင်များတွင် မူ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် လိုအပ်သည့်ပစ္စည်းများ ၏ဈေးနှုန်း ကြီးမြင့်မှု၊ လုပ်သားတစ်ဦးချင်းစီတွင် လိုအပ်သည့် ဘေးအန္တရာယ် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ အတွက် အသုံးရမည့် ပစ္စည်းများမှာ ကုန်ကျ စရိတ်များပြားသည့်အတွက် အကုန် အကျခံ ကာ အသုံးပြုသည့် လုပ်ငန်းရှင်များရှိသကဲ့သို့ အကုန်အကျမခံနိုင်သည့် လုပ်ငန်းရှင် များလည်း အမြောက်အမြားရှိနေဆဲ ဖြစ်သည်။
အထပ်မြင့် အဆောက်အအုံများတွင် ပါဝင်တည်ဆောက်နေသည့် အလုပ်သမား များ၏ လုပ်ငန်းခွင်လုံခြုံစိတ်ချရေးအတွက် ကုမ္ပဏီများက နိုင်ငံတကာအဆင့်မီ လုံခြုံရေးစံနှုန်းများ ဖြင့် လုပ်ဆောင်နိုင်ရန် ကြိုးစားကြ သော်လည်း ယခုနှစ်၊ ဇွန်လတတိယပတ်အတွင်း မင်္ဂလာ မန္တလေးစီမံကိန်း ငြမ်းပြိုကျမှု ဖြစ်ပွားခဲ့ပြီး လုပ်သားများ ထိခိုက်ဒဏ်ရာရမှု အများအပြားဖြစ်ပေါ်ခဲ့ သည့်အပြင် သေဆုံးမှုများပါ ဖြစ်ပေါ်ခဲ့သဖြင့်လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ပြည်သူများအကြားတွင် မေးခွန်း ထုတ်စရာများ ဖြစ်ပေါ်လာခဲ့ရသည်။ "ကုမ္ပဏီကြီးတွေ အထပ်မြင့်ဆောက်ရင် တတ်သိနားလည်တဲ့ အင်ဂျင်နီယာ ပါကိုပါမှ ဖြစ်မှာ။ ဒါမှ သူက တာဝန်ယူပေးနိုင်မယ်။ စံချိန်စံညွှန်း၊ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် အဆင့်ဆင့် တာဝန်ယူရမယ်။ အခုကတော့ ပြဿနာဖြစ်မှ ဆင်းစစ်နိုင်တဲ့ အခြေ အနေပဲရှိပြီး ပေါ်လာမှပဲ ထောက်ပြနိုင်တယ်။ ကျန်တာတွေလည်း စနစ်တကျဖြစ်အောင် ဆက်ပြီးလုပ်နေပါတယ်" ဟု မြန်မာ နိုင်ငံ အင်ဂျင်နီယာကောင်စီ အထွေထွေအတွင်းရေးမှူး ဒေါ်စီစီသန်းက ပြောသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (အဆောက်အအုံ) ၏ ထုတ်ပြန်ကြေညာချက်များအရ ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ မှ မေလ အထိ ၁၂ ထပ်နှင့်အထက် အဆောက်အအုံပေါင်း ၁,၆၀၀ ဆောက်လုပ်ရန် ခွင့်ပြုပေးခဲ့ပြီး ဖြစ်သည်။ "ကော်မတီက တင်ပြလာတဲ့အတိုင်း ကုမ္ပဏီတွေကို ကျွန်တော်တို့ ပြန်ပြီးညွှန်ကြား ပါတယ်။ မလုပ်ရင်တော့ အရေးယူမှုအပိုင်းကို လုပ်ပါတယ် " ဟု ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (အဆောက်အအုံ) တာဝန်ရှိသူတစ်ဦးက ပြောသည်။
Ref : Myanmar Times
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ