By Myanmar Times, Shweproperty.com
Updated at 3 February 2016
မြန်မာနိုင်ငံတွင် ကျင်းပလျှက်ရှိသော မကြာခင်ပြီးဆုံးတော့မည့် ပြည်ထောင်စုလွှတ်တော်က ဇန်နဝါရီလ ၂၂ ရက်နေ့တွင် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းခဲ့ရသည့် ကွန်ဒိုမီနီယံ ဥပဒေကို အတည်ပြုလိုက်ရာတွင် ပိုင်ဆိုင်မှု လုပ်ထုံးလုပ်နည်း အချို့ကို ရှင်းလင်းဖော်ပြခဲ့ပြီး ၆ ထပ်နှင့် အထက် အခန်းများ၏ ၄၀ ရာခိုင်နှုန်း အားနိုင်ငံခြားသားများကို ဝယ်ယူခွင့်ပြုခဲ့သည်။
ပြုပြင်ပြောင်းလဲရေးများ ပိုမိုဖြစ်ပေါ်လာသည့် အချိန်ကို နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများက စောင့်ဆိုင်း နေကြဆဲဖြစ်သည် ဟု အိမ်ခြံမြေလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်သူများက ကြိုတင်ခန့်မှန်း ထားသော်လည်း ၃ နှစ်ကြာ ရေးဆွဲခဲ့သည့် ဥပဒေသည် အေးစက်နေသော အိမ်ခြံမြေဈေးကွက်အတွက် ထွက်ပေါက်တခုဖြစ်လာမည်ဟု မျှော်လင့်နေကြသည်။
ဥပဒေအသစ်အရ နိုင်ငံခြားသားများ အနေဖြင့် ၆ ထပ်နှင့် အထက်ဖြစ်သော တိုက်ခန်းများကို ဝယ်ယူခွင့်ရှိမည်ဖြစ်သည်။ သို့သော်လည်း ပိုင်ဆိုင်မှုအပေါ် စီမံခန့်ခွင့်ပေးမထားပါ။ ဝယ်ယူသူများက ကွန်ဒိုတည်ဆောက်ထားသည့် မြေနေရာကို အချိုးကျ ပိုင်ဆိုင်ခွင့် ပြုထားခြင်းက အခန်းပိုင်ရှင်များထက် မြေပိုင်ဆိုင်သူကို ပိုမိုဦးစားပေးထားသည့် ယခင်ဥပဒေများ ထက်စာလျှင် တိုးတက်မှုတခု အဖြစ် ရှုမြင်နေကြသည်။
ဥပဒေသစ်က ကွန်ဒိုမီနီယမ်များအတွက် စံနှုန်းများ ချမှတ်ပေးထားပြီး၊ အထပ် အရေအတွက်၊ အခန်း အရေအတွက်၊ ကား ရပ်နားရန် နေရာ၊ အခြားပံ့ပိုးမှုများနှင့် လုံခြုံရေးဆိုင်ရာ လိုအပ်ချက်များကိုလည်း အသေးစိတ်ဖော်ပြထားသည်။ ကွန်ဒိုမီနီ ယံ များသည် ၆ ထပ် ထက်ပိုရှိရမည် ဖြစ်ပြီး အနည်းဆုံး စတုရန်းပေ ၂၀၀၀၀ ကျယ်ဝန်း ရန် သတ်မှတ်ထားပါသည်။
အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တဦးဖြစ်သည့် ဦးခိုင်မောင်ရည်က ဥပဒေကို လွှတ်တော် ၂ ရပ်လုံးက အတည်ပြုခဲ့ခြင်း ဖြစ်ပြီး သမ္မတ ဦးသိန်းစိန်က အတည်ပြုပေးပြီးလျှင် အသေးစိတ် အကြောင်း အရာများကို ထုတ်ပြန်ကြေညာလိမ့်မည်ဟု ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ပြောခဲ့သည်။
ဥပဒေအတည်ပြုအပြီးတွင် အရောင်းအဝယ် အနည်းငယ်မြင့်တက်လာမည်ဟု အိမ်ခြံမြေလုပ်ငန်းမှ ကျွမ်းကျင်သူများက မျှော်လင့်ကြသည်။ အထူးသဖြင့် ပြီးခဲ့သည့် နှစ်များအတွင်း ဆောက်လုပ်ရေးလုပ်ငန်းများ များပြားလာမှုကြောင့် ရောင်းလိုအားက ဝယ်လိုအားထက် ကျော်လွန်သွားခဲ့သည့် စီးပွားရေး မြို့တော် ရန်ကုန်တွင် ဖြစ်သည်။ ဈေးနှုန်းများ အဆမတန် မြင့်တက်လာမှုနှင့် နိုင်ငံရေး တည်ငြိမ်မှုအပေါ် စိုးရိမ်ခြင်းများကြောင့် ၂၀၁၄ ခုနှစ်မှ စ၍ အိမ်ခြံမြေဈေးကွက် နှေးကွေးသွားခဲ့ရပါသည်။
“ရောင်းဖို့ အသင့်ဖြစ်နေတဲ့ ကွန်ဒိုတွေ ရန်ကုန်မှာ အများကြီးရှိပါတယ်။ ဒါပေမယ့် ရင်းနှီးမြှုပ်နှံသူ အများအပြားက တိုင်း ပြည်ရဲ့ နိုင်ငံရေးနဲ့ ဥပဒေတည်ငြိမ်မှုကို စောင့်ကြည့်နေခဲ့ကြတဲ့ အတွက် ဈေးကွက်က နှေးကွေးသွားခဲ့တယ်” ဟု မြန်မာ နိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း ဒုဥက္ကဌ ဦးသန်း ဦးကပြောသည်။
“ဒါပေမယ့် အခုအချိန်မှာတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေ လာတော့မှာဖြစ်တဲ့အတွက် ဆောက်လုပ်ရေး လုပ်ငန်းရှင် တွေ အသက်ရှှုပေါက်ရလိမ့်မယ်လို့ ကျနော်ထင်ပါတယ်” ဟု သူက ထပ်ပြောသည်။ သို့သော်လည်း အချို့သော ရင်းနှီးမြှုပ်နှံသူများက မြန်မာနိုင်ငံတွင် အခွန်ကောက်ခံမှုဆိုင်ရာ ပြုပြင်ပြောင်းလဲရေးများ ပြီးစီး ခြင်းမရှိသေးသည့် အတွက် သတိထားစောင့်ကြည့်နေကြဆဲ ဖြစ်သည်ဟု မန္တလေး အခြေစိုက် CAD Construction ကုမ္ပဏီ၏ မန်နေးဂျင်း ဒါရိုက်တာ ဦးဇင်မင်းဆွေက ပြောသည်။ ပိုင်ဆိုင်မှုနှင့် အရောင်းခွန်များကို မြှင့်တင်ရန် လွှတ်တော် ကိုယ်စားလှယ် အများအပြားက အဆိုပြုခဲ့ကြပြီး ကြပ်မတ်ဆောင်ရွက်မှုများက လာမည့်နှစ်များအတွင်းတွင် ပိုမိုတင်းကျပ် လာမည်ဟု မျှော်လင့်ရသည်။
“အစိုးရက ပိုင်ဆိုင်မှုဈေးကွက်ကို အခွန်ဥပဒေတွေနဲ့ ထိန်းချုပ်ဖို့ ကြိုးစားမှာကို ကျနော်စိုးရိမ်တယ်။ သူတို့က ဝယ်သူတွေ အတွက် ပိုင်ဆိုင်မှုအခွန်ကို ပြန်သုံးသပ်လိမ့်မယ်” ဟု ဦးဇင်မင်းဆွေက ပြောသည်။ ရင်းနှီးမြှုပ်နှံသူများက ရှင်းလင်းပြီး မျှတသည့် ပိုင်ဆိုင်မှု အခွန်ဆိုင်ရာ မူဝါဒ တခုကိုမြင်တွေ့ရသည့် အချိန်အထိ စောင့်ကြည့်နေကြမည် ဖြစ်ပြီး အိမ်ခြံမြေ ပိုင် ဆိုင်မှုများကို အလောတကြီး ဝယ်ယူကြဖွယ်မရှိဟု သူက ရှင်းပြသည်။
မရေရာသော မခိုင်မာသော ဥပဒေများ ရှိနေသည့် အပြင် ရင်းနှီးမြှုပ်နှံသူများက သက်ဆိုင်ရာ မူဝါဒများအတွင် အခြား သော ပြင်ဆင် ပြောင်းလဲမှုများ ရှိသည်ကို မြင်တွေ့လိုကြသည်။
အမေရိကန် အခြေစိုက် အိမ်ခြံမြေကုမ္ပဏီ တခုဖြစ်သည့် Colliers International မှ မန်နေးဂျင်း ဒါရိုက်တာ Tony Picon က ဝယ်ယူသူများအနေဖြင့် ရှင်းလင်းသည့် မြေပိုင်ဆိုင်မှုစနစ်နှင့် ကားရပ်နားရန်နေရာ လိုအပ်ချက်များ ပြောင်းလဲခြင်း ကို စောင့်ကြည့်နေကြမည်ဟု ပြောသည်။ “အဲဒါတွေက ကွန်ဒိုမီနီယံ လုပ်ငန်းမှာ အတားအဆီးဖြစ်နေပါတယ်။”
Ref : Myanmar Times
Photo Credit : mikey
Posted By : Myat Minn
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ