By Myanmar Times, Shweproperty.com
Updated at 15 July 2015
မြေနေရာလိုအပ်ချက်များ လျော့နည်းလာစေ ရန် မြို့သစ်စီမံကိန်းများ ပြုလုပ်နေသော်လည်း အထင်ကရမြို့နယ်များတွင်ပင် အခြေခံ အဆောက်အအုံများ လမ်းတံတားလိုအပ်ချက်များ ရှိနေသေးသောကြောင့် ထိုမြို့သစ်များ မှာ ဖွံ့ဖြိုးတိုးတက်၍ စည်ကားသောမြို့အဖြစ်ရောက်ရှိစေရန် အချိန်ယူရဦးမည်ဖြစ်ကြောင်း အိမ်ခြံမြေကျွမ်းကျင်သူများက ပြောသည်။
စီးပွားရေးပြုလုပ်ရန် တည်နေရာအနေအထားသည် အလွန်အရေးကြီးသည့်အတွက် စီးပွားရေး အတွက် မြို့သစ်များကိုရွေးချယ် ခြင်းထက် ရန်ကုန်မြို့၏ စည်ကားပြီးသားနေရာများကိုသာ စီးပွားရေးလုပ်ငန်းရှင်များက ပြောင်းရွှေ့ကြရန် ပိုမိုစိတ်ဝင်စားကြကြောင်း ၎င်းတို့က ပြောသည်။ "မြို့တည်တာ ကြာပြီဖြစ်တဲ့ ရွှေပြည်သာတို့ သန်လျင်တို့ စတဲ့မြို့တွေမှာတောင် လိုအပ် ချက်တွေ ရှိနေသေးတော့ မြို့သစ်စီမံကိန်း ဆိုတာ ဝေးပါသေးတယ်။ မြို့သစ်တွေမှာ လျှပ်စစ်မီးတို့ လမ်းပန်း ဆက်သွယ်ရေးတို့ အားလုံးပြည့်စုံဖို့က အချိန်ယူရဦးမှာ။ အထူး စီးပွားရေးစီမံကိန်းမဟုတ်ဘဲ ရိုးရိုးစီးပွားရေး လုပ်မယ့်သူတွေက မဖွံ့ဖြိုးသေးတဲ့မြို့သစ် တွေမှာ ဝယ်ယူနေဖို့ထက် စည်ကား တဲ့နေရာ ကောင်းတွေမှာပဲ နေဖို့ ပိုစိတ်ဝင်စားကြတယ်" ဟု အာရှဆောက်လုပ်ရေးလုပ်ငန်း အထွေထွေ မန်နေဂျာ ဦးရန်အောင်က ပြောသည်။
လက်ရှိအနေအထားတွင် မြေဈေးကွက်နှင့် တိုက်ခန်းဈေးကွက်များမှာ အရောင်းအဝယ်မရှိ သလောက် ငြိမ်သက်နေပြီး စောင့် ကြည့်ရမည့် အနေအထားတွင် ရှိနေသော်လည်း ကွန်ဒိုဥပဒေ ထွက်ပေါ်လာပါက အချက်အချာကျသော နေရာများမှ ကွန်ဒိုတိုက်ခန်းများ ဈေးကောင်းလာနိုင်ကြောင်း ၎င်းကပြောသည်။ ၂၀၁၂ ခုနှစ်ကတည်းက စတင်ရေးဆွဲခဲ့ သော ကွန်ဒိုမီနီယမ်ဥပဒေကို ယခုနှစ် အတွင်း ပြဋ္ဌာန်းပေးမည်ဖြစ်ကြောင်း ဧပြီလ ကပြုလုပ်ခဲ့သော အိမ်ခြံမြေဝန်ဆောင်မှုအသင်းနှစ်ပတ်လည်အသင်းသား စုံညီအစည်း အဝေးတွင် တာန်ရှိသူများက ပြောကြားခဲ့ပြီး ဖြစ်သည်။
ထိုဥပဒေတွင် အချက်ပေါင်း ၆၀ ကျော် ပါဝင်ပြီး ဥပဒေပြဋ္ဌာန်းပြီးလျှင် ကွန်ဒိုတိုက်ခန်းများ၏ ၄၀ ရာခိုင်နှုန်းခန့်ကို နိုင်ငံခြားသား များက ဝယ်ယူနိုင်ခွင့်ရှိမည်ဖြစ်သည်။ "နိုင်ငံခြားသား အနည်းစုက သူတို့တွဲဖက် လုပ်ကိုင်နေတဲ့ ကုမ္ပဏီနာမည်နဲ့ ဖြစ်ဖြစ် နိုင်ငံသား အိမ်ထောင်ဖက် နာမည်နဲ့ဖြစ်ဖြစ် တိုက်ခန်းဝယ်ထားတာတွေရှိပေမယ့် တရားဝင် အမည်ပေါက်နဲ့ဝယ်ခွင့်ရမယ် ဆိုရင် ဝယ်ချင် တဲ့သူတွေ များတယ်။ အခုချိန်မှာ အဆင့်မြင့်အိမ်ရာတွေနဲ့ ကွန်ဒိုတွေက များလာပြီး ဝယ် ချင်တဲ့နိုင်ငံခြားသားတွေက ဥပဒေသစ်ကို စောင့်နေတဲ့ အနေအထားမှာ ရှိတယ်" ဟု မြတ်မင်းဆောက်လုပ်ရေးမှ ဒါရိုက်တာ ဦးအောင်မင်းက ပြောသည်။
ယခုချိန်တွင် မြေဈေးကွက်သည် ဆက် လက်အေးစက်နေနိုင်ပြီး တိုက်ခန်းအရောင်း ဈေးကွက်မှာ ခန့်မှန်းရခက်သော အနေ အထားတွင်ရှိကြောင်းနှင့် မကြာမီ ကွန်ဒိုဥပဒေပြဋ္ဌာန်းပြီးပါက အချက်အချားကျသော နေရာများမှ ကွန်ဒိုတိုက်ခန်းများကို ဝယ်လိုသူ များရှိလာနိုင်ပြီး ဈေးအနည်း ငယ်မြင့်တက်လာနိုင်ကြောင်း အိမ်ခြံမြေဈေးကွက်ကျွမ်းကျင်သူများက ခန့်မှန်းသည်။ "ကွန်ဒိုတိုက်ခန်း ဝယ်မယ့်သူတွေက ဆောက်မယ့်ကွန်ဒိုတွေ စည်ပင်ဥပဒေကို တကယ်ရောလိုက်နာကြရဲ့လား၊ ဆောက်လုပ် ရေးလုပ်ငန်းရှင်တွေကရော တကယ်ခိုင်မာမှုရှိရဲ့လား ဆိုတာတွေကို အရင်ဆုံးစုံစမ်းထားကြည့်သင့်တယ်။ ဈေးနှုန်းတစ်ခုတည်း ကိုပဲကြည့်ပြီးဝယ်လို့ကတော့ ဘယ်လိုမှစိတ်ချလို့ မရနိုင်တဲ့ အနေအထားပါ" ဟု ဦးရန်အောင်က ပြောသည်။
Ref : Myanmar Times
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ