By The Voice Weekly, Shweproperty.com
Updated at 8 December 2014
ကွန်ဒိုဆိုသည့် အဆင့်မြင့်အိမ်ရာများ ယခုနှစ်များအတွင်း ဆောက်လုပ်မှု များပြားလာခဲ့သည်။ ယင်းကြောင့် ဝယ်ယူသူတွေအတွက် ရွေးချယ်စရာ များပြားလာပြီ ဖြစ်သည်။ ဘယ်လို ကွန်ဒိုအမျိုးအစားတွေကို ရွေးချယ်ဝယ်ယူရမည် ဆိုသည်မှာလည်း ခေါင်းခဲစရာတစ်ခု ဖြစ်လာသည်။
မြန်မာနိုင်ငံတွင် ကွန်ဒိုဟု အမည်တပ်ပြီး အထပ်များများ ဆောက်လိုက်လျှင် ကွန်ဒိုဖြစ်သွားပြီ ဖြစ်သည်။ ယခုအခါ ရုံးခန်းကွန်ဒိုများအပြင် လူနေ သီးသန့် ကွန်ဒိုများပါ ဆောက်လုပ်လာကြသည်။
ကွန်ဒိုဆိုတာ ဘာလဲ
အထပ်အမြင့် ခြောက်ထပ်ကျော် ဆောက်လုပ်ထားသည့် ဓာတ်လှေကားနှစ်စင်း ပါဝင်သည်ကို ကွန်ဒိုဟု အမည်တပ်ထားသည်။ သို့သော် ယင်းအဆောက်အအုံကား ကွန်ဒိုမဟုတ်ပေ။
“အခုရန်ကုန်မှာ ဆောက်ထားတဲ့ ကွန်ဒိုဆိုတဲ့ အဆောက်အအုံတွေက အမည်ခံတွေက များပါတယ်။ ဒါကြောင့် ဝယ်ယူသူတွေအနေနဲ့ သေချာစိစစ်ပြီး ဝယ်ယူနေထိုင် သင့်ပါတယ်။ အခုက အထပ်အမြင့် အဆောက်အအုံတစ်ခုမှာ ဓာတ်လှေကား တစ်ခုပါရင် ကွန်ဒိုလို့ အမည်တပ်လိုက်ကြတာပါပဲ” ဟု ဖွင့်ဟလာသူက ဆောက်လုပ်ရေး လုပ်ငန်းရှင် ဦးကိုကိုလေး ဖြစ်သည်။
ကွန်ဒိုဟုဆိုရာတွင် အဆောက်အအုံအပြင် ရေကူးကန်၊ ကလေးကစားကွင်း၊ အားကစားခန်းမ၊ ဓာတ်လှေကား၊ ပန်းခြံ၊ ကိုယ်ပိုင်ဈေး၊ ရုပ်ရှင်ရုံ၊ ကိုယ်ပိုင်လုံခြုံရေး၊ ကိုယ်ပိုင်လျှပ်စစ်မီး၊ ကုန်တိုက်များ၊ ဘဏ်၊ ကိုယ်ပိုင်စာသင်ကျောင်းများ ပါဝင်ရမည် ဖြစ်သည်။
ကွန်ဒိုတွင် နေထိုင်သူတို့သည် သန်းကြွယ်သူဌေး မဟုတ်သော်လည်း ငွေကြေး အသင့်အတင့်ရှိ၍ အဆင့်မြင့်မြင့် နေထိုင်လိုသူတို့ ဝယ်ယူနေထိုင်ခြင်း ဖြစ်သည့်အတွက် အဆင့်မြင့် လူ့အသုံးဆောင်များ ကွန်ဒိုတွင် ပါဝင်ရမည်သာ ဖြစ်သည်။
ကွန်ဒိုဆိုသည့် ဝေါဟာရကို ဆောက်လုပ်ရေးနှင့် ဈေးကွက် ကျွမ်းကျင်သူတို့က ယခုလို ဆိုသည်။ “ကွန်ဒိုဆိုတာ အစုအဖွဲ့နဲ့ နေထိုင်ရတဲ့ မြို့အသေးစားတစ်ခုသာ ဖြစ်ပါတယ်”
လူပေါင်းစုံ နေထိုင်ရမည့် နေရာတစ်ခု ဖြစ်သည့် ကွန်ဒိုရှိ အဆင့်မြင့် လူသုံးကုန်ပစ္စည်း တစ်ခုစီကို လူအများ မျှတစွာသုံးစွဲရမည် ဖြစ်သည်။ တစ်ဦးတည်း သို့မဟုတ် တစ်မိသားစုတည်းက သုံးစွဲချင်မည် ဆိုပါက ၎င်းတို့အတွက် အဆင်ပြေစေမည် မဟုတ်ပေ။
ယခုလက်ရှိ ပြည်တွင်း ဆောက်လုပ်ရေး လုပ်ငန်းရှင်များပင် ကွန်ဒိုဝေါဟာရ၏ အဓိပ္ပာယ် အပြည့်အစုံကို နားလည်နိုင်ခြင်း မရှိသေးသည့်အတွက် ကွန်ဒိုအင်္ဂါရပ်နှင့် ညီမျှသည့် အဆောက်အအုံမှာလည်း ရှားပါးလျက်ပင် ရှိနေသေးသည်ဟု ပြည်တွင်း ဆောက်လုပ်ရေး လုပ်ငန်းရှင်အချို့က ဆိုသည်။
ကွန်ဒို ပြဿနာ
တစ်ဦးတည်း မူပိုင်သုံးစွဲချင်သူနှင့် တစ်ဦးတည်း ဆိတ်ငြိမ် နေထိုင်ချင်သူများအတွက်မူ ကွန်ဒိုကို ရွေးချယ်လိုက်ခြင်းက ပြဿနာများ ဖြစ်ပေါ်စေနိုင်မည် ဖြစ်သည်။
“အစုအပေါင်းနဲ့ နေထိုင်ရတာ ဖြစ်တဲ့အတွက် ဆူညံသံတွေ မကြားချင်လည်း ကြားရမယ်။ ပြီးတော့ ကွန်ဒိုရဲ့ ပြင်ဆင်စရိတ်တွေကိုလည်း နေတဲ့သူအကုန်လုံးက စုပေါင်းကျခံရမှာပါ။ တစ်ယောက်တည်း ဆိတ်ငြိမ်နေချင်တယ် ဆိုရင်တော့ လုံးချင်းအိမ်သာ ဝယ်ပါ” ဟု တိုက်တွန်းသူက မဏ္ဍိုင် အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်း အုပ်ချုပ်မှု ဒါရိုက်တာ ဦးသန်းဦး ဖြစ်သည်။
ငွေကြေး အသင့်အတင့် ရှိသူတို့အတွက်မူ အဓိက ပြဿနာမှာ ဈေးနှုန်းဖြစ်ပြီး ကျန်အခက်အခဲ အချို့မှာ မိသားစုအနည်း၊ အများ ပြဿနာ တစ်ခုဖြစ်လေသည်။
“မိသားစုများတဲ့ အခန်းနဲ့ မိသားစုနည်းတဲ့ အခန်းက ရေဖိုးတို့ လျှပ်စစ်မီးခတို့ကို တန်းတူဆောင် နေရတဲ့အခါမျိုးမှာ နည်းတဲ့မိသားစုက သူတို့က နည်းနည်းပဲသုံးရပြီး များများသုံးတဲ့ လူတွေအတိုင်း သုံးခပေးနေရတဲ့အခါ အငြင်းပွားဖွယ် ပြဿနာအချို့ ဖြစ်လာနိုင်ပါတယ်” ဟု ကွန်ဒို လုပ်ငန်းရှင်တစ်ဦးက မှတ်ချက်ပြုသည်။
ယင်းသို့သော အချက်များသည် အစုအပေါင်းဖြင့် နေထိုင်မှုပြုရာတွင် တွေ့ရှိနိုင်မည့် အဓိက အခက်အခဲတစ်ခု ဖြစ်ပေါ်စေနိုင်မည်ဖြစ်ပြီး လုံးချင်းအိမ်နှင့် နေထိုင်သူများတွင်မူ ယင်းပြဿနာများ ရှိနိုင်မည် မဟုတ်ပေ။
ကွန်ဒိုနှင့် လုံးချင်း ကွာခြားချက်
သို့သော် ကွန်ဒိုနှင့် လုံးချင်းအိမ်ရာတို့တွင် ကွာခြားချက်အချို့ ရှိသည်။ ယင်းမှာ လုံးချင်းအိမ်ရာတွင် လုံခြုံရေးနှင့် ကိုယ်ပိုင်လျှပ်စစ်မီး မရှိပေ။ ကွန်ဒိုတွင်မူ ယင်းအချက်များ ရှိလေသည်။
ကွန်ဒိုသည် အစုအပေါင်းဖြင့် နေထိုင်ခြင်း ဖြစ်သည့်အတွက် ကုန်ကျစရိတ်၊ ပြင်ဆင်စရိတ်များကို မျှတ၍ ကျခံစေခြင်း ဖြစ်သည်။ လုံးချင်းတွင်မူ မိမိတစ်ဦးတည်းကသာ ကုန်ကျရမည် ဖြစ်သည်။ ကွန်ဒို နေထိုင်သူများတွင် ကွန်ဒိုကို မည်သူတို့က ထိန်းသိမ်း စောင့်ရှောက်မည်ဆိုသည့် အချက်ကလည်း အရေးကြီးပေသည်။ ထိန်းသိမ်းမည့်သူမရှိက ပျက်စီးမည်သာ ဖြစ်သည်။
လုံးချင်းအိမ်တွင် နေထိုင်ပါက မိမိအိမ်ကို မိမိထိန်းသိမ်း စောင့်ရှောက်နိုင်သည်။ “အခန်းဝယ်ပြီးတော့ ထိန်းသိမ်းမယ့်သူ မရှိရင် ပျက်စီးစေမှာ ဖြစ်သလို ကွန်ဒိုမှာ နေထိုင်တဲ့ သူတွေကလည်း စည်းစည်းလုံးလုံးရှိဖို့ လိုအပ်ပါတယ်။ ဥပမာ - ကွန်ဒိုတစ်ခုမှာ အဖွဲ့တစ်ခုဖွဲ့ပြီး ကွန်ဒိုရဲ့ သာရေးနာရေးနဲ့ ပြင်ဆင်စရိတ်တွေကို စုပေါင်း လုပ်ဆောင်မယ့် အဖွဲ့အစည်း တစ်ခုဖွဲ့ပြီး လုပ်တာပဲဖြစ်ဖြစ် လုပ်လို့ရပါတယ်” ဟု အဆောက်အအုံ ကျွမ်းကျင်သူ တစ်ဦးဖြစ်သူ ဦးမျိုးဆွေက ပြောဆိုသည်။
ကွန်ဒိုနှင့် လုံးချင်း၏ အဓိက ကွာဟချက်မှာ အသုံးအဆောင်ပစ္စည်းနှင့် လူနေမှုပုံစံ ဖြစ်သည်။ ကွန်ဒိုတွင် အသုံးအဆောင် ပစ္စည်းများကို အခြားနေရာ သွားစရာမလိုဘဲ မိမိကွန်ဒိုတွင် နေထိုင်သူများနှင့် မျှတသုံးစွဲနိုင်သည်။ သို့သော် လုံးချင်းတွင် နေထိုင်သူများတွင်မူ ယင်းခံစားခွင့် မရှိပေ။ လုံးချင်းတွင်မူ ဆိတ်ငြိမ်ခြင်း ဟူသည့် အားသာချက် တစ်ခုတော့ ရှိသည်။
ကွန်ဒိုဆိုတာ
၁၉၇၅ ခုနှစ်များမှစတင်၍ မြန်မာနိုင်ငံတွင် အထပ်အမြင့် ကွန်ဒိုဆောက်လုပ်ခြင်း လုပ်ငန်းများ ထွန်းကားလာခဲ့သည်။ သို့သော် ကွန်ဒိုဟု ခေါ်ဆိုသည့် ကွန်ဒိုမဟုတ်သော တိုက်ခန်းသာသာ အဆောက်အအုံများကို ဓာတ်လှေကားတပ်၍ ကွန်ဒိုဟု ခေါ်ဆိုခဲ့ကြခြင်း ဖြစ်သည်။
“အရင်တုန်းကတော့ ကွန်ဒိုတွေက အရည်အသွေး မမီခဲ့ပါဘူး။ အခုနောက်ပိုင်း ဆောက်လာတဲ့ ကွန်ဒို အဆောက်အအုံတွေကတော့ အရင်ကထက် ကောင်းလာပါတယ်။ တချို့ဆို ကွန်ဒိုဥပဒေကြမ်းကို မှီပြီး ဆောက်ထားတဲ့ ကွန်ဒိုတွေလည်း ရှိလာပါတယ်” ဟု ကွန်ဒို အဆောက်အအုံများဘက်မှ ဆိုလာသူက မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း၏ ဒုတိယဥက္ကဋ္ဌ ဦးအောင်မြင့် ဖြစ်သည်။
သို့သော် ဦးသန်းဦးကမူ ယခုလို ဆိုသည်။ “အခုနောက်ပိုင်း ဆောက်တဲ့အထဲမှာလည်း သုံး၊ လေးခုပဲ ကွန်ဒို အရည်အသွေးနဲ့ ညီပါတယ်” ဟု ဆိုသည်။
ကွန်ဒိုဟု အမည်တပ်လိုက်သည်နှင့် ကလေး အားကစားကွင်း၊ ရေကူးကန်၊ ရုပ်ရှင်ရုံ၊ ဈေး၊ အားကစားခန်းမစသည့် ခေတ်မီ အသုံးအဆောင် ပစ္စည်းများစွာ ပါဝင်ရမည် ဖြစ်ပြီး ကားပါကင် လုံလုံလောက်လောက် ပါဝင်ခြင်း၊ လေဝင်လေထွက် ကောင်းမွန်ခြင်း၊ ငလျင်ဒဏ် မည်မျှခံနိုင်ခြင်း အစရှိသည့် လုံခြုံရေးစနစ်များ ပါဝင်ရမည် ဖြစ်သည်ဟု ဆောက်လုပ်ရေး ကျွမ်းကျင်သူတို့က ဝေဖန်သုံးသပ်ကြသည်။ သို့သော် ယင်းအချက်များ ပါဝင်သည့် ကွန်ဒိုသည် ရန်ကုန်မြို့တွင် လက်ချိုးရေလောက်သည့် အရေအတွက်မျှသာ ဖြစ်သည်။
လတ်တလော ရန်ကုန်မြို့တော်တွင် အဆင့်မြင့် လူနေကွန်ဒိုအဖြစ် လွှတ်တော်သို့ တင်သွင်းထားသည့် ကွန်ဒိုမီနီယံ ဥပဒေကြမ်း သို့မဟုတ် စုပေါင်းပိုင် အဆောက်အအုံ ဥပဒေကြမ်းကို မှီငြမ်း၍ ဆောက်လုပ်လာသည့် ကွန်ဒိုအချို့ ရှိလာသည်ဟု ဆောက်လုပ်ရေး လုပ်ငန်းရှင်အချို့က ဆိုသည်။
၎င်းတို့မှာ ကမ္ဘာအေး ဘုရားလမ်းမပေါ်ရှိ ၆၈ Residence၊ ကမ္ဘာအေး ဘုရားလမ်းပေါ်တွင်ပင် ဆောက်လုပ်လျက်ရှိသည့် Infinity Luxury Condominium၊ ဦးထောင်ဘို အဝိုင်းအနီးရှိ Dagon City 1၊ အင်းစိန် လမ်းမကြီးပေါ်ရှိ GEMS၊ သန်လျင်မြို့ ကျိုက်ခေါက်ဘုရားလမ်းပေါ်ရှိ Star City နှင့် ဗဟန်းမြို့နယ် ဖိုးစိန်လမ်းပေါ်ရှိ The Illustra တို့ကဲ့သို့ ဖြစ်သည်။
ကွန်ဒို၏ အားသာချက်၊ အားနည်းချက်
အဆောက်အအုံတစ်ခု ဆောက်လုပ်မည် ဆိုပါက အားသာချက် အားနည်းချက်တို့ ရှိမည်ဖြစ်သည်။ သို့သော် ယခင်အချိန်များကထက်စာလျှင် ယခုနောက်ပိုင်း ဆောက်သည့် ကွန်ဒိုများမှာ ပိုမိုအဆင့် မီလာသည်ကို တွေ့ရသည်။
ယခုနှစ်အတွင်း အထပ်အမြင့် အဆောက်အအုံ ခွင့်ပြုမှုမှာလည်း ယခင်နှစ်များကထက် များပြားလာ ပြီး ၁၂ ထပ်နှင့်အထက် အဆောက်အအုံပေါင်း ၄၀ လုံးအထိ ခွင့်ပြုထားကြောင်း အထပ်အမြင့် အဆောက်အအုံ တည်ဆောက်ရေး စီမံကိန်းများ ကြီးကြပ် စစ်ဆေးရေး ပညာရှင်အဖွဲ့ထံမှ သိရသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ အဆောက်အအုံဌာန (အင်ဂျင်နီယာဌာန) ကလည်း လေးထပ်နှင့်အထက် အထပ်မြင့် အဆောက်အအုံ ဆောက်လုပ်ခွင့် ပြုမှုသည်လည်း နောက်ဆုံး လေးနှစ်အတွင်း စံချိန်တင်နိုင်ပြီး ယခုဘဏ္ဍာနှစ်အစမှ စက်တင်ဘာလ အတွင်းအထိ ခွင့်ပြုမှုသည် ၄၀၈၅ လုံးရှိပြီ ဖြစ်ကြောင်း အဆိုပါ အဆောက်အအုံဌာနထံမှ သိရသည်။
“အဆောက်အအုံဆောက်ခွင့် လာတင်ကြတာ ဒီနှစ်ထဲ တော်တော်များတယ်။ ခွင့်မပြုရသေးတဲ့ ဖိုင်တွေတောင် အများကြီး ရှိသေးတယ်။ ကျွန်တော်တို့ကတော့ သတ်မှတ်ချက်နဲ့အညီပဲ ခွင့်ပြုနေတယ်။ သတ်မှတ်ချက်နဲ့ မညီတဲ့ဟာတွေ ဆောက်ခွင့်ပြုပြီးမှ သတ်မှတ်ချက်နဲ့ မညီဘူး ဆိုရင်လည်း ပြန်ဖျက်ခိုင်းတယ်။ သတ်မှတ်ချက်အတိုင်း ပြန်ဆောက်ခိုင်းပါတယ်” ဟု အင်ဂျင်နီယာဌာနမှ အကြီးတန်း အရာရှိတစ်ဦးက ဆိုသည်။
အဘယ်ကြောင့်ဆိုသော် ကွန်ဒိုတစ်လုံးသည် အခြားအဆောက်အအုံများထက် ဈေးနှုန်းမြင့်မားသည်။ ယင်းကြောင့် နေထိုင်သူတို့အတွက် လုံခြုံမှုအပိုင်းကို ကောင်းကောင်း အာမခံချက် ပေးနိုင်ရမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
ရန်ကုန်မြို့တော်သည် ငလျင်ဗဟိုချက် နေရာနှင့် နီးကပ်သည့် ဒေသဖြစ်သည့်အတွက် ယခု နောက်ပိုင်း အထပ်အမြင့် အဆောက်အအုံ ခွင့်ပြုပေးရာတွင် ငလျက်ဒဏ် ခံအားကို အဓိက တွက်ချက်ခြင်း ဖြစ်သည်ဟု ဦးသန်းမြင့်က ဆိုသည်။
ကွန်ဒိုဟု ဆိုလိုက်သည်နှင့် ခေတ်မီလူသုံးကုန်များ ပါဝင်ရမည်မှာ ကွန်ဒို၏ အင်္ဂါရပ်တစ်ခု ဖြစ်သည်။ လတ်တလော ရန်ကုန်မြို့တွင်း ဆောက်လုပ်လျက်ရှိသည့် လူနေ ကွန်ဒိုမီနီယံအချို့က ၎င်းတို့၏ ကွန်ဒိုများကို အမျိုးမျိုး ကြော်ငြာကြသည်။
ကွန်ဒိုမီနီယံ ဥပဒေကို အခြေခံ၍ ကွန်ဒိုပိုင်လျှင် မြေပိုင်ဆိုင်ခွင့် ပါရရှိမည်ဟု ဆိုကြသည်။ ငလျင်ဒဏ် မည်မျှခံနိုင်သည်ဟုလည်း ဆိုကြသည်။ ဤသို့ဆိုသော် ကြိုပွင့်ဟုဆိုသည့် ကြိုတင် ရောင်းချခြင်းများ အလုပ်ဖြစ်လာလေသည်။ အဆောက်အအုံပြီးစီးမှ ဝယ်ယူလျှင် ပိုမိုဈေးကြီးခြင်း၊ ကွန်ဒိုအခန်း မရမည် စိုးခြင်းတို့ကြောင့် ကြိုပွင့်ဖြင့် ဝယ်ယူခြင်း ဖြစ်သည်ဟု ဈေးကွက် ကျွမ်းကျင်သူတို့က ဆိုသည်။
“ကြိုပွိုင့်ဝယ်ယူခြင်းက ကွန်ဒို အဆောက်အအုံတစ်လုံးရဲ့ အားနည်းချက် တစ်ခုလို့ ဆိုနိုင်ပါတယ်။ အကုန်ရောင်းပြီးသွားမှ ပိုင်ရှင်က မဆောက်ဘဲ ထွက်ပြေးသွားမယ်ဆိုရင် အခန်း ဝယ်ယူထားသူတွေအတွက် စရန်ချထားတဲ့ ပိုက်ဆံတွေက ရေစုန်မျောသွားမှာပါ” ဟု ထောက်ပြ ပြောဆိုလာသူက ဦးသန်းဦး ဖြစ်သည်။
Infinity ကွန်ဒိုမီနီယံမှ တာဝန်ရှိသူတစ်ဦးက ၎င်းတို့၏ အဆောက်အအုံ၏ အားသာချက်ကို ယခုလို ဆိုသည်။ “ကျွန်မတို့ကွန်ဒိုက ၂၈ ထပ်ပါ။ Facilities Floor ကို သူများတွေလို အောက်ထပ်မှာ မထားပါဘူး။ ၁၆ ထပ်မှာ ထားပါတယ်။ ကွန်ဒိုအင်္ဂါရပ်နဲ့ ပြည့်စုံတဲ့ Facilities တွေ အကုန်ပါပါတယ်။ ရှုခင်းတွေကလည်း ကောင်းပါတယ်။ ဒီကွန်ဒိုကနေ ရွှေတိဂုံကိုလည်း မြင်နိုင်တယ်။ ပြည်သူ့ရင်ပြင်ကိုလည်း တွေ့နိုင်ပါတယ်” ဟု ဆိုသည်။
လတ်တလော ဆောက်လုပ်ထားသည့် ကွန်ဒိုများမှ ကြိုပွင့်ဖြင့် အခန်းရောင်းချမှုသည်လည်း ကွန်ဒိုတစ်ခုလျှင် အနည်းဆုံး ၅၀ ရာခိုင်နှုန်းထိ ရောင်းချပြီးစီးပြီဟု ယင်းကွန်ဒိုများ၏ တာဝန်ရှိသူများက ဆိုသည်။
ကွန်ဒိုဝယ်မည်ဆိုလျှင်
ကွန်ဒိုတို့၏ အသက်သည် ယခုခေတ် အခြေအနေအရ ပထမဆုံးဈေးနှုန်းကို စဉ်းစားသင့်ပေသည်။ ဒုတိယ ကွန်ဒိုပိုင်ဆိုင်ခွင့် ဆိုသည့်အချက်နှင့် တတိယ အချက်အနေဖြင့် မည်သည့်မြေတွင် ဆောက်လုပ် ထားသည်ဆိုသည့် အချက်တို့ပင် ဖြစ်သည်။ လတ်တလော ဆောက်လုပ်လျက်ရှိသည့် အဆင့်မြင့် ကွန်ဒိုတစ်ခန်း၏ ဈေးနှုန်းသည် လုံးချင်းအိမ်ရာတစ်လုံး၏ ဈေးနှုန်းနှင့် ညီမျှလျက် ရှိသည်။ ယင်းမှာ ကွန်ဒိုတွင် နေထိုင်ချင်သူတို့အတွက် အခက်အခဲတစ်ခု ဖြစ်စေလေသည်။
“ကျွန်တော်တို့ မြန်မာလူမျိုးတွေအနေနဲ့ အဆင့်မြင့် ကွန်ဒိုကြီးတွေကို ဈေးနှုန်းအရ ဝယ်နိုင်ပြီး ဝယ်ချင်တယ်ဆိုတာ အရမ်းကို နည်းပါတယ်။ ရာခိုင်နှုန်းအားဖြင့် ၉၀ လောက်က ဝယ်ဖို့ မစဉ်းစားပါဘူး။ ကျွန်တော်တို့လို လုပ်ငန်းရှင်တွေ ကိုယ်တိုင်က ဒီလိုကွန်ဒိုတွေထက် လုံးချင်းအိမ်ရာမှာ နေဖို့ကိုသာ တွေးကြတာ များပါတယ်” ဟု ပွင့်လင်းစွာ ဖွင့်ဟလာသူက Three Season ဆောက်လုပ်ရေး လုပ်ငန်းမှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးကိုကိုလေး ဖြစ်သည်။
ယင်းနောက် ၎င်းတို့ ကြော်ငြာထားသည့် ပိုင်ဆိုင်ခွင့်များ အားလုံးကို စာချုပ်ချုပ်ဆိုရာတွင် အမှန်တကယ်ပါဝင် ချုပ်ဆိုပေးခြင်းရှိ မရှိကိုလည်း ဝယ်ယူသူတို့ အနေဖြင့် စဉ်းစားရမည် ဖြစ်သည်။ “ဒီလောက် ဈေးကြီးကြီးနဲ့ ဝယ်ထားပြီး ဝယ်သူတွေကို ညာမယ်ဆိုရင်တော့ ဘယ်လိုမှ ဒီကွန်ဒိုက ယုံကြည် စိတ်ချမှုရှိစေမှာ မဟုတ်ပါဘူး” ဟု ဦးကိုကိုလေးက ဆိုသည်။
လတ်တလော ဆောက်လုပ်လျက်ရှိသည့် အဆင့်မြင့် ကွန်ဒိုများတွင် Infinity Luxury Condominium သည် အထပ်ပေါင်း ၂၈ ထပ် ပါဝင်ပြီး ဈေးနှုန်းသည် တစ်စတုရန်းပေလျှင် ကျပ် ၃၆၀,၀၀၀ မှ ၄၄၀,၀၀၀ ကျော်၊ ကမ္ဘာအေးဘုရား လမ်းမှ 68 Residence ကွန်ဒိုက တစ်စတုရန်းပေလျှင် ကျပ် ၃၉၀,၀၀၀ မှ ကျပ် ၄၅၀,၀၀၀၊ အင်းစိန် လမ်းမပေါ်ရှိ GEMS ကွန်ဒိုက တစ်စတုရန်းပေလျှင် ကျပ် ၁၉၀,၀၀၀ မှ ကျပ် ၂၉၀,၀၀၀ထိ၊ Star City မှ တစ်စတုရန်းပေလျှင် ကျပ် ၁၀၀,၀၀၀ မှ ကျပ် ၂၀၀,၀၀၀ ထိ၊ ဦးထောင်ဘို အဝိုင်းအနီးရှိ Dragon City က တစ်စတုရန်းပေလျှင် ကျပ် ၃၅၀,၀၀၀ မှ ကျပ် ၃၉၅,၀၀၀ ထိဖြစ်သည်။
ကွန်ဒို ပိုင်ဆိုင်ခွင့် ဆိုသည်မှာ ကွန်ဒိုဝယ်ယူမည် ဆိုပါက ဂရုစိုက်သင့်သည့် အချက်တစ်ခု ဖြစ်သည်ဟု ကျွမ်းကျင်သူတို့က မှတ်ချက် ပြုထားသည့်အချက် ဖြစ်သည်။ ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းထားသော စုပေါင်းပိုင် အဆောက်အအုံ ဥပဒေ သို့မဟုတ် ကွန်ဒိုမီနီယံလောတွင် ကွန်ဒိုဆောက်လုပ်မည် ဆိုပါက အနည်းဆုံး မြေတစ်ဧက ကျယ်ဝန်းရမည်။
နိုင်ငံခြားသားကို ၄၀ ရာခိုင်နှုန်းထိ ရောင်းချပိုင်ခွင့်ရှိမည်။ ကွန်ဒို ဝယ်ယူသူတိုင်း အခန်းအကျယ်နှင့် ညီမျှသည့် မြေပိုင်ဆိုင်ခွင့် ရရှိရမည်ဟုဆိုသည့် အဓိက အချက်သုံးချက်ပင် ဖြစ်သည်။ လတ်တလော အဆင့်မြင့် ကွန်ဒိုအများစုက ကွန်ဒိုအခန်းဝယ်လျှင် အဓိကအချက် တစ်ခုဖြစ်သည့် မြေပိုင်ဆိုင်ခွင့်ကို လိုချင်ကြသည်။ အဘယ်ကြောင့် ဆိုသော် ယင်းမှသာ ဘဏ်တွင် ပေါင်နှံနိုင်မည် ဖြစ်ပြီး ဘဏ်ချေးငွေလည်း ရရှိနိုင်မည် ဖြစ်သည်။
လက်ရှိ ဆောက်လုပ်သူများက “ကွန်ဒိုဥပဒေအရ အခန်းအကျယ်နှင့် ညီမျှသည့် မြေပိုင်ဆိုင်ခွင့် ရရှိပါမယ်” ဟု အပြိုင်အာမခံ ပြောကြားကြသည်။ ယင်းကြောင့် ကွန်ဒိုဟုဆိုလျှင် မည်သည့် မြေပေါ်တွင် ဆောက်လုပ်ထားသလဲ ဆိုသောအချက်ကို အထူးဂရုပြုရမည် ဖြစ်သည်။
မိမိဝယ်ယူမည့် ကွန်ဒိုသည် မည်သည့် မြေပေါ်တွင် ဆောက်လုပ်ထားသလဲ ဆိုသည့်အချက်မှာလည်း ကွန်ဒို ဝယ်မည့်သူများ သတိထားသင့်သည့် အချက် ဖြစ်သည်။ “ကိုယ်ဝယ်ယူမယ့် ကွန်ဒိုက ဘယ်မြေပေါ်မှာ ဆောက်ထားတာလဲဆိုတာ ဝယ်သူတွေအနေနဲ့ သိဖို့လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ဆောက်ထားတဲ့ မြေက ဘိုးဘွားပိုင်လား၊ အစိုးရဆီက BOT စနစ်နဲ့ ငှားထားတဲ့မြေလား ဂရန်မြေလား ဆိုတာပါပဲ” ဟု ဦးသန်းဦးက သတိပေးသည်။
ဘိုးဘွားပိုင်မြေနှင့် ဂရန်မြေဆိုက ပြဿနာ မရှိနိုင်သော်လည်း BOT စနစ်ဖြင့် ဆောက်လုပ်ထားခြင်း ဆိုပါက ပြဿနာ ရှိနိုင်ပေသည်။ BOT စနစ်၏ သက်တမ်းသည် နှစ် ၇၀ ပင် ဖြစ်သည်။ ယင်းထက် ကျော်လွန်မည်ဆိုက ဆက်လက် ပိုင်ဆိုင်ခွင့် ရရှိမည်လား ဆိုသည်မှာ မည်သူမျှ သိရှိထားခြင်း မရှိပေ။
ကွန်ဒိုဝယ်များနှင့် ပတ်သက်၍ ဦးကိုကိုလေးကမူ “ဆောက်လုပ်သူတွေအနေနဲ့ ဖွံ့ဖြိုးစ ဈေးကွက် တစ်ခုကို ဖျက်ဆီးသလို မဖြစ်ဖို့ ပေးထားတဲ့ ကတိတွေအတိုင်း ဝယ်ယူသူကို ပေးဖို့လိုတယ်” ဆိုသည်။
Ref : The Voice Weekly
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ