By Wut Yee Htun, Shweproperty.com
Updated at 18 May 2017
နိုင်ငံခြားသားတွေကွန်ဒိုဝယ်ယူနိုင်ခွင့်နဲ့ မြေနဲ့အိမ်နှစ်ခုလုံးကို ပိုင်ဆိုင်ခွင့်ရမယ့်ကွန်ဒိုမီနီယံဥပဒေကို ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ (၂၂) ရက်နေ့ကတည်းက ပြည်ထောင်စုလွှတ်တော်မှာအတည်ပြုခဲ့ပေမယ့် နည်းဥပဒေ ရေးဆွဲနေတုန်းမို့ အခုချိန်ထိ အသက်မဝင်သေးပါဘူး။ ကွန်ဒိုမီနီယံဥပဒေဟာ နိုင်ငံခြားသားတွေ ကွန်ဒိုဝယ်ယူ နိုင်ဖို့ ပြဌာန်းလိုက်တာဖြစ်ပေမယ့် ဥပဒေအရ (၆) ထပ်နှင့်အထက်အလွှာမှာရှိတဲ့ အခန်းတွေထဲကမှ (၄၀) ရာခိုင်နှုန်းကိုသာ ဝယ်ယူနိုင်ခွင့်ရမှာဖြစ်ပါတယ်။ ကွန်ဒိုမီနီယံဥပဒေကို ဆောက်လုပ်ရေးဝန်ကြီးဌာနက ရေးဆွဲခဲ့တာဖြစ်ပြီး၊ ၂၀၁၇ ခုနှစ် ဧပြီလကုန်မှာ နည်းဥပဒေထွက်မယ်လို့ မှန်းထားကြပေမယ့် နောက်ထပ်(၃)လလောက် စောင့်ရဦးမယ်လို့ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်က ဧပြီလက Shwe Property ကို ပြောခဲ့ပါတယ်။
ဒီလိုကန့်သတ်ချက်တွေရှိပေမယ့်လည်း ကွန်ဒိုမီနီယံဥပဒေဟာ နည်းဥပဒေထွက်ပြီး အလျင်အမြန်အသက်ဝင် လာဖို့ ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေ၊ အိမ်ခြံမြေအကျိုးဆောင်တွေ၊ နိုင်ငံခြားသားတွေနဲ့ မြန်မာပြည်သူတွေ စောင့်မျှော်နေကြပါတယ်။
“ကွန်ဒိုမီနီယံဥပဒေရဲ့ သတ်မှတ်ချက်အရ စိစစ်မှုတွေပြုလုပ်နေခြင်းနဲ့ နိုင်ငံခြားသားတွေကွန်ဒိုပိုင်ဆိုင်ခွင့်ကိစ္စ ကိုပါ စိစစ်နေလို့ ဒီဥပဒေထွက်လာဖို့ ကြန့်ကြာနေတယ်လို့ထင်တယ်။ အမှန်မှန်ဆိုရင်တော့ ဥပဒေရေးဆွဲတာ ကြန့်ကြာနေတယ်ဆိုရင် ပြည်သူ့အတွက် ကြန့်ကြာမှုတစ်ခုပဲ။ နိုင်ငံခြားသားတွေ တရားဝင်ဝယ်ခွင့်ရမှ အခွန်တိုးလာမယ်။ ဒီလို နှောင့်နှေးနေသေးရင် နိုင်ငံခြားသားရင်းနှီးမြှုပ်နှံ မှုတွေ နည်းနေဦးမှာပဲလို့ ကျွန်မယူဆ တယ်” လို့ မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်းရဲ့ အထွေထွေအတွင်းရေးမှူးချုပ်ဖြစ်သူ ဒေါ်မို့မို့အောင်က ရှင်းပြပါတယ်။
ခန့်မှန်းခြေအရ သြဂုတ်လလောက်မှာ အချောသတ်အတည်ပြုပြဌာန်းလာမယ့် အသစ်စက်စက်ကွန်ဒိုမီနီယံ ဥပဒေကို ပြဌာန်းပြီးရင်တော့ အကောင်းဘက်ကို ဦးတည်လာမယ်လို့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေ ကသုံးသပ်ခဲ့ကြပါတယ်။
“ဥပဒေတစ်ခုရှိဖို့မျှော်လင့်တယ်။ နေထိုင်တဲ့သူအတွက်လည်းဥပဒေလိုသလို ရောင်းချတဲ့သူအတွက်လည်း လိုအပ်တယ်။ အမတို့လည်းဥပဒေရှိတာကို ကြိုဆိုတယ်။ ဥပဒေမရှိတဲ့အခါကျတော့ နေထိုင်တဲ့သူနဲ့ ရောင်းချတဲ့ သူအတွက် အမြဲတမ်းဒွိဟဖြစ်တယ်။ ဒါကြောင့်ဒီဥပဒေရှိသင့်တယ်။” လို့ ချမ်းသာရွှေမြေဆောက်လုပ်ရေးပိုင်ရှင် ဒေါ်အေးအေးလတ်က ဆိုပါတယ်။
ကွန်ဒိုမီနီယံအဆောက်အဦးတစ်ခုဖြစ်ဖို့ မြို့ပြစီမံကိန်းအရ သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းက သတ်မှတ်ထားတဲ့ အချက်တွေနဲ့ ကိုက်ညီရမှာဖြစ်ပြီး မြေဧရိယာအနည်းဆုံး စတုရန်းပေ(၂၀၀၀၀)နှင့်အထက် ရှိရမှာဖြစ်ပါတယ်။ အထပ်မြင့်အနေနဲ့ (၆)ထပ်ကျော်လွန်မှသာ ကွန်ဒိုတစ်ခုဖြစ်မှာဖြစ်ပြီး (၆)ထပ်ရဲ့ အထပ်မှာရှိတဲ့ အခန်းတွေထဲကမှ (၄၀)ရာခိုင်နှုန်းကိုသာ နိုင်ငံခြားသားက နာမည်ပေါက်ဝယ်ယူပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။
“မြန်မာနိုင်ငံမှာ ကွန်ဒိုတွေ၊ တိုက်ခန်းတွေဘယ်လောက်ရှိလဲလို့ပြောရင် (၂)သိန်းလောက်ရှိတယ်လို့ မီဒီယာတွေမှာ ပြောကြလိမ့်မယ်။ ဒါပေမယ့် တကယ့်ကွန်ဒိုစစ်စစ်တွေက သောင်းဂဏန်းလောက်ပဲရှိတယ်။ တစ်သောင်းရှစ်ထောင်၊ နှစ်သောင်းလောက်ပေါ့။ အဲ့ဒီဂဏန်းတွေကလည်း ၂၀၁၉ခုနှစ်လောက်မှ ပြီးမယ့် ပရောဂျက်တွေပါတယ်။ တကယ်လိုအပ်တာက ဝန်ဆောင်မှုကောင်းကောင်းနဲ့ စီမံကိန်းကောင်းကောင်းတွေ လိုတယ်” လို့ Golden City Condominium Project ရဲ့ Marketing Director ကိုကောင်းစည်သူက ပြောပြ ပါတယ်။ နိုင်ငံခြားသားတွေအနေနဲ့ နေထိုင်ဖို့နဲ့ ရင်းနှီးမြှုပ်နှံမှုအတွက် စိတ်ဝင်စားကြပြီး၊ ဘဏ်တွေရဲ့ အခန်းကဏ္ဍနဲ့ ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေအတွက် ဒီဥပဒေက မရှိမဖြစ်လိုအပ်တဲ့ ဥပဒေတစ်ခုဖြစ်တယ်လို့ သူက ဆိုပါတယ်။
နည်းဥပဒေထွက်ရှိဖို့ ကြန့်ကြာနေလို့ “ အလုပ်မဖြစ်ဘူးပေါ့။ နိုင်ငံခြားသားတွေကလည်း မဝယ်ရဲသေးဘူး၊ ဝယ်လို့လည်းမရသေးတော့ အလုပ်မဖြစ်ဘူးလေ။ ဥပဒေထွက်လာရင်တော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဖြစ်လာမှာဆိုတော့ အလုပ်ဖြစ်လာမှာပေါ့” လို့ ရောင်း၊ဝယ်၊ငှား အကျိုးဆောင်လုပ်ငန်းလုပ်နေတဲ့ Brilliant Light ကုမ္ပဏီရဲ့ မန်းနေးဂျင်းဒါရိုက်တာကိုကျော်ဇေယျက မှတ်ချက်ပေးပါတယ်။
(၂၀၁၃) ခုနှစ်ကတည်းက စတင်ရေးဆွဲနေတဲ့ ကွန်ဒိုမီနီယံဥပဒေဟာ (၃)နှစ်ခန့်ကြာတဲ့အချိန်မှာ အတည်ပြုနိုင် ခဲ့ပေမယ့် နည်းဥပဒေရေး ဆွဲနေဆဲမို့ ဒီဥပဒေကိုမကျင့်သုံးနိုင်သေးပါဘူး။ နည်းဥပဒေထွက်ပြီး အပြီးသတ် အတည်ပြုနိုင်တဲ့အချိန်ကို အတိအကျမသိရသေးပေမယ့် စောင့်နေဆဲ မျှော်နေကြဆဲပါပဲ။
Written By : Wut Yee Htun (Shweproperty.com)
Posted By : Wai Phyoe (Shweproperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ