By Myanmar Times, Shweproperty.com
Updated at 28 December 2015
လွှတ်တော်၌ သဘောကွဲလွဲမှုများကြောင့် အပြီးသတ်အတည်ပြုရေး ဆောင်ရွက်ရာတွင် အကြိမ်ကြိမ်ကြန့်ကြာနေခဲ့သည့် စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ ဥပဒေကြမ်းကို ဒီဇင်ဘာ ၂၁ ရက်က ဆက်လက်ဆွေးနွေးခဲ့ရာ အပိုဒ်ခုနစ်ပိုဒ် အတည်ပြုပြီးသော်လည်း ထပ်မံ ညှိနှိုင်းဆွေးနွေးရန်လိုအပ်သောကြောင့့် ရွှေ့ဆိုင်းခဲ့ပြန်သည်။
လွှတ်တော်၌ အတည်ပြုရာတွင် ကွန်ဒို အတွက် လိုအပ်သည့် မြေဧရိယာအကျယ်အဝန်းကို အနည်းဆုံး စတုရန်းပေ ၂၀,၀၀၀ နှင့်အထက် ရှိရမည်ဖြစ်ကြောင်းအတည်ပြုခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးမှ ဒေါက်တာ ခင်ရွှေတင်သွင်းခဲ့သည့် တိုင်းနှင့် ပြည်နယ် များတွင် အခြေအနေအရ နိုင်ငံခြားသားကို ရောင်းချနိုင်ခွင့်ရှိသည့် အိမ်ခန်းအရေ အတွက်ကို လိုအပ်လျှင် ပြင်ဆင်နိုင်ရန် တင်သွင်းသည့် အဆိုမှာမူ ရှုံးနိမ့်ခဲ့ပြီး မူလ ပြဋ္ဌာန်းချက်ဖြစ်သည့် ခြောက်ထပ်နှင့် အထက်ရှိ အိမ်ခန်းများ၏ ၅၀ ရာခိုင်နှုန်း အထိ ရောင်းချနိုင်ရန် အတည်ပြုခဲ့သည်။ ထို့ပြင် စုပေါင်းပိုင်အဆောက်အအုံရှိ အိမ်ခန်းများကို ဥပဒေနှင့်အညီ ရောင်းချခွင့်ရှိကြောင်း ပြဋ္ဌာန်း ချက်ကိုလည်း အတည်ပြုခဲ့သည်။
ဒေါက်တာခင်ရွှေကမူ ၅၀ ရာခိုင်နှုန်း ထက်မကျော်သောအိမ်ခန်းများကို မြေပိုင် ဆိုင်ခွင့်မပါ နိုင်ငံခြားသားကို ရောင်းချ နိုင်ခွင့်ရှိရေး ပြင်ဆင်ရန်အဆို တင်သွင်းခဲ့သည်။ သို့သော်လည်း အထက်ပါအတိုင်းဥပဒေနှင့်အညီဟုသာ အတည်ပြုခဲ့သည်။ ဥပဒေဟုဆိုရာတွင် တည်ဆဲဥပဒေများမှ နိုင်ငံခြားသားနှင့် သက်ဆိုင်သောဥပဒေအားလုံးကိုဆိုလိုကြောင်း ပြည်ထောင်စု လွှတ်တော်ဥပဒေကြမ်း ပူးပေါင်းကော်မတီမှ ဒေါက်တာစိုးမိုးအောင်က ပြောသည်။
အခြားသော အပိုဒ်အချို့ကိုလည်း အတည် ပြုနိုင်ခဲ့ပြီး ကွန်ဒိုများတွင် ယာယီကြီးကြပ်မှုအဖွဲ့နှင့် စုပေါင်းပိုင်အဆောက်အအုံအသင်းဖွဲ့စည်းခြင်း ဆိုသည့်အပိုဒ်ကို အတည်ပြုရာတွင်မူ ထပ်မံညှိနှိုင်းဆွေးနွေးရန်ဆိုင်းငံ့ခဲ့ သည်။ ကွန်ဒိုတွင် အိမ်ခန်းဝယ်ယူနေထိုင်သူ များသည် ငွေကြေးများစွာရင်းနှီး၍ စိတ်အေးချမ်းသာစွာနေထိုင်လိုကြပြီး အသင်းအဖွဲ့ များ ဖွဲ့စည်းခြင်း၊ မှတ်ပုံတင်ခြင်း၊ ရန်ပုံငွေ စုဆောင်းခြင်း၊ သုံးစွဲခြင်းဆိုင်ရာများ စသည့် ကိစ္စများကို စိတ်ရှုပ်ခံပြီး ဆောင်ရွက်ရန် မလိုလားကြောင်း ဒေါက်တာခင်ရွှေက ထောက်ပြခဲ့သည်။
နိုင်ငံတကာတွင်လည်း ထိုကဲ့သို့ ဖွဲ့စည်းဆောင်ရွက်ခြင်းများမရှိဘဲ သန့်ရှင်းရေး၊ ရေ၊ လမ်း၊ မီး၊ လုံခြုံရေး စသည့် ကိစ္စများကို ဝန်ဆောင်မှု ကုမ္ပဏီ(သို့)အဖွဲ့များ ကိုသာ ငှားရမ်းဆောင် ရွက်ကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားသည်။
ဒေါက်တာခင်ရွှေက ထိုကဲ့သို့ဆွေးနွေး ပြီးနောက် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းကလည်း ထပ်မံညှိနှိုင်းရန်အတွက် ဆိုင်းငံ့ကြောင်း ဆုံးဖြတ်ခဲ့သည်။ "ဒီမိုကရေစီ အနိုင်ကျင့်တာမျိုးမဖြစ်ဖို့၊ တစ်ခါတစ်ခါ ကျတော့လည်း အနိုင်ကျင့်တာ မျိုး မဟုတ်ဘဲနဲ့ မသိလို့ သိသလောက်နဲ့ဆုံးဖြတ် တာလည်းရှိပါတယ်။ ဒါကြောင့် ဒါနဲ့ပတ်သက် ပြီးတော့ မဆုံးဖြတ်သေးဘဲ ခဏရပ်နားပါ မယ်"ဟု ပြောကြားခဲ့သည်။ အဆိုပါ စုပေါင်းပိုင် အဆောက်အအုံ ဆိုင်ရာ ဥပဒေကြမ်း (ကွန်ဒိုမီနီယံဥပဒေ) လွှတ်တော်၌ ဆွေးနွေးခြင်းကို မည်သည့် ရက်တွင် ပြန်လည်ဆောင်ရွက်မည်ကိုမူ ပြောကြားခဲ့ခြင်းမရှိပေ။ အချိန်သုံးနှစ်ကျော် ကြာ သည်အထိ အတည်ပြုနိုင်ခြင်းမရှိသေးသော အဆိုပါဥပဒေကြမ်းကို အပြီးသတ်ရန် လိုအပ် သည့် အရေးကြီးဥပဒေကြမ်းတစ်ခုအဖြစ် သတ်မှတ်ထားပြီး ဥပဒေကြမ်းနှင့် ပတ်သက်သည့် အစီရင်ခံစာကို ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းကော်မတီက ပြီးခဲ့သည့်လတွင် တတိယအကြိမ်မြောက် တင်ပြခဲ့သည်။
Ref : Myanmar Times
Photo Credit : sproperty
Posted By : Moe Thae'
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ