By 7daydaily, Shweproperty.com
Updated at 29 May 2015
ကျပ်သိန်း ၁,၀၀၀ ကျော် ကွန်ဒိုတစ်ခန်းလျှင် တစ်လ ရှစ်သိန်းကျပ်ပေးသွင်း၍ ၁၀ နှစ် အရစ်ကျစနစ်ဖြင့် Royal Thuka ကွန်ဒို အခန်းများ စတင်မိတ်ဆက်သည့် နေ့တွင်ပင် အခန်းပေါင်း ၁၀၀ ခန့် ရောင်းချခဲ့ရကြောင်း သတင်းရရှိသည်။
မေလ ၂၂ ရက်က ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်တွင် ကျင်းပခဲ့သည့် အဆိုပါကွန်ဒိုမိတ်ဆက်ပွဲ၌ တစ်ခန်းလျှင် ကျပ်သိန်းတစ်ထောင်ဖြင့် လူလတ်တန်းစားများ ဝယ်ယူနိုင်ရန် တည်ဆောက်ရောင်းချပေးခြင်းဖြစ်ကြောင်း ကွန်ဒိုတည်ဆောက်ခဲ့သည့် I Green ဆောက်လုပ်ရေး ကုမ္ပဏီအင်ဂျင်နီယာချုပ် ဦးကျော်မြင့်က ပြောသည်။
‘‘အခန်းက လေးနှစ်ပြည့်တာနဲ့ ဝယ်သူကို အပ်နိုင်ပြီ။ ဒီတော့ကိုယ်ကိုယ်တိုင် မနေရင်တောင်မှ ငှားစားမယ်။ ရတဲ့ငွေ ကုမ္ပဏီကို သွင်းမယ်။ ငွေပြည့်မှ ကိုယ်တိုင် တက်နေလို့လည်းရတယ်။ ဒီတော့ ၅၀ ရာခိုင်နှုန်းလောက်နဲ့ ကွန်ဒိုတစ်ခန်းပိုင်ဆိုင်နိုင်ပြီ’’ ဟု ၎င်းက ပြောသည်။
လှိုင်မြို့နယ် ဓမ္မသုခလမ်းတွင် တည်ဆောက်မည့် အခန်းပေါင်း ၃၀၀ ကျော် ပါဝင်သည့် အဆိုပါကွန်ဒိုတွင် ကျန်ရှိသည့် အခန်းများကို မေလ ၂၆ နှင့် ၂၇ ရက်များ၌ ကမာရွတ် Junction Square စင်တာ၌ အရောင်းပြပွဲ ကျင်းပပြုလုပ်ရောင်းချမည် ဖြစ် သည်။
အရစ်ကျငွေပေးသွင်းခြင်းကို ကုမ္ပဏီနှင့် ဝယ်ယူသူတို့ တိုက်ရိုက် ငွေပေးချေရမည်ဖြစ်ပြီး မည်သည့်ဘဏ်နှင့်မျှ ချိတ်ဆက်ထားခြင်းမရှိ၍ အတိုးနှုန်း များစွာ သက်သာပြီး ကိုယ်ပိုင် နှစ် ၆၀ ဂရန်မြေတွင် တည်ဆောက်ခြင်းကြောင့် တစ်ခန်းလျှင် ကျပ်သိန်းတစ်ထောင်ကျော်ဖြင့် ရောင်းချနိုင်ခြင်းဖြစ်ကြောင်း ကုမ္ပဏီ တာဝန်ရှိသူတစ်ဦးက ပြောသည်။
‘‘ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ တချို့ဆောက်နိုင်တဲ့သူတွေရှိပါတယ်။ ကာလပေါက်ဈေးတွေနဲ့ တွက်ပြီး ရောင်းချနေလို့သာ ကွန်ဒိုတိုက်ခန်းတွေက ဈေးတက်နေတာပါ။ တကယ်တော့ ကွန်ဒိုတိုက်ခန်းဈေးဆိုတာ သိန်းတစ်ထောင်ဝန်းကျင်လောက်ပဲ ရှိသင့်ပါတယ်’’ဟု ဆောက်လုပ်ရေး လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
လက်ရှိရန်ကုန်မြို့ တိုက်ခန်းဈေးနှုန်းမှာ တစ်ပေပတ်လည်လျှင် ကျပ်သုံးသိန်းမှ သုံးသိန်းခွဲဈေးနှုန်းရှိပြီး ယခုရောင်းချသည့်ကွန်ဒိုမှာ မြေတန်ဖိုးထည့်တွက်ထားခြင်းမရှိသည့်အတွက် သိန်းတစ်ထောင်ကျော်ဖြင့် ရောင်းချနိုင်ခြင်းဖြစ်သည်ဟု ၎င်းကပြောကြားသည်။
ဆောက်လုပ်ရေး စီမံကိန်းကာလကို ၂၀၁၆ တွင် စတင်ပြီး ၂၀၁၉ တွင် အခန်းများ ပြီးဆုံးမည်ဖြစ်ကြောင်း သိရသည်။
အခန်းမအပ်မီ လေးနှစ်အတွင်း ကြိုတင်ငွေပေးသွင်းထားသူများသာ အခန်းအပ်နှံမည်ဖြစ်ပြီး အခန်းအပ်ခြင်းပြီးစီးပါက တစ်လလျှင် ကျပ်ရှစ်သိန်းဖြင့် နောက်ထပ်ခြောက်နှစ်ဆက် ငွေပေးသွင်းရမည် ဖြစ်သည်။
I Green ဆောက်လုပ်ရေး ကုမ္ပဏီသည် တိုင်းရင်းသားလုပ်ငန်းရှင် ၁၀ ဦးနှင့် တည်ထောင်ထားသည့် ကုမ္ပဏီတစ်ခုဖြစ်ပြီး ယခုဆောက်လုပ်ရေးစီမံကိန်းမှာ ပထမဆုံးတည်ဆောက်ရောင်းချသည့် စီမံကိန်းဖြစ်ကြောင်း သိရသည်။
Ref : 7daydaily
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ