By The Myanmar Times, Shweproperty.com
Updated at 27 December 2017
၂ဝ၁၄ ခုနှစ်နှောင်းပိုင်းက စတင်အေးစက်နေခဲ့တဲ့ အိမ်ခြံမြေဈေးကွက်အတွက် မျှော်လင့်ချက်တစ်ခုဖြစ်တဲ့စုပေါင်းပိုင်အဆောက်အအုံဥပဒေခေါ် ကွန်ဒိုမီနီယံဥပဒေကို ၂ဝ၁၆ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ပြည်ထောင်စုလွှတ်တော်က ပြဠာန်းခဲ့ပြီး နည်းဥပဒေကိုတော့ ယခု ဒီဇင်ဘာလတွင်းမှာပဲ အစိုးရက အတည်ပြုခဲ့ပါတယ်။
ကွန်ဒိုဥပဒေ၏ အဓိကရည်ရွယ်ချက်မှာ စုပေါင်းပိုင်အဆောက်အအုံမှာ နေထိုင်သူတွေဟာ အဆောက်အအုံ ဆောက်လုပ်ထားတဲ့ မြေယာကိုလည်း စုပေါင်းပိုင်ဆိုင်ခွင့်ရရှိတဲ့အပြင် နိုင်ငံခြားသားများလည်း အခန်းဝယ်ယူ ပိုင်ဆိုင်ခွင့်ရရှိဖို့ ဖြစ်ပါတယ်။
အိမ်ရာပိုင်ဆိုင်မှုဥပဒေတွေ ခိုင်မာလာတာနဲ့အမျှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုတိုးတက်လာပြီးတော့ အိမ်ခြံမြေဈေးကွက်သာမက စီးပွားရေးလုပ်ငန်းတွေလည်း ပိုမိုတိုးတက်လာဖို့ မျှော်လင့်ခဲ့ကြလို့ပဲ ဖြစ်ပါတယ်။ အကြောင်းကတော့ အေးစက်နေတဲ့ အိမ်ခြံမြေဈေးကွက်ဟာ ဥပဒေက ဒီလိုအခွင့်အရေးသစ်တွေ ပေးလိုက်ရင် ပြန်လည်သက်ဝင်လှုပ်ရှားလာမယ်လို့ ယူဆတဲ့အတွက် မျှော်လင့်ကြတာဖြစ်ပါတယ်။
ကွန်ဒိုအဆောက်အအုံသတ်မှတ်ချက်နဲ့ ညီညွတ်တဲ့အဆောက်အအုံမှာ နိုင်ငံခြားသားတွေက အဆောက်အအုံတစ်ခုလုံးရဲ့ ၄ဝ ရာခိုင်နှုန်းကို ဝယ်ယူနိုင်ပါတယ်။ နိုင်ငံခြားသားတစ်ဦးတည်းကတောင်မှ ၂၅ ရာခိုင်နှုန်းကို ဝယ်ယူနိုင်ပြီးသလို၊ နိုင်ငံခြားသားကို အဆောက်အအုံတည်ထောင်သူ (ီနလနူသစနမ) အဖြစ်လည်း ဆောင်ရွက်နိုင်ပါသေးတယ်။ ဒါပေမဲ့ တည်ထောင်သူနိုင်ငံခြားသား ရောင်းချပိုင်ခွင့်ရှိတဲ့ အခန်းတွေကို မှတ်ပုံတင်အရာရှိကတစ်ဆင့် စီမံခန့်ခွဲမှုကော်မတီကို တင်ပြပြီးမှ ရောင်းချခွင့်ရှိမှာ ဖြစ်ပါတယ်။
ဒါ့ပြင် နိုင်ငံခြားသားတွေရဲ့ မြေယာပိုင်ဆိုင်ခွင့်ဟာ အဆောက်အအုံတည်ရှိနေတဲ့ ကာလအထိပဲရမှာဖြစ်ပါတယ်။
ဘယ်နိုင်ငံခြားသားမဆို ဝယ်ယူခွင့်ရရှိမှာဖြစ်ပြီး မြန်မာနိုင်ငံက နာမည်ပျက်စာရင်း အသွင်းခံထားရတဲ့ သူတွေကတော့ ဝယ်ယူခွင့်ရရှိမှာ မဟုတ်ပါဘူး။ ဝယ်ယူတဲ့အခါမှာလည်း နိုင်ငံခြားက တရားဝင်လွှဲပို့တဲ့ နိုင်ငံခြားငွေနဲ့သာ ဝယ်ယူရမှာ ဖြစ်ပါတယ်။
ဒီဥပဒေမပေါ်ပေါက်ခင်က မြန်မာနိုင်ငံမှာ စီးပွားရေးအတွက်၊ ပညာရေးအတွက် လာရောက်နေထိုင်ကြတဲ့နိုင်ငံခြားသားတွေဟာ ဈေးကြီးမြင့်လွန်းတဲ့ အိမ်ငှားခတွေကို ပေးပြီးနေထိုင်ခဲ့ကြရတာပါ။ ဥပဒေပေါ်ပေါက်ပြီးနောက်ပိုင်းမှာတော့ သူတို့တစ်တွေအတွက် အထောက်အကူပြုမယ်လို့ နိုင်ငံခြားသား အိမ်ငှားဈေးကွက်ထဲက အကျိုးဆောင်အချို့က သုံးသပ်ကြပါတယ်။
မြေအကျယ် ဧကဝက် (စတုရန်းပေ ၂ဝ,ဝဝဝ) ထက် ကျော်တဲ့မြေနေရာမှာ တည်ဆောက်ထားတဲ့ အဆောက်အအုံတွေနဲ့ အမြင့် ခြောက်ထပ်ထက်ပိုတဲ့ အဆောက်အအုံတွေကိုသာ ကွန်ဒိုတိုက်ခန်းအဖြစ် သတ်မှတ်မှာ ဖြစ်ပါတယ်။
ကွန်ဒိုဥပဒေမှာ မြေယာနဲ့ အခန်းပိုင်ဆိုင်ခွင့်တွေအပြင် အိမ်ခန်းတွေရဲ့ အရည်အသွေးနဲ့ စံနှုန်းတွေကို လည်း စနစ်တကျထည့်သွင်း သတ်မှတ်ထားတာကို တွေ့ရပါတယ်။
အခုလို အဆောက်အအုံအရည်အသွေးတွေကို စနစ်တကျသတ်မှတ်လိုက်တဲ့အတွက် မြန်မာနိုင်ငံရဲ့ ဆောက်လုပ်ရေးလုပ်ငန်းဟာလည်း ပိုမိုကောင်းမွန်လာမယ်လို့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေက သုံးသပ်ကြပါတယ်။
ကွန်ဒိုနည်းဥပဒေအရ အခန်းဝယ်ယူသူတိုင်းဟာ အခန်းပိုင်ဆိုင်မှုအချိုးအစားအလိုက် မြေယာပိုင်ဆိုင်ခွင့် ရှိပါတယ်။
ကွန်ဒိုဥပဒေမှာ ဝယ်ယူသူတွေဘက်က ကာကွယ်ပေးထားတဲ့အချက်တွေကိုလည်း တွေ့ရပါတယ်။ အဲဒါတွေ ကတော့ ကွန်ဒိုဆောက်လုပ်ခွင့် ရရှိပြီးတဲ့သူတွေဟာ အုတ်မြစ်ချလုပ်ငန်း ၃ဝ ရာခိုင်နှုန်းပြီးစီးတာနဲ့ မှတ်ပုံတင် အရာရှိထံကို လာရောက်အသိပေးရမှာ ဖြစ်ပါတယ်။
အဲဒီလိုအသိပေးပြီးမှသာ အခန်းတွေကို ကြိုပွိုင့်စနစ်နဲ့ ရောင်းချခွင့်ရရှိမှာ ဖြစ်ပါတယ်။ ကြိုတင်ရောင်းချရတဲ့ ငွေတွေကိုလည်း ဘဏ်မှာ အကောင့်တစ်ခုနဲ့ အပ်နှံပြီးတော့ အဆောက်အအုံတည်ဆောက်မှုအတွက်ပဲ ထုတ်ယူသုံးစွဲရမှာဖြစ်ပြီး အခြားနေရာတွေအတွက် သုံးစွဲခွင့်မရှိပါဘူး။
ဒီလိုကန့်သတ်လိုက်ခြင်းအားဖြင့် ကန်ထရိုက်တာတွေဟာ အခန်းလိမ်ရောင်းတာတွေ၊ တစ်ခန်းတည်းကို လူ သုံးလေးယောက်ကို တစ်ပြိုင်တည်းရောင်းတာတွေ လုပ်လို့ နိုင်တော့ပါဘူး။
ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေ ဈေးကစားတာတွေမပြုလုပ်နိုင်အောင် စည်းကမ်းချက်တစ်ခုကိုလည်း ထည့်သွင်းရေးဆွဲထားပါတယ်။ အဲဒါကတော့ အဆောက်အအုံရဲ့ သုံးပုံနှစ်ပုံ (၇၅ ရာခိုင်နှုန်း)ကို မဖြစ်မနေ ရောင်းကိုရောင်းရမယ်ဆိုတဲ့အချက်ဖြစ်ပါတယ်။
ဒီအချက်ကို ထည့်သွင်းထားရခြင်းဟာ တချို့ကန်ထရိုက်တာတွေဟာ အဆောက်အအုံရဲ့ ရာခိုင်နှုန်း အနည်းငယ်ကိုပဲရောင်းပြီး ကျန်တာတွေကို အငှားအဖြစ်ထားကာ ဈေးကွက်ကစားလေ့ရှိကြတာကြောင့်ပဲ ဖြစ်ပါတယ်။
ကန်ထရိုက်တာတွေကို နည်းဥပဒေမှာ ထပ်ပြီး ကန့်သတ်လိုက်တဲ့ အချက်တစ်ချက်ရှိပါသေးတယ်။ ဒါကတော့ စုပေါင်းပိုင်အဆောက်အအုံမှာရှိတဲ့ အိမ်ခန်းတွေကို အခြားနည်းနဲ့ သုံးစွဲမယ်ဆိုရင် တစ်နည်းအားဖြင့် စီးပွားရေးအရ အသုံးပြုမယ့် အိမ်ခန်းတွေပါဝင်ရင် လူနေအိမ်ခန်းတွေနဲ့ ရောနှော ဆောက်လုပ်ခြင်းမပြုဖို့နဲ့ ဝင်ထွက်ပေါက် သီးခြားထားဖို့ တားမြစ်ထားတာပဲဖြစ်ပါတယ်။
စီးပွားရေးအရ အသုံးပြုမယ့် အခန်းတွေကြောင့် တခြားနေထိုင်သူတွေကို အနှောင့်အယှက် မဖြစ်စေဖို့အတွက် တားမြစ်ထားတာ ဖြစ်ပါတယ်။
စုပေါင်းပိုင်အဆောက်အအုံ စတင်တည်ဆောက်စဉ်ကတည်းက စီးပွားရေးအရ အသုံးပြုမယ့်အခန်းတွေ ပါဝင်မယ်ဆိုရင် ဝယ်ယူသူတွေကို ကြိုတင်အသိပေးထားပြီး သိရှိသဘောတူကြောင်း ကြိုတင်ကတိပြုချက် ရယူထားရမယ်လို့ နည်းဥပဒေမှာ ဖော်ပြထားပါတယ်။
ကွန်ဒိုနည်းဥပဒေနဲ့အတူ နိုင်ငံခြားသားတွေကို ရင်းနှီးမြှုပ်နှံမှု တိုးချဲ့ခွင့်ပြုလိုက်တဲ့ ကုမ္ပဏီများဥပဒေသစ်တို့ဟာ ရှေ့ဆင့်နောက်ဆင့် အတည်ပြု ထွက်ပေါ်လာခဲ့ပါတယ်။ အဲဒီဥပဒေနှစ်ခုကြောင့်ပဲ လာမယ့် ၂ဝ၁၈ ခုနှစ်မှာ အိမ်ခြံမြေဈေးကွက်ဟာ ပိုပြီးတိုးတက်ကောင်းမွန်လာဖို့ မျှော်လင့်တယ်လို့ ကန်ထရိုက်တာအများစုက မျှော်လင့်နေကြပါတယ်။
Ref : The Myanmar Times
Posted By : Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ