By EMG, Shweproperty.com
Updated at 9 August 2013
မြန်မာနိုင်ငံ၏ ဆောက်လုပ်ရေး ကဏ္ဍ၌ ၂၀၁၃ ခုနှစ် ဇွန်လကုန်အထိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၃၈ သန်းနီးပါး ရှိနေကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။
အလားတူ ရန်ကုန်မြို့ရှိ ဆောက်လုပ်ရေး လုပ်ငန်းများ၌ ပြည်ပမှ ဆောက်လုပ်ရေး အင်ဂျင်နီယာများကို နည်းပညာပိုင်းဆိုင်ရာ အကြံပေးအဖြစ် အလုပ်ခေါ်ယူမှုများ ရှိနေသကဲ့သို့ ပြည်ပပညာရှင်များက ဝင်ရောက်လုပ်ကိုင်မှုများ ရှိနေကြောင်း သိရသည်။
''ရန်ကုန်က ဆောက်လုပ်ရေး လုပ်ငန်းခွင် တော်တော်များများမှာ နိုင်ငံခြားသား ပညာရှင်တွေနဲ့ နည်းပညာ ပူးပေါင်းဆောင်ရွက် နေကြတယ်။ အခုနောက်ပိုင်းဆို နိုင်ငံခြားသား ပညာရှင်တွေငှားပြီး အလုပ်လုပ် ကြတယ်။ အလုပ်ခန့်ထား လာကြတယ်။ ကျွန်တော်တို့ ဆောက်လုပ်ရေး လုပ်ငန်းမှာ ကိုရီးယားက ဆောက်လုပ်ရေး အင်ဂျင်နီယာ တစ်ယောက်ကို ငှားထားပြီ။ မကြာခင်မှာ ရောက်လာတော့မှာပါ'' ဟု မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးသာဌေးက ပြောကြားသည်။
လက်ရှိကာလသည် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကြောင့် မြန်မာနိုင်ငံတွင် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိနိုင်မည့် ဆောက်လုပ်ရေး လုပ်ငန်းများ၌ ရင်းနှီးမြှုပ်နှံရန် ပြည်ပနိုင်ငံများမှ စိတ်ဝင်စားလျက် ရှိကြောင်း သိရသည်။
''နိုင်ငံတကာကလည်း မြန်မာနိုင်ငံမှာ အလားအလာကောင်းတွေ ရှိနေတယ်ဆိုပြီး စိတ်ဝင်စားနေကြတယ်။ လက်ရှိတည်ဆောက်နေဆဲ ဧရာဝဏ်နဲ့ ရတနာမှာတောင် နိုင်ငံခြားက နည်းပညာတွေ ပါဝင်လာပြီ။ နောက်ထပ်လည်း အထပ်မြင့် အဆောက်အအုံတွေ၊ တခြားဆောက်လုပ်ရေး လုပ်ငန်းတွေမှာ ပြည်တွင်းလုပ်ငန်းရှင်တွေနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့တွေရှိတယ်။ ဒီအခြေအနေတွေအရ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေကနေ လုပ်သားသောင်းဂဏန်းအထိ အလုပ်အကိုင် အခွင့်အလမ်းတွေ ရလာမှာ ဖြစ်ပါတယ်'' ဟု မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်း၊ ဥက္ကဋ္ဌဦးသာဌေးက ပြောကြားသည်။
အလားတူ မြန်မာနိုင်ငံတွင် အလုပ်အကိုင် အခွင့်အလမ်းနှင့် ရန်ကုန်မြို့၌ ဟိုတယ်တည်ဆောက်ရေး၊ အထပ်မြင့် အဆောက်အအုံ တည်ဆောက်ရေး လုပ်ငန်းများ စသည့် ဆောက်လုပ်ရေး လုပ်ငန်းများ၌ နည်းပညာ ပူးပေါင်းလုပ်ကိုင်ရန်အတွက် ဂျပန်၊ ဗီယက်နမ်စသည့် နိုင်ငံများနှင့် မကြာမီ MoU ရေးထိုးမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌဦးသာဌေးက ပြောကြားသည်။ မြန်မာနိုင်ငံ၏ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် တရုတ်၊ ထိုင်း၊ ဟောင်ကောင်၊ ကိုရီးယားစသည့် နိုင်ငံများမှ အများဆုံး ရင်းနှီးမြှုပ်နှံလျက်ရှိကြောင်း သိရသည်။
Ref : EMG
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ