By emg, Shweproperty.com
Updated at 5 December 2014
မြေအရောင်းအဝယ် ဈေးကစားမှုများအား ထိန်းကျောင်းနိုင်မည့် မူဝါဒရေးဆွဲခြင်းနှင့် မြေအသုံးချမှုများအပေါ် အခွန်အခကောက်ခံသည့် ကိစ္စများဆောင်ရွက်နိုင်ရန် စီစဉ်နေကြောင်း အမျိုးသားမြေအရင်းအမြစ် စီမံခန့်ခွဲရေး ဗဟိုကော်မတီ၏ လုပ်ငန်းတာဝန်များအရ သိရသည်။
အမျိုးသားမြေအရင်းအမြစ် စီမံခန့်ခွဲရေး ဗဟိုကော်မတီကို နိုင်ငံတော်အတွင်း မြေသယံဇာတအသုံးချမှု မူဝါဒရေးဆွဲရန်လိုအပ်မှု၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ မြေသယံဇာတများကို စနစ်တကျ စီမံခန့်ခွဲအသုံးချရေး ဆောင်ရွက်နိုင်ရန်အတွက် ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါဗဟိုကော်မတီတွင် ဒုတိယသမ္မတ (၂) က ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ပြီး ပြည်ထဲရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ သမ္မတရုံးဝန်ကြီးဌာန(၅)၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပို့ဆောင်ရေးဝန်ကြီးဌာန၊ စွမ်းအင်၊ သတ္တုတွင်း၊ ဘဏ္ဍာရေး၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ ဆောက်လုပ်ရေးစသည့် ဝန်ကြီးဌာနများမှ ပြည်ထောင်စုဝန်ကြီးများ၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး/ပြည်နယ်ဝန်ကြီးချုပ်များ၊ ဒုတိယရှေ့နေချုပ်၊ နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးစည်ပင်သာယာရေးကော်မတီမှ ဥက္ကဋ္ဌများ ပါဝင်ဖွဲ့စည်းထားကြောင်း သိရသည်။
အမျိုးသားမြေအရင်းအမြစ် စီမံခန့်ခွဲရေး ဗဟိုကော်မတီသည် အမျိုးသားမြေအသုံးချမှု မူဝါဒရေးဆွဲနိုင်ရေး စီမံဆောင်ရွက်ခြင်း၊ မြေအရင်းအမြစ်ဆိုင်ရာ ဥပဒေအသီးသီးကို လွှမ်းခြုံသည့် အမျိုးသားမြေအရင်းအမြစ် ဥပဒေတစ်ရပ် ပြုစုပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်ခြင်း၊ အမျိုးသားမြေအရင်းအမြစ်ဥပဒေ ရေးဆွဲဆောင်ရွက်နိုင်ရန်အတွက် ဥပဒေရေးဆွဲပြုစုရေး ကော်မတီအား ဖွဲ့စည်းတာဝန်ပေးအပ်ကာ သတ်မှတ်ကာလအတွင်း ဥပဒေအတည်ပြုနိုင်ရေး လမ်းညွှန်ကြပ်မတ်ခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်သည်။
ထို့ပြင် မြေအရောင်းအဝယ် ဈေးကစားမှုများအား ထိန်းကျောင်းနိုင်မည့် မူဝါဒအစီအမံ ညှိနှိုင်းရေးဆွဲခြင်းနှင့် မြေအသုံးချမှုများအပေါ် အခွန်အခကောက်ခံသည့်ကိစ္စများ စနစ်တကျစီမံခြင်း၊ စီးပွားရေးအကျိုးဖြစ်ထွန်းမှု အများဆုံးနှင့် ပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံးဖြစ်စေမည့် မြေအသုံးချမှုဦးစားပေး အစီအစဉ်များ ရေးဆွဲနိုင်ရေးကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် အခွန်စနစ်နှင့်အတူ တရားဥပဒေစိုးမိုးမှု အားနည်းချက်များက အိမ်ခြံမြေဈေးကစားမှုများနှင့် ဈေးနှုန်းအလွန်အမင်း မြင့်တက်နေမှုတို့ကို ထိန်းချုပ်၍မရနိုင်သော အကြောင်းအရင်းများဖြစ်နေကြောင်း စီးပွားရေးပညာရှင်အချို့နှင့် ဥပဒေပညာရှင်အချို့က သုံးသပ်ထားမှုများလည်း ရှိခဲ့သည်။
အိမ်ခြံမြေဈေးကစားမှုများနှင့် ဈေးနှုန်းအလွန်အမင်း မြင့်တက်မှုများကို နိုင်ငံတကာတွင် အခွန်စနစ်ဖြင့် ထိန်းချုပ်ထားသော်လည်း မြန်မာနိုင်ငံ၏ လက်ရှိအခွန်စနစ်သည် အိမ်ခြံမြေဈေးနှုန်း ကြီးမြင့်မှုအား ဖြေရှင်းနိုင်ခြင်း မရှိသေးကြောင်း ထို့အတွက် ကောင်းမွန်ပြီးစနစ်ကျသည့် အခွန်စနစ်တစ်ရပ် ပေါ်ထွက်လာရန် လိုအပ်နေကြောင်းလည်း သိရသည်။
အိမ်ခြံမြေဈေးကစားမှုများအပေါ် အရေးယူခဲ့မှုများရှိကြောင်း၊ အခွန်တိမ်းရှောင်မှုများ ရှိပါကလည်း တည်ဆဲဥပဒေများနှင့်အညီ အရေးယူမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဗိုလ်မှူးချုပ် ကျော်ဇံမြင့်က အောက်တိုဘာလအတွင်း ပြုလုပ်ခဲ့သည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့ဖူးသည်။
အိမ်ခြံမြေ ရောင်းဝယ်နေသူများ ရင်းနှီးလုပ်ကိုင်သည့် ငွေကြေးမှာ တရားဝင်ငွေများဖြစ်ပြီး ၎င်းတို့ရရှိသည့် မြတ်စွန်းငွေများအပေါ် ဝင်ငွေခွန်ဥပဒေနှင့်အညီ အခွန်ပေးဆောင်ထားပါက အဆိုပါ အိမ်ခြံမြေ ရောင်းဝယ်သူများအား အရေးယူဆောင်ရွက်နိုင်မည် မဟုတ်ကြောင်း၊ သို့ရာတွင် တရားမဝင်သောနည်းလမ်းဖြင့် ရရှိသည့် ငွေကြေးအသုံးပြုကာ အိမ်ခြံမြေဝယ်ယူခြင်း၊ အိမ်ခြံမြေ ရောင်းဝယ်ရာတွင် ပေးဆောင်ရသည့် ဝင်ငွေခွန်များအား တိမ်းရှောင်ခြင်း၊ နိုင်ငံတော်၏ ဘဏ္ဍာရေးဆောင်ရွက်ချက်နှင့် စီမံချက်များကို ထိခိုက်စေရန် ကြံရွယ်ပြုလုပ်ခြင်းများ ကျူးလွန်ပါက အိမ်ခြံမြေ ရောင်းဝယ်သူများအား တည်ဆဲဥပဒေများဖြင့် အရေးယူနိုင်မည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။
Ref : EMG
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ