By ကေဇင်ဦး, Shweproperty.com
Updated at 16 September 2013
အိမ်၊ခြံ၊မြေဈေးကွက်အတွင်း ဈေးနှုန်းမြင့်မားခြင်း နှင့် အခွန်ဆုံးရှုံးခြင်းများရှိနေသဖြင့် ပြည်နယ်နှင့်တိုင်း ဒေသကြီးအသီးသီးတွင် တစ်ပေပတ်လည်မြေဈေးနှုန်း များ သတ်မှတ်သွားမည်ဟု ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမောင်မောင်သိမ်းက စက်တင်ဘာ ၁၂ ရက်တွင် မီဒီယာများသို့ ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာနယ်နိမိတ် အတွင်းရှိ မြို့နယ်အလိုက် တစ်ပေပတ်လည်မြေဈေးနှုန်း များကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ကာလတန်ဖိုး သတ်မှတ်ရေးအဖွဲ့မှ သတ်မှတ်ရေးဆွဲပြီးဖြစ်၍ မကြာမီ ကာလအတွင်း ဈေးနှုန်းများကို ထုတ်ပြန်ကြေညာသွား မည်ဟုလည်း ပြောသည်။ ဆက်လက်ပြီး ပြည်နယ်နှင့်တိုင်းဒေသကြီးများကိုပါ သတ်မှတ်သွားမည်ဖြစ်သည်။
''ရန်ကုန်ကို အရင်ဆုံးစမ်းသပ်ပြီးလုပ်တာ။ ရန်ကုန်မှာ အောင်မြင်ရင် တစ်နိုင်ငံလုံး ပြည်နယ် နှင့် တိုင်းဒေသ ကြီးအသီးသီးကို ဆက်ပြီးသတ်မှတ်သွားဖို့ သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့တွေကို အကူအညီတောင်းထား တယ်''ဟု ဦးမောင်မောင်သိမ်းက ပြောသည်။
ယင်းသို့ဆောင်ရွက်ခြင်းနှင့်ပတ်သက်ပြီး အခွန်ဆုံး ရှုံးမှုမရှိစေရန် သတ်မှတ်ခြင်းဖြစ်ကြောင်း၊ ၁ဝဝ တန် ဝယ်ပြီး ၅ဝ နှင့် စာချုပ်,ချုပ်ကာ ၅ဝ အတွက်သာ အခွန် ဆောင်ပြီး အခွန်သက်သာအောင် ဆောင်ရွက်ခြင်းများကို တားဆီးနိုင်မည်ဖြစ်ကြောင်း ရှင်းပြသည်။
''အဓိက,ကတော့ အခွန်ဆုံးရှုံးမှုတွေမဖြစ်အောင် လုပ်တာ။ ၁ဝဝ တန်ကိုဝယ်ပြီး ၅ဝ နဲ့ တံဆိပ်ခေါင်းနဲ့ စာချုပ်,ချုပ်တဲ့အခါ ၁ဝဝ မှာ ခုနစ်ကျပ်ရမယ့်အခွန်က လျော့သွားတယ်။ အစိုးရက နစ်တာတယ်ပေါ့။ ဒါကြောင့် လုပ်တာ''ဟု ဦးမောင်မောင်သိမ်းက ဆိုသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် ဈေးနှုန်းသတ် မှတ်ရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြေစာရင်းဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ ပါဝင်သော အဖွဲ့များဖြင့် ဆောင်ရွက်လျက်ရှိပြီး စက်တင်ဘာလကုန် တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အိမ်၊ခြံ၊မြေစံနှုန်း များကို ကြေညာသွားမည်ဟုလည်း သိရသည်။
ယင်းသို့ဈေးနှုန်းသတ်မှတ်ခြင်းနှင့်ပတ်သက်ပြီး စီးပွား ရေးနှင့် ဥပဒေပညာရှင် ဦးတင်သန်းဦးက ''ဒီလိုသတ်မှတ် ဆောင်ရွက်ခြင်းအားဖြင့် မြေဈေးကျအောင်လုပ်လို့ရမှာ မဟုတ်ပါဘူး။ ဈေးကွက်ဝယ်လိုအားနဲ့ ရောင်းလိုအားက အစိုးရသတ်မှတ်တဲ့အပေါ်မှာ လုပ်နေတာမဟုတ်ဘူး။ စီးပွားရေး အရ ရောင်းလိုအား နဲ့ ဝယ်လိုအား ဟာ သူ့ဘာသာ စီးဆင်းနေတဲ့သဘောပါ''ဟု မဇ္ဈိမသို့ ပြောထားသည်။
နိုင်ငံတော်လူမှုစီးပွားဖွံ့ဖြိုးရေး အကြံပေးကောင်စီ အဖွဲ့ဝင် ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်ကလည်း မြေဈေးနှုန်းများ ကြီးမြင့်ခြင်းသည် ဈေးကွက်စီးပွားရေး အရ ရောင်းလိုအားနှင့် ဝယ်လိုအားအပေါ် မူတည်ကာ ဖြစ်ပေါ်နေခြင်းကြောင့် အစိုးရအနေဖြင့် ဝင်ရောက်ထိန်း ချုပ်ခြင်း လုံးဝမလုပ်သင့်ကြောင်း ဇူလိုင်ကအတွင်းက ကျင်းပသည့် အိမ်ခြံမြေဆိုင်ရာဟောပြောပွဲတစ်ခုတွင် ပြောဆိုထားသည်။
Ref : Mizzima
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ