By Sint Sint, Shweproperty.com
Updated at 22 September 2020
ကိုဗစ်ရောဂါနှင့် ပတ်သက်သည့် အကျိုးဆက် လိုအပ်ချက်များအတွက် ဘီလီယံတစ်ထောင်ကျော် သုံးစွဲမည်ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနက အထွေထွေပိုလျှံငွေ ဘီလီယံတစ်ထောင်ကျော်ကို သဘာဝဘေးအန္တရာယ်အတွက် သတ်မှတ်လိုက်ပြီး ကိုဗစ်ရောဂါနှင့် ပတ်သက်၍ အသုံးပြုမည်ဖြစ်ပြီး အခြားသော သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်၍ အဆိုပါရန်ပုံငွေထဲတွင် သီးခြားရှိကြောင်း အတိုင်ပင်ခံက ပြောကြားသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့တွင် ကိုဗစ် ၁၉ ရောဂါဖြစ်ပွားမှု နောက်ဆုံး အခြေအနေနှင့် စပ်လျဉ်း၍ ပြည်သူသို့ အစီရင်ခံတင်ပြသည့်မိန့်ခွန်းတွင် အထက်ပါအတိုင်း ထည့်သွင်း ပြောကြားခဲ့ခြင်းလည်းဖြစ်သည်။
“အခု ဘီလီယံတစ်ထောင်ကျော် ရွှေ့ပြောင်းလိုက်တယ်ဆိုတာ ကျွန်မတို့ ကိုဗစ် ရောဂါနဲ့ ပတ်သက်တဲ့ အကျိုးဆက်တွေအတွက်၊ ကိုဗစ်ရောဂါနဲ့ ပတ်သက်တဲ့ လိုအပ်ချက်တွေအတွက် သုံးဖို့ဖြစ်ပါတယ်။ ဒီလို ကျွန်မပြောပြတာက ပြည်သူလူထုအတွက် ကျွန်မတို့ တတ်နိုင်သမျှ အားလုံး ပြင်ဆင်ထားပါတယ်ဆိုတာ သိစေချင်လို့ပါ။ စိုးရိမ်မလွန်စေချင်လို့ပါ”ဟု အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။
သို့သော် စိုးရိမ်မလွန်စေလိုသော်လည်း မပေါ့ဆရန်လည်း ထပ်မံမေတ္တာရပ်ခံကြောင်းနှင့် ပေါ့ဆမှုများသောကြောင့် ယခုအခါ အနည်းငယ်ပို၍ ရုန်းကန်နေရပြီး အကောင်းဆုံးရင်ဆိုင်ကျော်လွှားရန်ဖြစ်ကြောင်းလည်း ၎င်းက သတိပေးပြောကြားသည်။
ထို့ကြောင့် သတ်မှတ်ထားသော စည်းကမ်းချက်များဖြစ်သော အပြင်ထွက်လျှင် နှာခေါင်းစည်းတပ်ဆင်ရန်၊ လူစုလူဝေးကို ရှောင်ကြဉ်ရန်၊ လက်ကို စက္ကန့် ၂၀ ကြာ ဆေးကြောရန်၊ မလွှဲမရှောင်သာ အပြင်သွားရပါက အခြားသူများနှင့် နီးနီးကပ်ကပ်မနေဘဲ ခြောက်ပေခွာနေရန် စသည့် စည်းကမ်းချက်များကို လိုက်နာ၍ တစ်ဦးချင်းက မိမိတို့၏ ကျန်းမာရေးကို စောင့်ရှောက်မည်ဆိုပါက ကိုဗစ် ၁၉ ထိန်းချုပ်ရေး လုပ်ငန်းမှာ ပို၍ လျင်မြန်စွာ အောင်မြင်မည်ဖြစ်ကြောင်းလည်း အတိုင်ပင်ခံက ပြောကြားသည်။
ကိုဗစ် ကာကွယ်၊ ကုသဆေး ပေါ်လျှင်လည်း မြန်မာနိုင်ငံသို့ အမြန်ဆုံးရောက်နိုင်ရန် စီစဉ်နေဟု အတိုင်ပင်ခံပြောကြား
ကိုဗစ် ၁၉ ရောဂါပိုးအတွက် လက်ရှိတွင် ကာကွယ်ဆေး၊ ကုသဆေးများ ထုတ်လုပ်နေသည့် နိုင်ငံများရှိပြီး ထိုဆေးများပေါ်လာပါက အချိန်နှင့်တပြေးညီ မြန်မာနိုင်ငံသို့ မြန်နိုင်သမျှ မြန်မြန်ရောက်ရှိရန် ယခုကတည်း ကပင် စီစဉ်နေကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
“ဥပမာဆိုရင် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနနဲ့ ကျန်းမာရေးဝန်ကြီးဌာနကနေပြီးတော့ ဒီလိုဆေးတွေထုတ်နေတဲ့ နိုင်ငံက သံတမန်တွေနဲ့ ချိတ်ဆက်ပြီးတော့ ဘယ်လောက်ကျွန်မတို့ မြန်မြန်ရနိုင်ဖို့ အလားအလာရှိသလဲ။ အကယ်၍ ဒီဆေးတွေက အောင်မြင်တယ်ဆိုရင် ဆေးတွေက သုံးသင့် မသုံးသင့်ဆိုတာ ကမ္ဘာ့ကျန်းမာရေးဌာနက ကြည့်ပြီး စမ်းသပ်ပြီးမှ ဆုံးဖြတ်မှာဖြစ်ပါတယ်။ မသေချာဘဲနဲ့ ကျွန်မတို့ရဲ့ ပြည်သူတွေအပေါ်မှာ ဒီဆေးတွေကို မသုံးပါဘူး”ဟု အတိုင်ပင်ခံက ပြောကြားသည်။
အဓိကအားဖြင့် ရန်ကုန်တိုင်းတွင် ကိုဗစ်ရောဂါပြန့်ပွားမှုထိန်းချုပ်နိုင်ရန် အားလုံး အားစိုက်ရမည်ဖြစ်ပြီး ရန်ကုန်တွင်ရှိသော ပြည်သူ ပြည်သား တစ်ယောက်ချင်းက မိမိ ကျန်းမာရေးကို အားစိုက်ရန်နှင့် မိမိကျန်းမာရေးနှင့် ကိုဗစ်မကူးစက်ရေးကို အားစိုက်ရန် အတိုင်ပင်ခံက မှာကြားသည်။
ရန်ကုန်တိုင်းဒေသကြီးမှာ ကိုဗစ်ကူးစက်ဖြစ်ပွားမှု အများဆုံးဖြစ်ပြီး တစ်နိုင်ငံလုံးအနေဖြင့်လည်း ပိုးတွေ့လူနာ မှာ ခြောက်ထောင်ကျော်ပြီဖြစ်ကာ သေဆုံးသူလူနာမှာလည်း ၉၈ ဦးအထိရှိပြီ ဖြစ်သည်။
Credit : The Voice Journal
Photo Credit : aa.com
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ