By Myanmar Times, Shweproperty.com
Updated at 26 June 2015
ရွှေတိဂုံစေတီတော်အနီးတွင် တည်ဆောက် မည့် ဒဂုံစီးတီးအိမ်ရာစီမံကိန်းအားပြည်သူလူထုနှင့် တပ်မတော်အကြား အထင်အမြင် လွဲမှားမှုမဖြစ်စေရန် လုံးဝရပ်ဆိုင်းပေးမည်ဟုတာဝန်ရှိသူများက ပြောကြားခဲ့သော်လည်း ဒဂုံစီးတီး တည်ဆောက်မည့်ကုမ္ပဏီများက ၎င်းတို့ထံတရားဝင်အသိပေး မှု မရှိသေးဟု ပြောကြားသည်။
ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထွန်းထွန်းနောင်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် နယ်စပ်ရေးနှင့်လုံခြုံရေးရာဝန်ကြီးဗိုလ်မှူးကြီးတင်ဝင်းတို့ဇွန်လ၂၀ရက်နေ့ညနေတွင် ရွှေတိဂုံ စေတီတော်ကာကွယ် စောင့်ရှောက်ရေးအဖွဲ့နှင့် အောင်ဆန်း တောရကျောင်းတိုက်၌ တွေ့ဆုံဆွေးနွေးခဲ့ကြပြီးနောက် စီမံကိန်းအားလုံးကို လုံးဝဖျက်သိမ်းပေးမည်ဖြစ်ကြောင်း ၎င်းတို့က ကတိပေး ပြောကြားခဲ့ကာ စီမံကိန်းရပ်ဆိုင်းကြောင်း ကြေညာချက်ထွက်ရန် လုပ်ထုံးလုပ်နည်း များအရ အဆင့်ဆင့်တင်ပြဆောင်ရွက်ကြ ရမည်ဖြစ်ကြောင်းရွှေတိဂုံစေတီတော် ကာကွယ်စောင့်ရှောက်ရေးအဖွဲ့က သတင်း ထုတ်ပြန်သည်။
"သူတို့ပြောတဲ့ စီမံကိန်းလုပ်ဆောင်ချက် ကို နှစ်ပတ်တိတိ စောင့်ကြည့်ပေးမယ်လို ပြောထားတယ်။ ကြေညာချက်ထွက်မလာဘူး ဆိုရင် ကော်မတီရဲ့ လုပ်ဆောင်ရမယ့် လုပ်ငန်း စဉ်တွေကို ဆက်လက်လုပ်ဆောင် သွားမယ်" ဟု ရွှေတိဂုံစေတီတော် ကာကွယ်စောင့် ရှောက်ရေးအဖွဲ့မှ ဦးဆောင်ပါဝင်သူ ဓမ္မစက္က ဦးမောင်မောင်က ပြောသည်။
ဒဂုံစီးတီး (၁)ကို လုပ်ငန်းလုပ်ကိုင်ခွင့် ခွင့်ပြုခဲ့သည့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) ထံမှ ရပ်ဆိုင်းရန် တရားဝင်စာ ယခုအချိန်ထိ မရရှိသေးကြောင်း ဒဂုံစီးတီး (၁) စီမံကိန်းကို တည်ဆောက်မည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ Marga Landmark ၏ သတင်းထုတ်ပြန် ရေးအဖွဲ့က ဇွန်လ ၂၂ ရက် နေ့တွင် ပြောကြားခဲ့သည်။
လက်ရှိအချိန်တွင်လည်း ဒဂုံစီးတီးစီမံကိန်း အပါအဝင် အခြားစီမံကိန်းငါးခုစလုံး၏ Integrated Master Plan အား သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများက နောက်ဆုံးအဆင့်ဖြင့် ကြည့် ရှုစစ်ဆေးနေသည်ဟု နားလည်ထားကြောင်း ဖော်ပြခဲ့သည်။
ဒဂုံစီးတီး (၂) စီမံကိန်းကို တည်ဆောက် မည့် နိုင်ငံသားရင်းနှီးမြှုပ်နှံမှုဖြစ်သည့် သုခရတနာ ကုမ္ပဏီက ၎င်းတို့အတွက် စစ်ဆေးလျက်ရှိသည့် Integrated Master Plan ၏ နောက်ဆုံး ဆုံးဖြတ်ချက်ကိုသာ စောင့်ဆိုင်းလျက်ရှိကြောင်း ကုမ္ပဏီ၏ ဥက္ကဋ္ဌ ဦးသောင်းထိုက်မင်းက ပြောသည်။
"ကျွန်တော်တို့ကတော့ ဒီ Plan ရဲ့ နောက်ဆုံး အဖြေ ထွက်လာမယ့် ဆုံးဖြတ်ချက်ကိုပဲ စောင့်ဆိုင်းနေပါတယ်။ လောလောဆယ်တော့ ကျွန်တော်တို့ ဒဂုံစီးတီး (၂) ရဲ့ အရောင်းပြခန်းကို ခဏပိတ်ထားပြီး အဖြေကိုပဲ စောင့်နေပါ တယ်။ အခုချိန်ထိတော့ ကျွန်တော်တို့ဆီကို တရားဝင် စီမံကိန်းကို ရပ်နားလိုက်တဲ့အကြောင်း ဘာမှမရောက်လာသေးပါဘူး" ဟု ၎င်းက ပြောသည်။
ဒဂုံစီးတီးအိမ်ရာစီမံကိန်းသည် နိုင်ငံခြား သားနှင့်နိုင်ငံသား ရင်းနှီးမြှုပ်နှံမှု နှစ်ခု ပူးပေါင်းကာ ဒဂုံစီးတီး (၁) နှင့် (၂) အဖြစ် ဘက်စုံသုံးလူနေရပ်ဝန်းကို ရွှေတိဂုံဘုရား အနီး တပ်မတော်ပိုင်မြေ များပေါ်တွင် ဆောက်လုပ်မည့် စီမံကိန်းဖြစ်သည်။ အဆိုပါ စီမံကိန်းများကို ဆောက်လုပ်ခွင့်ပြုသင့် မပြု သင့်ကို ဆုံးဖြတ်နိုင်ရန် နည်းပညာပိုင်းဆိုင်ရာ စစ်ဆေးမှုများပြုလုပ်ရန်အတွက် ပြီးခဲ့သည့် ဇန်န ဝါရီလကုန်ပိုင်း ခန့်တွင် ြှုဃ က စီမံကိန်းအားလုံး ကို ခေတ္တရပ်နားခိုင်းခဲ့သည်။ နည်းပညာ ပိုင်းဆိုင်ရာ စစ်ဆေးမှုကို မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းကို တာဝန်ပေးအပ်ခဲ့ပြီး အသင်းက ၎င်းတို့၏ စစ်ဆေးတွေ့ရှိချက်များကို MIC သို့ တင်ပြခဲ့ပြီးနောက် MIC က ထပ်မံ၍ Integrated Master Plan ရေးဆွဲကာ နောက်ဆုံးအဆင့် အဖြေပေးနိုင် ရန်အတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း MIC ၏ ညွှန်ကြားရေးမှူးချုပ်ဦးအောင်နိုင်ဦးက မတ်လအစောပိုင်းက ပြောကြားခဲ့သည်။
ရန်ကုန်မြို့ရှိ အဆောက်အအုံများကို ဆောက်လုပ်ခွင့်ပါမစ် ချပေးသည့် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၏ အင်ဂျင်နီယာဌာန(အဆောက်အအုံ)သို့ မေးမြန်းသည့်အခါ ဒဂုံစီးတီး စီမံကိန်းအတွက် ဌာနကစိစစ်လျက်ရှိသော်လည်း Integrated Master Plan ပါဝင်ပတ်သက်မှု မရှိ ကြောင်းTown Planners နှင့် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီတို့က လုပ်ဆောင်နေသည့် အစီအစဉ်တစ်ခုဖြစ်ကြောင်း ဒုတိယ ဌာနမှူး ဦးနေဝင်းက ပြောသည်။
"ဒဂုံစီးတီးစီမံကိန်းရဲ့ Master Plan နဲ့ ပတ်သက်လို့ ကျွန်တော်တို့ ဌာနက မပါဝင်ပါဘူး။ အဆောက်အအုံအမြင့်နဲ့ဆောက်လုပ်ခွင့်ပြုချက်ကို ကျွန်တော်တို့ဌာနက ခွင့်ပြုပေးရတာ မှန်ပေမယ့် အခုဒီစီမံကိန်းအတွက် ဆွဲတဲ့သူတွေက ခွင့်ပြုသင့်တယ်ဆို ခွင့်ပြုမှာပါ" ဟု ၎င်းက မြန်မာတိုင်း(မ်) ကိုပြောသည်။ ထို့ပြင် လက်ရှိအချိန်ထိ မည့်သည့်အစိုးရ ဌာနက ဒဂုံစီးတီး စီမံကိန်းရပ်ဆိုင်းရန် ကိစ္စရပ်ကို တရားဝင်သတင်းထုတ်ပြန်ခြင်း မရှိသေးကြောင်း ၎င်းက ပြောသည်။
အင်ဂျင်နီယာ (အဆောက်အအုံ) ဌာန၏ ပြောကြားချက်အရ Master Plan လုပ်ဆောင်နေသည့် အဖွဲ့အစည်းများထဲတွင် ပါဝင်သည့် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း၏ အင်ဂျင် နီယာကောင်စီသည် ယင်း Intergrated တွင် ဆက်လက် ပါဝင်ပတ်သက် ခြင်းမရှိကြောင်း မြန်မာနိုင်ငံအင်ဂျင်နီယာ အသင်း (MES) ဥက္ကဋ္ဌ ဦးဝင်းခိုင်၏ အတွင်းရေးမှူး ဒေါ်မေမြတ်နိုးက ပြောသည်။
"ဒဂုံစီးတီးစီမံကိန်း ရဲ့ Master Plan မှာ အင်ဂျင်နီယာအသင်း မပါတော့ပါဘူး။ MES က ရွှေတိဂုံစေတီတော်နားက စီမံကိန်းငါးခုရဲ့ စီမံကိန်းနေရာကိုသွားပြီး နည်းပညာပိုင်း ဆိုင်ရာ စစ်ဆေးမှုတွေကိုပဲ MIC ရဲ့ ညွှန်ကြားချက်နဲ့ လွန်ခဲ့တဲ့နှစ်လကျော်လောက် ကတည်းက လုပ်ခဲ့ပြီးပါပြီ။ တွေ့ရှိချက်တွေကိုလည်း MIC ကို ပေးပို့ ပေးခဲ့ပြီးပါပြီ။ နောက်ပိုင်းမှာ ပါဝင် ပတ်သက် မှု မရှိတော့ပါဘူး" ဟု ၎င်းက ပြောကြားသည်။
ဒဂုံစီးတီး၏ ဆက်လက်ဆောက်လုပ်ခွင့် ရှိ မရှိအား အဖြေထုတ်ပေးမည့် အရေးပါလှသည့် Integrated Master Plan အာ ရန်ကုန် မြို့တော် စည်ပင်သာယာရေးကော်မတီ သို့မဟုတ် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း (အင်ဂျင်နီယာကောင်စီ) သို့မဟုတ် အစိုးရက တာဝန်ယူ ထားသည်ကို ရှင်းလင်းစွာ မသိရှိ ရသလို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် သို့လည်း ဆက်သွယ်မေးမြန်း၍ မရခဲ့ပေ။
ဇွန်လ ၉ ရက်နေ့တွင် ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်း အဝေးတွင် လည်း ဒဂုံစီးတီးစီမံကိန်းကို အပြီးသတ်ဆိုင်းငံ့ပေးရန် တောင်းဆိုမှုမှာ လည်း တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ထိန်းချုပ် မှုအောက်တွင် မရှိခြင်းကြောင့် အဆိုကို ပယ်ချခံခဲ့သည်။ အမျိုး၊ ဘာသာ၊ သာသနာစောင့်ရှောက်ရေးအဖွဲ့၏ ဒုတိယအကြိမ် နိုင်ငံလုံးဆိုင်ရာ နှစ်ပတ်လည် ညီလာခံအစည်းအဝေးသဘော ထားကြေညာချက်တွင် မြန်မာတစ်မျိုးသား လုံး၏ အသက် ဝိညာဉ်ဖြစ်သော ရွှေတိဂုံစေတီ တော်မြတ်ကြီးကို ကာကွယ်စောင့်ရှောက်သောအားဖြင့် သိဂုၤတ္တရကုန်းမြေဝန်းကျင်တွင် မည်သည့်အဆောက်အအုံမျှ မဆောက်လုပ်ကြရန် တိုက် တွန်းထားသည်။
သို့သော် လက်ရှိအချိန်တွင် ရွှေတိဂုံ စောင့်ရှောက်ရေး ကော်မတီကလည်း လာရောက်တွေ့ ဆုံခဲ့သည့် တပ်မတော်မှ တာဝန်ရှိသူများ၏ ကတိစကားကို မျှော်လင့်စောင့်စားလျက်ရှိသကဲ့သို ဒဂုံစီးတီးစီမံကိန်း ၏ လုပ်ငန်းရှင် မြန်မာနိုင်ငံသားနှင့် နိုင်ငံ ခြားသား ရင်းနှီးမြှုပ်သူများကလည်း MIC က နောက်ဆုံးအဆင့် ဆုံးဖြတ်ချက် အဖြေပေးမည့် Integrated Master Plan ရလဒ်ကို စောင့်လျက်ရှိသည့် အခြေအနေတွင်သာ ရှိနေသေးသည်။
Ref : Myanmar Times
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ