By Eleven Media Group, Shweproperty.com
Updated at 14 July 2015
ရွှေတိဂုံစေတီတော် အနီးတစ်ဝိုက်ရှိ အစိုးရက ရပ်တန့်ရန်ဆုံးဖြတ်ခဲ့သည့် စီမံကိန်းများထဲမှ Dagon City 1 စီမံကိန်းကို မရမ်းကုန်းမြို့နယ်အတွင်း နေရာအစားပေးမည်ဟူသည့် သတင်းမှာ မှားယွင်းနေကြောင်း အဆိုပါစီမံကိန်း၏ Developer ဖြစ်သူ Marga Landmark က ရှင်းလင်းပြောကြားသည်။ “Dagon City 1 စီမံကိန်းနေရာကို မရမ်းကုန်းမြို့နယ်အတွင်း နေရာအစားပြန်ပေးမည်ဟု သတင်းထွက်” ခေါင်းစဉ်ဖြင့် အပတ်စဉ်ထုတ် ဂျာနယ်တစ်စောင်က မျက်နှာဖုံးတွင် ဖော်ပြခဲ့မှုအတွက် ၎င်းတို့က ပြန်လည်ရှင်းလင်း ခဲ့ခြင်းဖြစ်သည်။ အဆိုပါသတင်းမှာ မှန်ကန်မှုမရှိဘဲ Dagon City နှင့် အစိုးရအဖွဲ့ကြား၌ မရမ်းကုန်းမြို့နယ်တွင် မြေအစား ပြန်ပေးခြင်းနှင့် ပတ်သက်၍ မည်သည့်ဆွေးနွေး ပြောဆိုမှုမှ ပြုလုပ်ခဲ့ခြင်းမရှိကြောင်း ဖြေရှင်းချက် ထုတ်ပြန်ခဲ့သည်။ ပြည်ထောင်စုအစိုးရအဖွဲ့က ရွှေတိဂုံစေတီတော်အနီးရှိ Dagon City စီမံကိန်းများကို ရပ်တန့်ရန်ဆုံးဖြတ်ခဲ့ပြီး လက်ရှိအချိန်တွင် ရင်းနှီးမြှုပ်နှံသူများ ဘက်မှလည်း အဆင်ပြေစေရန် မည်သို့ဖြေရှင်း ဆောင်ရွက်ပေးမည်ကို ထုတ်ပြန်မှုမရှိသေးပေ။ Dagon City စီမံကိန်းများအနက် Dagon City 1 စီမံကိန်း၏ ရင်းနှီးတည်ဆောက်သူ ကုမ္ပဏီမှာ Marga Landmark ဖြစ်ပြီး Dagon City 2 စီမံကိန်း၏ ရင်းနှီးတည်ဆောက်သူ ကုမ္ပဏီမှာ သုခရတနာ ကုမ္ပဏီဖြစ်ကြောင်း သိရသည်။ Marga Landmark ကုမ္ပဏီက ရွှေတိဂုံစေတီတော်အနီးရှိ Dagon City စီမံကိန်းများကိုရပ်တန့်ရန် ပြည်ထောင်စုအစိုးရက ဆုံးဖြတ်ချက်အပေါ် လေးစားမှုရှိပြီး ၎င်းတို့၏ ဖောက်သည်များနှင့် ရင်းနှီးမြှုပ်နှံ သူများအားလုံး အဆင်ပြေစေရန် အစိုးရနှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ ၎င်းတို့ကုမ္ပဏီအနေဖြင့် ပြည်သူများ၏ စိတ်ခံစားချက်များ၊ အထူးသဖြင့် သံဃာများ၏ သဘောထားများကို လေးစားမှုရှိပြီး မြန်မာအစိုးရနှင့် တိုင်ပင်ဆွေးနွေးကာ နိုင်ငံနှင့် ပြည်ပရင်းနှီးမြှုပ်နှံသူများအကြား နိုင်ငံတကာ စာချုပ်များကို ထိန်းသိမ်းနိုင်မည့် အစီအစဉ်များအတွက် အစိုးရနှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း သိရသည်။ ၎င်းတို့အနေဖြင့် အစိုးရနှင့် အစီအစဉ် အသေးစိတ်ကို သဘောတူညီချက် ရရှိပြီးပါက အခန်းငှားရမ်း ထားသူများနှင့် ရေးထိုးထားသည့် သဘောတူညီချက်အတိုင်း ဆက်လက်လုပ်ဆောင် ပေးသွားမည်ဟု ပြောကြားထားသည်။ Marga Landmark က ၎င်းတို့၏ ဥပဒေဆိုင်ရာ အခွင့်အရေးများသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေဘောင်အတွင်း ကာကွယ်ပေးထားသည်ဟု နားလည်ထားပြီး သက်ဆိုင်သူ အားလုံးအတွက် ကျေနပ်ပြေလည်စေမည့် အဖြေတစ်ခု ထွက်ရှိလာမည်ဟုလည်း ကြိုတင်ခန့်မှန်းထားကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
Ref : Eleve Media Group
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ