By Myanmar Times, Shweproperty.com
Updated at 22 July 2015
ပြည်တွင်း၌ ထပ်မံခွင့်ပြုမည့် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုများကို ဒဂုံစီးတီးစီမံကိန်းကဲ့သို့ ဖြစ်ရပ် ပါများ ထပ်မံမဖြစ်ပေါ်စေရန် ဌာနဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို အထူးသတိထားလုပ်ကိုင် သွားတော့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦးက မြန်မာတိုင်း(မ်)ကို ပြောသည်။ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ ရွှေတိဂုံ ဘုရားအနီးယခင်က နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်နှင့် မော်တော်ယာဉ်တပ်ရင်းနေရာ ဟောင်းတို့တွင် ဝင်ရောက်လုပ်ကိုင်ရန်ခွင့်ပြု ထားခဲ့သည့် ဒဂုံစီးတီးစီမံကိန်းအပါအဝင် ကုမ္ပဏီလေးခု၏ စီမံကိန်းများကို လူထု ကန့်ကွက် မှုများကြောင့် ရပ်ဆိုင်းရန် ဇူလိုင် ၇ ရက်တွင် အစိုးရကထုတ်ပြန်ခဲ့သည်။ ထို့အတွက် ၎င်းအခြေအနေကဲ့သို့ ထပ်မံ ဖြစ်ပေါ်ခြင်းမရှိရန် ဌာနဆိုင်ရာ အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုများဖြင့် စနစ်တကျ လုပ်ကိုင်သွားရန် စီစဉ်ထားကြောင်း ၎င်းက ပြောသည်။ "ဒီကိစ္စက မမျှော်လင့်ပဲဖြစ်သွားတာပါ။ စနစ်တကျ ထောင့်စုံကြည့်ခဲ့ပေမယ့် ဖြစ်သွား ခဲ့တာပါ။ နောင်ကိုတော့ အဲလိုမဖြစ်အောင် အခုထက်ပိုပြီး ဌာနဆိုင်ရာအချင်းချင်း ညှိနှိုင်းပြီး ဘက်စုံထောင့်စုံကကြည့်ပြီး ခွင့်ပြု ပေးသွားမှာဖြစ်တဲ့အတွက် အခုလိုထပ်မဖြစ် နိုင်တော့ပါဘူး" ဟု ဦးအောင်နိုင်ဦးက ပြောသည်။ ထို့ကဲ့သို့ ဌာနဆိုင်ရာ အချင်းချင်း ပူးပေါင်း ညှိနှိုင်းမှု ပိုမိုဆောင်ရွက်နိုင်ရေးအတွက် မြန်မာ့ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကို မေလ အတွင်းက ပြန်လည်ပြင်ဆင်ဖွဲ့စည်းထား သည်ဟုလည်း ဦးအောင်နိုင်ဦးက ဆက်လက် ပြောသည်။ ၎င်းဖွဲ့စည်းပုံအသစ်တွင် စွမ်းအင်ဝန်ကြီး ဌာန၊ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာန၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနတို့မှ ပြည်ထောင်စု ဝန်ကြီးများပါဝင်ကာ ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် တို့ကို ထည့်သွင်းဖွဲ့ စည်းထားသည်။ ထို့ပြင် စီးပွားရေးပညာရှင်များနှင့် ပုဂ္ဂလိကကဏ္ဍ လုပ်ငန်းရှင်များကိုလည်း ထည့်သွင်းဖွဲ့စည်း ထားသည်။ အစိုးရက အမိန့်ကြေညာစာအမှတ် ၆၆/ ၂၀၁၅ ဖြင့် ထုတ်ပြန်လိုက်သည့် ထုတ်ပြန် ချက်တွင် Marga Landmark Development ကုမ္ပဏီမှ ဒဂုံစီးတီးစီမံကိန်းအပါအဝင် ၎င်းအနီးတွင် အခြားစီမံကိန်းများလုပ်ကိုင်ခွင့်ရရှိထားသည့် ရွှေတောင်ဖွံ့ဖြိုးမှုကုမ္ပဏီလီမိတက်၊ သုခရတနာကုမ္ပဏီလီမိတက်နှင့် Adventure Myanmar Yours and Incentives ကုမ္ပဏီများကိုလည်း အသီးသီးရပ်ဆိုင်းရန် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် စီးပွားရေးရင်းနှီးမြှုပ်နှံမှု ဝင်ရောက်လုပ်ကိုင်မည်ဆိုပါက ဥပဒေ ရေးရာကျွမ်းကျင်မှုနှင့် သဘာဝပတ်ဝန်းကျင် ဆိုင်ရာ ပညာရှင်များကိုလည်း ထည့်သွင်း စဉ်းစားရန် လိုအပ် လာခြင်းကြောင့် အချို့ သော ရင်းနှီးမြှုပ်နှံမှုများကို စဉ်းစားရန်လိုအပ် သည်ဟု ဂျပန်နိုင်ငံ Hitachi ကုမ္ပဏီဥက္ကဋ္ဌ မစ္စတာ မာဆာကာဇူအေအိုကီက မြန်မာတိုင်း(မ်)ကို ပြောသည်။ "မြန်မာနိုင်ငံမှာက ကြီးမားတဲ့ရင်းနှီး မြှုပ်နှံမှုအတွက်ဆိုရင် ပညာရှင်တွေအများကြီး လိုလာပါလိမ့်မယ်။ ဥပဒေနဲ့ သက်ဆိုင် တဲ့ပညာရှင်၊ သဘာဝပတ်ဝန်းကျင်နဲ့ သက် ဆိုင်တဲ့ ပညာရှင် စသဖြင့် အများကြီးလိုလာမှာပါ။ ပညာရှင်တွေမရှိဘဲနဲ့ ဆိုရင်တော့ ဥပဒေရေးရာကိစ္စရပ်တွေနဲ့ တခြားကိစ္စရပ်တွေအတွက်က နည်းနည်းအခက်အခဲရှိပါ တယ်။ အဲဒါကြောင့် ကြီးမားတဲ့ရင်းနှီးမြှုပ်နှံမှု အတွက်က စဉ်းစားရဦးမှာဖြစ်ပါတယ်" ဟု မစ္စတာ မာဆာကာဇူအေအိုကီက မြန်မာနိုင်ငံ ၏ လျှပ်စစ်လုပ်ငန်းဆိုင်ရာကဏ္ဍတွင် Hitachi က ပါဝင်လုပ်ကိုင် ရန်ကိစ္စနှင့်ပတ်သက် သည့် မြန်မာတိုင်း(မ်)၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားရာ တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်၍ ပြောသည်။ နိုင်ငံတော်အစိုးရအဖွဲ့သည် ထိုကဲ့သို့ လုပ်ငန်းများ ရပ်ဆိုင်းရန်ကြေညာလိုက်ခြင်း ကြောင့် အခြားသောရင်းနှီးမြှုပ်နှံမှုများ တုံ့ဆိုင်းသွားမည့် အခြေအနေနှင့် ကြုံလာနိုင် သည်ဟုလည်း ပြည်တွင်း လုပ်ငန်းရှင်များ က ပြောသည်။ "ရွှေတိဂုံဘုရားနဲ့ပတ်သက်လို့ အခုလိုရပ်ဆိုင်းစေတာက ကောင်းပါတယ်။ ဒါပေမဲ့ တခြားဘက်ကကြည့်ရင်တော့ နိုင်ငံတစ်နိုင်ငံ အနေနဲ့ အခုလိုကိစ္စမျိုးဖြစ်တာဟာ တော်တော်တော့ဆိုးတယ်။ မပေးခင်ကတည်းက ကြိုတင်စဉ်းစားဖို့ကောင်းတာပေါ့။ အခုလို ဆိုတော့ နောက်လာမယ့်ရင်းနှီးမြှုပ်နှံသူတွေ အတွက် အဟန့်အတားတွေ ဖြစ်သွားစေ တယ်"ဟု ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။ လက်ရှိတွင် မြန်မာ့ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု ဥပဒေကို ဥပဒေတစ်ရပ်တည်းပေါင်းစည်း ကာ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေအဖြစ် ပြဋ္ဌာန်းနိုင်ရန် ဆောင်ရွက်လျက်ရှိသည်။ ၎င်း ဥပဒေသည် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ အတွက် ပိုမိုခိုင်မာမှုရှိသည့် ဥပဒေတစ်ရပ်ဖြစ်လာနိုင်သည်ဟု ပြည်တွင်းစီးပွားရေး လုပ်ငန်း ရှင်များက မျှော်လင့်ထားကြသည်။
Ref : Myanmar Times
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ