By Myanmar Times, Shweproperty.com
Updated at 12 August 2015
ရွှေတိဂုံဘုရားအနီးတွင် တည်ဆောက်မည့် ဒဂုံစီးတီး ၁ အိမ်ရာစီမံကိန်းကို ဇူလိုင်လ အစောပိုင်းကဖျက်သိမ်းခဲ့ပြီးနောက်ယင်း စီမံကိန်းအတွက် မြေနေရာသစ်တစ်ခုကို မကြာမီ အချိန်အတွင်း ပြန်လည်အစားထိုးပေးအပ်မည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။
"ကျွန်တော်တို့ရဲ့ ရှယ်ယာရှင်တွေနဲ့ ဝယ်သူတွေအတွက် ကျေနပ်မှုဖြစ်စေမယ့် မြေယာအစား ထိုးပေးမယ့် အစီအစဉ်ကို အစိုးရက အခုဆောင်ရွက်နေပါတယ်။ အစိုးရက အမြန်ဆုံး အပြီးသတ်ဆောင်ရွက်ပေးမယ်လို့ မျှော်လင့်ပါတယ်" ဟု အဆိုပါ တာဝန်ရှိသူက ပြောကြားခဲ့သည်။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဒဂုံစီးတီး ၁ နှင့် အခြားစီမံကိန်းလေးခုကို ရပ်ဆိုင်းရန် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ထံ ဇူလိုင်လအစောပိုင်းကညွန်ကြားခဲ့သည်။
မြေနေရာအစားထိုးမှုကို ကမ္ဘာအေး ဘုရားလမ်းပေါ်တွင် နေရာချထားပေးမည်ဟု စီမံကိန်းအတွင်း ပါဝင်သူတစ်ဦးက ပြောသော်လည်း Marga Landmarkကုမ္ပဏီက ငြင်းဆိုခဲ့သည်။ ထို့ပြင် ပြီးခဲ့သည့်လ အစောပိုင်းက ထုတ်ပြန်ချက်တစ်ခုကိုလည်း ကုမ္ပဏီကထုတ်ပြန်ခဲ့ပြီး ယင်းထုတ်ပြန်ချက် တွင်လည်း စီမံကိန်းကို မရမ်းကုန်းမြို့နယ်သို့ ပြန်လည်နေရာ ချထားပေးမည်ဆိုသည်မှာ မဟုတ်မှန်ကြောင်း ငြင်းဆိုခဲ့သည်။ Marga Landmark ၏ တာဝန်ရှိသူက ဖျက်သိမ်းခဲ့သည့် ဒဂုံစီးတီး ၁ စီမံကိန်းအတွင်း တိုက်ခန်းများ ကြိုတင်ဝယ်ယူ ထားသူများ ကို ငွေပြန်အမ်းရန် ကုမ္ပဏီက ဆောင်ရွက်နေ ကြောင်း ပြောသည်။ "လက်ရှိဝယ်သူတွေဟာ သူတို့ရဲ့ ကြိုပွိုင့် ဝယ်ယူထားမှုတွေကို လွှဲပြောင်းပေးနိုင်ပြီး စိတ်ဝင်စားစရာ အပိုဆုကြေးတွေနဲ့အတူ နေရာအသစ်က တိုက်ခန်းတွေကို လျှော့ဈေး နဲ့ ဦးဆုံး စိတ်ကြိုက်ရွေးချယ် ခွင့်ရှိပါတယ်။ ငွေပြန်အမ်းစေချင်သူတွေအတွက်ကတော့ အစိုးရဆီကနေ လျော်ကြေးရတာနဲ့ ချက်ချင်း ဆောင်ရွက်ပေးမှာဖြစ်ပြီး သီးခြားစာရင်း စစ်ဆေးမှုတစ်ခုကိုလည်း ဆောင်ရွက်သွား ပါမယ်"ဟု ကုမ္ပဏီတာဝန်ရှိသူက ပြောသည်။
အစိုးရထံမှ တရားဝင်သတင်းရရှိသည့် အခါ လက်ရှိတိုက်ခန်းများဝယ်ယူထားသူများ အတွက် အသေးစိတ်အစီအစဉ်တစ်ခုကို ကုမ္ပဏီက ကြေညာသွားမည်ဖြစ်ပြီး စိုးရိမ်နေ ကြသော ဝယ်သူများနှင့်ပတ်သက်ပြီး ကုမ္ပဏီ ကို ကူညီဆောင်ရွက်မှုပေးရန် အတွက်အထူး ကော်မတီတစ်ရပ်ကိုလည်း အစိုးရကဖွဲ့စည်း နေကြောင်း ၎င်းကပြောသည်။
Marga Landmark ကဲ့သို့ အလားတူ ဖျက်သိမ်းခံခဲ့ရသော နာမည်ဆင် ဒဂုံစီးတီး ၂ ၏ ဆောက်လုပ်ရေးကုမ္ပဏီနှင့် ဆက်နွှယ်မှုမရှိကြောင်း အဆိုပါတာဝန်ရှိသူက ပြောသည်။ "အစုရှယ်ယာရှင်အများစုဟာ နိုင်ငံခြား သားရင်းနှီးမြှုပ်နှံသူတွေဖြစ်တဲ့ Marga Landmark ဟာ ဒဂုံစီးတီး ၂ နဲ့ ဆက်နွှယ်သော မည်သည့်အကြောင်းကိစ္စနဲ့မှ ပါဝင်ပတ်သက် ခြင်းမရှိပါဘူး။ ဒဂုံစီးတီး ၂ ဟာ ပြည်တွင်း ကုမ္ပဏီတစ်ခုကဆောင်ရွက်နေတဲ့ ကျွန်တော်တို့နဲ့ လုံးဝမသက် ဆိုင်တဲ့ သီးခြားစီမံကိန်းတစ်ခုပါ"ဟု ၎င်းကပြောသည်။
ဒဂုံစီးတီး ၁ နှင့် ၂ တို့မှာ ဖျက်သိမ်းခံခဲ့ရသည့် စီမံကိန်းငါးခုအတွင်း လူသိအများဆုံးစီမံကိန်း များဖြစ်သည်။ မြန်မာကုမ္ပဏီတစ်ခုဖြစ်သော သုခရတနာသည် ဒဂုံစီးတီး ၂ ၏ ပြည်တွင်း မိတ်ဖက်ကုမ္ပဏီဖြစ်သည်။ ဒဂုံစီးတီး ၂ စီမံကိန်းကို ဟောင်ကောင်၊ ဩစတြေးလျ၊ တောင်ကိုရီးယားနှင့် ဗြိတိန်နိုင်ငံတို့မှ နိုင်ငံတကာ စီးပွားရေး လုပ်ငန်းရှင်များ ပါဝင်သော အဖွဲ့တစ်ဖွဲ့က ဦးဆောင်ဆောင်ရွက်ခြင်းဖြစ်သည်။ သုခ ရတနာသည် ဒဂုံစီးတီး ၂ အတွက် အဓိက ဆောက်လုပ်ရေးကုမ္ပဏီဖြစ်သည်။
Ref : Myanmar Times
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ