By Myanmar Times, Shweproperty.com
Updated at 7 October 2015
ဒဂုံစီးတီးအပါအဝင် ရွှေတိဂုံဘုရားအနီးမှ ရပ်ဆိုင်းထားသော ဆောက်လုပ်ရေးစီမံကိန်း ငါးခုကို ပြန်လည်အစားထိုးပေးမည့် မြေနေရာ မသတ်မှတ်ရသေးကြောင်း ရန်ကုန် မြို့တော်စည်ပင်သာယာရေး ကော်မတီ ရန်ကုန်အနောက်ပိုင်းခရိုင် ကိုယ်စားလှယ်နှင့် ကော်မတီအဖွဲ့ဝင်ဦးခင်လှိုင်က မြန်မာတိုင်း(မ်)ကို ပြောကြားသည်။
ဆောက်လုပ်ရေးရပ်ဆိုင်းရန် နိုင်ငံတော်သမ္မတရုံးက ညွှန်ကြားထားခဲ့ပြီး ယင်းစီမံကိန်း လုပ်ကိုင်သည့် ကုမ္ပဏီများအတွက် မြေနေရာ ပြန်လည် အစားထိုးပေးအပ်မည်ဟူသော သတင်းများ ပြင်ပတွင် ထွက်ပေါ်လာနေသော်လည်း ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီနှင့် သက်ဆိုင်ရာ ကုမ္ပဏီ များသို့ မြန်မာတိုင်း(မ်)က ဆက်သွယ်မေးမြန်း ကြည့်ရာ ဆွေးနွေးညှိနှိုင်းဆဲအဆင့်သာ ရှိနေသေးသည်။
ဒဂုံစီးတီး (၁) စီမံကိန်း ပြန်ကြားရေး တာဝန်ခံ ကိုစိုးသူရက "ကျွန်တော်တို့ နောက်ဆုံးထုတ်ပြန်ထားတဲ့ အတိုင်းပါပဲ၊ နှစ်ဖက်ပြန်လည်ဆွေးနွေးဆဲ အဆင့်မှာပဲ ရှိပါသေးတယ်"ဟု ပြောသည်။
အများပြည်သူများ၏ ကန့်ကွက်တင်ပြ လာမှုနှင့် အမျိုးသားအမွေအနှစ်များ ထိခိုက် နိုင်သည့်အတွက် ဇူလိုင် ၇ ရက်မှ စတင်ကာ ရပ်ဆိုင်းခဲ့သည့် ဒဂုံစီးတီးအပါအဝင် စီမံကိန်းလုပ်ငန်းများအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများက စည်ပင်ပိုင်မြေနေရာများတွင် ချထားပေးမည်ဆိုပါက မြို့တော်စည်ပင်သို့ မဖြစ်မနေ အကြောင်းကြားပြီးမှသာ လုပ်ဆောင်ရန် လိုအပ်ကြောင်း ဦးခင်လှိုင်က ပြောသည်။ "ဒဂုံစီးတီးအပါအဝင် စီမံကိန်းငါးခုလို့ ပြောမှပိုပြည့်စုံမယ်။ နေရာချထားပေးတာနဲ့ ပတ်သက်လို့ ပထမဆုံး စာချုပ်ချုပ်ခဲ့တဲ့ တပ်မတော် စစ်ထောက်ချုပ်ရုံးက ကိုင်တွယ်ရမှာဖြစ်တယ်။ သူတို့ကိုင်တွယ်တဲ့ ကိစ္စကို ကျွန်တော်တို့ကသွားပြီး ပြောလို့မရဘူး။ တစ်ခုရှိတာက သူတို့ဘာသာပဲ လုပ်လုပ်၊ ဘယ်နေရာမှာပဲ ပြန်ပေးပေး စည်ပင်ဧရိယာထဲမှာ ပြန်ပေးမယ်ဆိုရင်တော့ စည်ပင်ကို အရင်အကြောင်းကြားသင့်တယ်" ဟု ဦးခင်လှိုင်က ပြောသည်။
ရွှေတိဂုံစေတီတော်ဝန်းကျင်ရှိ ကာကွယ်ရေးဝန်ကြီးဌာနပိုင် မြေနေရာများပေါ်တွင် ဘီအိုတီစနစ်ဖြင့် ငှားရမ်းလုပ်ကိုင်ရန် စီမံကိန်းငါးခုအတွက် လုပ်ပိုင်ခွင့် ချထားပေးသည့် ရွှေတောင်ဖွံ့ဖြိုးမှုကုမ္ပဏီလီမိ တက်၊ သုခရတနာ ကုမ္ပဏီလီမိတက်၊ Adventure Myanmar Tour and Incentive ကုမ္ပဏီ နှင့် Marga Landmark Development ကုမ္ပဏီလေးခုတို့၏ စီမံကိန်း လုပ်ငန်းများကို အပြီးသတ်ရပ်ဆိုင်းရန် နိုင်ငံတော်သမ္မတရုံး၏ အမိန့်ကြော်ငြာစာအမှတ်ဖြင့် ညွှန်ကြားခဲ့သည်။ အထက်ပါ မြေနေရာများပေါ်တွင် လုပ်ငန်း လုပ်ကိုင်ခွင့် ရရှိထားခဲ့သော ကုမ္ပဏီ များ၏ ကုမ္ပဏီအလိုက် အိမ်ရာစီမံကိန်းများ၊ ဈေးဝယ် စင်တာများ၊ နိုင်ငံတကာ အဆင့်မီ ဟိုတယ်များ၊ စီးပွားရေးဆိုင်ရာ အဆောက်အအုံများအပါအဝင် ရုံးအဆောက်အအုံများ ကို အဆိုပြုလွှာများအဖြစ် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ထံသို့ တင်ပြခဲ့ရာ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေ၊ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေများနှင့် အညီ စိစစ်ကာ ၂၀၁၃ ခုနှစ်နှင့် ၂၀၁၄ ခုနှစ် အတွင်း ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။
သို့သော်လည်း ယင်းစီမံကိန်းလုပ်ငန်းများ နှင့် ပတ်သက်ပြီး အနီးအနားရှိ ရွှေတိဂုံ စေတီတော်ကြီး၏ ရေရှည်ကြံ့ခိုင်နိုင်မှုနှင့် အနီးအနားပတ်ဝန်းကျင်ရှိ သာသနိက အဆောက်အအုံများ၊ ယဉ်ကျေးမှု အမွေအနှစ် များနှင့်ပတ်သက်ပြီး ရဟန်းရှင်လူပြည်သူ လူထုများအကြားတွင် စိုးရိမ်ပူပန်မှုများရှိလာခြင်း၊ ပညာရှင်အချို့ကလည်း ပညာရပ် ဆိုင်ရာ သုံးသပ်မှုများကို နိုင်ငံတော်သမ္မတ ထံသို့ အကြံပြုတင်ပြလာခြင်း၊ ပြည်သူ အချို့ကလည်း ယင်းစီမံကိန်းများ ရပ်ဆိုင်း ပေးပါရန် မေတ္တာရပ်ခံတင်ပြလာသည့် အပြင် ယင်းကုမ္ပဏီများသို့ မြေငှားရမ်းထားခဲ့သည့် ကာကွယ်ရေးဝန်ကြီးဌာနက လုပ်ငန်းများ ရပ်ဆိုင်းပေးပါရန် တင်ပြလာသည့်အတွက် ရွှေတိဂုံစေတီတော်အပါအဝင် သိဂုၤတ္တရ ကုန်းတော်ပေါ်ရှိ သာသနိက အဆောက်အအုံများ၊ ရှေးဟောင်းအမွေအနှစ် အဆောက် အအုံများကို မည်သည့် အကြောင်း နှင့်မျှ ထိခိုက်မှုကိုမလိုလားသည့် အတွက် နှစ်ဦးနှစ်ဖက် သဘောတူညီချက်များဖြင့် စီမံကိန်းများကို ရပ်ဆိုင်းခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်ခဲ့သည်။
စီမံကိန်းများကို အပြီးတိုင်ရပ်ဆိုင်း လိုက်သည့်အတွက် ယင်းစီမံကိန်းများအတွင်း ရင်းနှီးမြှုပ်နှံထားသည့် ကုမ္ပဏီများ ထိခိုက်နစ်နာမှု မရှိစေရန်အတွက် နိုင်ငံတော်အစိုးရ၏ အစီအစဉ်ဖြင့် ဆက်လက် ဖြေရှင်းပေးသွားမည်ဖြစ်ကြောင်း သမ္မတရုံးက ထုတ်ပြန်ထားခဲ့သည့်အတွက် နေရာအစားထိုးတည်ဆောက်မည် မြေနေရာများ၊ ယင်းရပ်နားထားသည့် စီမံကိန်းများအတွင်း အိမ်ခန်းများဝယ်ယူထားသူများကို မည်သည့်နည်းလမ်းများဖြင့် ဖြေရှင်းဆောင်ရွက်သွားမည်ကိုလည်း မသိရသေးချေ။
Ref : Myanmar Times
Photo Credit : Naing Win Htun (Myanmar Times)
Posted By : Moe Thae'
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ