By emg, Shweproperty.com
Updated at 24 June 2014
ရန်ကုန်မြို့၏ အချက်အချာအကျဆုံး နေရာတစ်ခုဖြစ်သည့် ရန်ကုန်တိရစ္ဆာန်ရုံအနီးရှိ တပ်ပိုင်မြေ ၂၂ ဧကပေါ်တွင် အဆင့်မြင့်ရုံးခန်းများ၊ လူနေအိမ်ခန်းများ၊ နာမည်ရှိအမှတ်တံဆိပ်များ၏ ဆိုင်ခန်းများ၊ ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ်တို့ပါဝင်မည့် Dagon City 1 ဘက်စုံသုံးလူနေရပ်ဝန်းကြီးကို တည်ဆောက်သွားမည်ဖြစ်ကြောင်း အဆိုပါစီမံကိန်းဆိုင်ရာ သတင်းစာရှင်းလင်းပွဲမှ သိရသည်။
အဆိုပါ Dagon City 1 စီမံကိန်းကို ဟောင်ကောင်၊ ကိုရီးယား၊ အင်္ဂလန်တို့မှ ကျွမ်းကျင်သူများနှင့် ရင်းနှီးမြှုပ်နှံသူများပါဝင်သော Marga Group နှင့် မြန်မာနိုင်ငံမှ သုခရတနာကုမ္ပဏီတို့ အကျိုးတူပူးပေါင်းဆောင်ရွက်သော စီမံကိန်းဖြစ်သည်။
စီမံကိန်းတည်ရှိရာနေရာမှာ ယခင်မော်တော်ယာဉ်တပ်မှ လူနေလိုင်းခန်းများတည်ရှိရာ ဦးထောင်ဘိုအဝိုင်းတွင်ရှိပြီး ရွှေတိဂုံစေတီ၊ ရန်ကုန်တိရစ္ဆာန်ရုံတို့နှင့် မနီးမဝေးတွင်တည်ရှိသဖြင့် ရန်ကုန်မြို့၏ အချက်အချာအကျဆုံးနေရာတွင် ပါဝင်လျက်ရှိသည်။
Dagon City 1 စီမံကိန်းတွင် စတုရန်း ပေ ၆၀၀ ကျော်မှ ၂၀၀၀ ကျော်ရှိ ပုံစံမျိုးစုံ ရှစ်ထပ်လူနေအဆောက်အအုံများ၊ Pent-houses များ ပါဝင်မည်ဖြစ်ပြီး ဖျော်ဖြေရေးနှင့် အပန်းဖြေရေးတို့အတွက် အားကစားစင်တာ၊ ရေကူးကန်၊ စားသောက်ဆိုင်နှင့် Indoor Golf တို့ပါဝင်မည်ဟု သိရသည်။
"Dagon City 1 ဆောက်လုပ်ရေးကြောင့် မြန်မာနိုင်ငံသားတွေအတွက် အလုပ်အကိုင်ပေါင်း ၅၀၀၀ ကျော်ဖန်တီးပေးပြီး ကမ္ဘာလှည့်ခရီးသွားမြှင့်တင်ပေးနိုင်ခြင်း၊ ပြည်တွင်းစားသောက်ကုန်လုပ်ငန်းတွေ ဝင်ငွေတိုးပွားခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတိုးပွားလာခြင်း၊ ပြည်တွင်းစီးပွားရေးကို အထောက်အကူပေးခြင်း စတဲ့ရလဒ်တွေရရှိဖို့ မျှော်လင့်ထားပါတယ်" ဟု Marga ၏ ဒါရိုက်တာ မစ္စတာဂျွန်ဘားနက်စ်ကဆိုသည်။
အဆိုပါစီမံကိန်းတွင် ပါဝင်မည့် အဆောက်အအုံများမှာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ အဆောက်အအုံအမြင့် သတ်မှတ်ချက်စည်းမျဉ်းအရ ရှစ်ထပ်အဆောက်အအုံများကိုသာ ဆောက်လုပ်သွားမည်ဟုဆိုသည်။
အဆောက်အအုံစီမံကိန်းကို BOT စနစ်ဖြင့်သာ ဆောက်လုပ်မည်ဖြစ်သော်လည်း အာမခံချက်ရှိမည်ဟု Marga မှ တာဝန်ရှိသူများက ပြောကြားသည်။
Dagon City 1 စီမံကိန်းအတွက် တင်ပြထားသော ရင်းနှီးမြှုပ်နှံငွေပမာဏမှာ အမေရိကန်ဒေါ်လာ သန်း ၃၀၀ ဖြစ်ပြီး Marga Group မှ ရာခိုင်နှုန်း ၇၀ နှင့် ပါတနာကုမ္ပဏီဖြစ်သည့် သုခရတနာမှ ရာခိုင်နှုန်း ၃၀ ပိုင်ဆိုင်သွားမည်ဖြစ်သည်။
စီမံကိန်းတွင်ပါဝင်မည့် လူနေတိုက်ခန်းပေါင်းနှင့် ဈေးနှုန်းများကို ထုတ်ဖော်ပြောကြားခြင်းမရှိသေးပေ။
Dagon City 1 ၏ ပထမဆင့်အနေဖြင့် Residential Towers 1 မှ 4 ကို ၂၀၁၄ ခုနှစ် အကုန်တွင် စတင်ဆောက်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
EMG
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ