By kumudra, Shweproperty.com
Updated at 4 June 2013
ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်အတွင်း ခေတ်မီစက်မှုလယ်ယာ စံပြအထူးစိုက်ပျိုးရေးဇုန် ဖော်ထုတ်ရာမှာ ပါဝင်ခဲ့တဲ့ ရပ်ကွက်ကြီး ၁၁ခုကို မြေချပါမစ်ပြန်လည် လျှောက်ထားရာမှာ အထောက်အထား ပြည့်စုံမှန်ကန်ရင် နေ့ချင်းပြီး ဆောက်ရွက်ပေးနေတယ်လို့ သိရပါတယ်။
‘လိုအပ်တဲ့ အချက်အလက်တွေ၊ ထောက်ခံစာတွေကို လာရောက်တင်ပြသူကပြည့်စုံအောင် တစ်ပါးတည်းယူဆောင်လာဖို့လိုပါတယ်၊ ပြည့်စုံမှန်ကန်ရင်၊ အရှုပ်အရှင်းမရှိရင်၊ ကန့်ကွက်ချက်တစ်စုံတစ်ရာမရှိရင် ကြန့်ကြာခြင်းမရှိပါဘူး’လို့ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းလွင်က ပြောပါတယ်။
လောလောဆယ် မြေချပါမစ်လျှောက်ထားနိုင်တဲ့ ရပ်ကွက်တွေကတော့ ၁၂၁၊ ၁၂၂၊ ၁၂၃၊ ၁၂၆၊ ၁၂၇၊ ၁၂၈၊ ၁၂၉၊ ၁၅၇၊ ၁၅၈ စတဲ့ ရပ်ကွက်တွေဖြစ်ပြီး မူလနေရာမှာပဲ ပါမစ် ပြန်လည်ဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။ ၁၅၉ နဲ့ ၁၆၀ ရပ်ကွက်တွေက မြေကွက်တွေအတွက်တော့ အရင်စံပြလယ်ယာ စိုက်ပျိုးရေးဇုန်လုပ်တုန်းက မြေယာပြုပြင်ခဲ့ရတဲ့အတွက် လမ်းတွေ၊ မြေကွက်တွေ ပြန်လည်ဖော်ထုတ်ဖို့ စီစဉ်နေဆဲဖြစ်ပါတယ်။
‘အဲဒီရပ်ကွက်နှစ်ခုကို အရှေ့ဒဂုံဘက်မှာဘဲ ပြန်ပေးနိုင်ဖို့ စီစဉ်နေပါတယ်၊ အရင်ကအတိုင်း ပေ ၄၀ x ပေ ၆၀ ပဲပြန်ပေးမှာပါ’ လို့ ဦးသန်းလွင်က ပြောပါတယ်။
အဲသည်မြေကွက်တွေက ၁၉၉၄ ခုနှစ်မှာ သက်ဆိုင်ရာဝန်ကြီးဌာနက ဝန်းထမ်းတွေကို ဒဂုံအရှေ့မှာ ရပ်ကွက်ပေါင်း ၁၁ ရပ်ကွက်၊ မြေကွက်ပေါင်း ၈၀၇၉ ကွက် ချပေးခဲ့တာ ဖြစ်ပါတယ်။ လုပ်သက် ၁၅ နှစ်ပြည့်ပြီးတဲ့ အစိုးရဝန်ထမ်းတွေကို ချထားပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အခု ပြန်ချပေးနေတဲ့ ရပ်ကွက်ကိုးခုကို အရင်မြေနေရာနဲ့ အကျယ်အဝန်းအတိုင်း အရင်နံပါတ်နဲ့ပဲ ပြန်ထုတ်ပေးနေတာဖြစ်ပြီး မူလအမည်ပေါက်နာမည်အတိုင်း ပြန်ပေးနေတာဖြစ်တယ်လို့ သိရပါတယ်။ အရင်ထုတ်ပေးခဲ့တဲ့ စာရွက်တွေကရိုးရိုး သာမန်စာရွက်တွေ ဖြစ်တာကြောင့် လိမ်လည်လို့ရနိုင်တဲ့အတွက် အခုပြန်ပေးတဲ့ စာရွက်တွေမှာ အိုးအိမ်အမှတ် အသားရေစာတံဆိပ် ရိုက်နှိပ်ထားတယ်လို့ သိရပါတယ်။
ဒဂုံအရှေ့မှာ ပြန်ချပေးနေတဲ့ ရပ်ကွက် ၁၁ ခုလုံးရဲ့ မူလအမည်ပေါက် မြေချပါမစ်တွေ မှန်ကန်မှုရှိမရှိ စစ်ဆေးအတည်ပြုဖို့အတွက်
(၁) အမည်ပေါက် ကိုယ်တိုင် ဆက်သွယ်ဆောင်ရွက်ရပါမည်။
(၂)ဆက်သွယ်ရာမှာ- (က) မြေချပါမစ်မူရင်း၊ မိတ္တူ (ခ) မှတ်ပုံတင်မူရင်း၊ မိတ္တူ (ဂ)သန်းခေါင်စာရင်းမူရင်း၊ မိတ္တူ (ဃ)သက်ဆိုင်ရာဝန်ကြီးဌာနရဲ့မြေနေရာရရှိသည်မှာ မှန်ကန်ကြောင်းနဲ့ နေပြည်တော်မှာ ဖော်ထုတ်ချထားပေးခဲ့တဲ့ မြေကွက်ကို ရယူထားခြင်း မရှိကြောင်းထောက်ခံချက်တို့ ပါဝင်ရမှာဖြစ်ပါတယ်။
(၃) အမည်ပေါက် ကွယ်လွန်ပြီးဖြစ်ပါက ဆက်ခံခွင့်ရှိသူက အထက်ပါအထောက်အထားတွေအပြင် အမည်ပေါက်ရဲ့ သေစာရင်းမိတ္တူ၊ ဆက်ခံပိုင်ခွင့်ရှိကြောင်းတရားရုံးကျမ်းကျိန်လွှာ၊ ဆက်ခံပိုင်ခွင့်ရှိသူရဲ့ မှတ်ပုံတင်မူရင်း၊ မိတ္တူတွေနဲ့အတူလာရောက်လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။
Ref : Kumudra
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ