By emg, Shweproperty.com
Updated at 10 January 2015
ရေ၊ မီး၊ လမ်း စသော အခြေခံ အဆောက်အအုံ ပြည့်စုံမှု မရှိသည့် ဒဂုံမြို့သစ် လေးမြို့နယ်အား အထူးစီမံကိန်းဖြင့် အခြေခံ အဆောက်အအုံများ ဖြည့်ဆည်းပေးရန် ဘဏ္ဍာငွေ ကျပ်ဘီလျံ ရာဂဏန်းအထိ တောင်းခံထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဝင် ဖြစ်လာသည့် ဦးဌေးအောင် (Sakura) က ပြောကြားသည်။
ဒဂုံမြို့သစ် လေးမြို့နယ်သည် မြို့သစ်ဖော်ဆောင်ခဲ့သည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း အခြေခံ အဆောက်အအုံများဖြစ်သည့် ရေ၊ မီး၊ လမ်း၊ အမှိုက်သိမ်းစနစ်နှင့် စည်ပင်သာယာ လုပ်ငန်းများတွင် လိုအပ်ချက်များစွာ ရှိနေပြီး ဘတ်ဂျက်သုံးစွဲနိုင်မှု အနေအထားအရ ပြီးစီးအောင် လုပ်ပေးနိုင်သည့် စီမံကိန်းများစွာ ရှိနေကြောင်း သိရသည်။
သို့ဖြစ်၍ လာမည့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှ စတင်၍ ယင်းကိစ္စရပ်များကို အထူးစီမံကိန်း အနေဖြင့် လုပ်ဆောင်ရန် ငွေကျပ်ဘီလျံ များစွာ တိုးတောင်းထားခြင်းဖြစ်ကြောင်း ဦးဌေးအောင် (Sakura) က ဆိုသည်။
“ဦးအနေနဲ့ စည်ပင်သာယာရေး ကော်မတီဝင်အဖြစ် အရှေ့ပိုင်းခရိုင် ကိုယ်စားပြု ရွေးချယ်ခံရတာဆိုတော့ အရှေ့ပိုင်းခရိုင်ထဲက ပြည်သူလူထု လိုအပ်ချက်တွေကို ညှိနှိုင်းလုပ်ဆောင် ပေးရမှာပါ။ အရှေ့ပိုင်းခရိုင်ထဲမှာ လိုအပ်ချက်အများဆုံး ဒဂုံမြို့သစ် လေးမြို့နယ်ပါ။ ရေ၊ မီး၊ လမ်း၊ အမှိုက်စွန့်ပစ်မှု စနစ်တွေမှာ လိုအပ်ချက်တွေ အများကြီး ရှိသေးတယ်။ အဲဒါကို ဖြည့်ဆည်းပေးဖို့ အထူးစီမံကိန်း အနေနဲ့ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှာလုပ်ဖို့ ဘဏ္ဍာငွေ တောင်းထားတယ်။ အံ့သြလောက်တဲ့ ပမာဏလောက်အထိ ကျပ်ဘီလျံကို ရာနဲ့ချီပြီးသုံးဖို့ ခွင့်တောင်းထားပါတယ်။ ငွေပမာဏကိုတော့ မမှတ်မိဘူး။ ခွင့်ပြုချက်ကျရင် လုပ်နိုင်မှာပါ” ဟု ဦးဌေးအောင်က ဆိုသည်။
လက်ရှိ ဒဂုံမြို့သစ် လေးမြို့နယ်သည် အခြေခံအဆောက်အအုံ လိုအပ်ချက် များစွာ ရှိနေခြင်းကြောင့် နေထိုင်သူ နည်းပါးပြီး အခြေခံအဆောက်အအုံများ ပြည့်စုံအောင် ဖြည့်ဆည်းပေးလိုက်ပါက နေထိုင်သူများနိုင်ကြောင်း ဦးဌေးအောင် (Sakura) က ဆက်လက်ပြောကြားသည်။
“အခြေခံ အဆောက်အအုံ၊ လမ်းပန်းဆက်သွယ်တွေ ကောင်းလာရင် လူတွေ လာနေလိမ့်မယ်။ ပြီးတော့ မြေဈေးတန်ဖိုးလည်း မြင့်သွားနိုင်တယ်။ အဲဒီအတွက်လည်း ဘဏ္ဍာငွေ ခွင့်ပြုမယ်လို့ ထင်ပါတယ်” ဟု ဦးဌေးအောင် (Sakura) က ဆိုသည်။
ထို့ပြင် ဒဂုံမြို့သစ် လေးမြို့နယ်တွင် တန်ဖိုးနည်းအိမ်ရာများလည်း အကောင်အထည် ဖော်သွားရန်ရှိပြီး အဓိကအနေဖြင့် တတိယလူတန်းစား အလွှာများ နေထိုင်နိုင်ရန် ရည်ရွယ်သည်ဟု သိရသည်။
“တန်ဖိုးနည်းဆိုပေမဲ့ စတုတ္ထလူတန်းစား အခြေခံပြည်သူတွေ ဝယ်နိုင်ဖို့ ခက်တယ်။ တတိယ လူတန်းစားလောက်ပဲ ဝယ်နိုင်တယ်။ ဒါကြောင့် စတုတ္ထလူတန်းစားတွေအတွက် ဖန်တီးပေးဖို့ စဉ်းစားနေပါတယ်။ ချက်ချင်းကြီးတော့ ဖြစ်မလာနိုင်ပါဘူး။ အချိန်ပေးရပါမယ်” ဟု ဦးဌေးအောင် (Sakura) က ဆက်လက်ပြောကြားသည်။
၁၉၉၀ ပြည့်နှစ်တွင် ဧရိယာ ၅၈ ဒသမ ၄ စတုရန်းမိုင် ကျယ်ဝန်းသည့် ဒဂုံမြို့သစ် မြောက်ပိုင်းနှင့် ဧရိယာ ၆၃ ဒသမ ၅၂ စတုရန်းမိုင် ကျယ်ဝန်းသော ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ်အား စတင်တည်ဆောက်ခဲ့ပြီး ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်မှ ဧရိယာ ၃၅ ဒသမ ၁၅ စတုရန်းမိုင်အား ခွဲထုတ်ပြီး ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်အား လည်းကောင်း၊ ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ်မှ ဧရိယာ ၃၂ ဒသမ ၃၇ စတုရန်းမိုင်အား ခွဲထုတ်၍ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်အဖြစ် ခွဲထုတ်ခဲ့ကြောင်းနှင့် ဒဂုံမြို့သစ် လေးမြို့နယ်သည် ဧရိယာ ၁၂၁ ဒသမ ၉၂ စတုရန်းမိုင်ရှိကြောင်း သိရသည်။
ဒဂုံမြို့သစ် စတင်တည်ဆောက်စဉ်က ပင် လျှပ်စစ်၊ သောက်သုံးရေလုံလောက်စွာ ဖြန့်ဖြူးပေးနိုင်မှုမရှိခြင်း၊ ရေစီးရေလာ ကောင်းမွန်မှုမရှိခြင်း၊ ရေကြီးခြင်းများရှိခဲ့ ကြောင်း သိရသည်။
Ref : EMG
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ