By MOI Webportal Myanmar, Shweproperty.com
Updated at 31 March 2016
ရန်ကုန်မြို့ပြ ယာဉ်ကြော ကျပ်တည်းမှု ဖြေလျှော့စေရေးနှင့် လမ်းပန်းဆက်သွယ်ရေးလွယ်ကူ လျင်မြန်စေရေးအတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက တည်ဆောက်ခဲ့သော ဒဂုံမြို့သစ်(မြောက်ပိုင်း) ဗိုလ်မှူးဗထူးလမ်းနှင့် မြောက်ဥက္ကလာပမြို့နယ် ခေမာသီလမ်းတို့ကို ဆက်သွယ် တည်ဆောက်ထားသော ငမိုးရိပ် တံတား(ဗိုလ်မှူးဗထူး) တံတားသစ် ဖွင့်ပွဲကို ယနေ့နံနက် ၇ နာရီတွင် ဒဂုံမြို့သစ်(မြောက်ပိုင်း) မော်ကွန်း ကမ္ပည်းကျောက်စာရှေ့၌ ပြုလုပ်ရာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးလှမြင့်နှင့် တာဝန်ရှိသူများက တံတားပေါ် ဖြတ်သန်းသောယာဉ်များအား အမှတ်တရ မျက်နှာသုတ် ပဝါများ ပေးအပ်ကြောင်း သိရသည်။
ငမိုးရိပ်တံတား(ဗိုလ်မှူးဗထူး)တံတားအား ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာ ရေးနှစ်တစ်နှစ်အတွင်း အပြီးတည်ဆောက်နိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ ခွင့်ပြုရန် ပုံငွေဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ် သည်။ အဆိုပါတံတား၏ ဒီဇိုင်းအား ထိုင်းနိုင်ငံ Asia Engineering Consultants ကုမ္ပဏီမှရေးဆွဲခြင်း ဖြစ်သည်။ တံတားအရှည်မှာ ၁၅ဝ ဒသမ ၅မီတာ ရှိပြီး အကျယ် ၁ဝ ဒသမ ၃၅မီတာ၊ ယာဉ်သွားလမ်း အကျယ် ၈ မီတာရှိကာ လူသွားလမ်း အကျယ် နှစ်ဖက် ၃ ဒသမ ၃၅ မီတာ ရှိသည်။ တံတားအမျိုးအစားမှာ အုတ်မြစ်ဘိုးပိုင်ဖောင်ဒေးရှင်းဖြစ်ပြီး အောက်ထည် သံကူ ကွန်ကရစ်ဖြစ်ကာ အပေါ်ထည်ကြိုတင်အား ဖြည့်ကွန်ကရစ်ယက်မနှင့် သံကူကွန် ကရစ်ကြမ်းခင်းဖြင့် တည်ဆောက်ထားကြောင်း အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား) လက်ထောက်ဌာနမှူး ဦးကျင်အုန်းထံမှ သိရသည်။
အဆိုပါတံတားသည် ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မတီ အစိုးရသစ်ကာလအတွင်း တံတားသုံးစင်း တည်ဆောက်ခဲ့ရာ တတိယမြောက် တံတားဖြစ်ကြောင်းနှင့် တံတားသစ်ဖွင့်လှစ်နိုင်ခြင်းကြောင့် မြောက်ဥက္ကလာပဘက်မှ ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်သို့ သွားသောယာဉ်များ ဖြတ်သန်းနိုင်သည်။ မူလတံတားဟောင်းပေါ်မှ ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်မှ မြောက်ဥက္ကလာပမြို့နယ်သို့ ယာဉ်များဖြတ်သန်းနိုင်မည်။ ခန့်မှန်းကုန်ကျငွေကျပ် ငါးဘီလီယံကျော် အကုန်အကျခံ တည်ဆောက်ပေးခြင်းဖြစ်ကြောင်းနှင့် ဆက်စပ်မြို့နယ်များတွင် ယာဉ်ကြောကျပ်တည်းမှု ဖြေလျှော့သွား နိုင်မည့်အပြင် မြို့သစ်နေပြည်သူများ အချိန်တိုအတွင်း လွယ်ကူလျင်မြန် စွာသွားရောက်နိုင်မည်ဖြစ်ကြောင်း သိရသည်။
Ref : MOI Webportal Myanmar
Photo Credit : MOI Webportal Myanmar
Posted By : Htet Mhuu
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ