By The Voice, Shweproperty.com
Updated at 26 December 2017
ရန်ကုန်တိုင်း ဒဂုံမြို့သစ် (ဆိပ်ကမ်းမြို့နယ်)ရှိ မြေ ၁၈၃ ဧကပေါ်တွင် တည်ဆောက်မည့် နိုင်ငံ့ဝန်ထမ်းအိမ်ရာနှင့် အငှားအိမ်ရာကို ဇန်နဝါရီလဆန်းကစ၍ သုံးလအတွင်း အပြီးတည်ဆောက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်းထံမှ သိရသည်။
အဆိုပါ နိုင်ငံ့ဝန်ထမ်းအိမ်ရာနှင့် အငှားအိမ်ရာ တည်ဆောက်ရန် အောက်တိုဘာလအတွင်းက တင်ဒါ ခေါ်ယူထားခဲ့ပြီး ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့တွင် တင်ဒါရွေးချယ်မည်ဟု မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးရှိန်ဝင်းက ပြောကြားသည်။
“နိုင်ငံ့ဝန်ထမ်းအိမ်ရာနဲ့ အငှားအိမ်ရာတွေကို တည်ဆောက်ရာမှာ စနစ်တကျဖြစ်ဖို့ Master Plan ဆွဲပြီး တင်ဒါခေါ်ထားတယ်။ တင်ဒါ ရွေးပြီးတာနဲ့ ကန်ထရိုက်တာ အားလုံးနဲ့ တစ်ပြိုင်တည်း စဆောက်မယ်။ ဒီဘဏ္ဍာနှစ်မှာ အပြီးတည်ဆောက်မယ်”ဟု ၎င်းကပြောဆိုသည်။
နိုင်ငံ့ဝန်ထမ်းအိမ်ရာနှင့် အငှားအိမ်ရာ စီမံကိန်းကို စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန ဘတ်ဂျက်ဖြင့် တည်ဆောက်မည်ဖြစ်ရာ အိမ်ခန်းပေါင်း ငါးရာကျော်ရှိမည့် ၁၂ ခန်းတွဲ၊ ငါးထပ် အဆောက်အအုံများ တည်ဆောက်မည်ဖြစ်သော်လည်း အခန်းအရေအတွက်ကိုမူ တင်ဒါခေါ်ယူပြီးမှသာ သိရှိနိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အသင်းထံမှ သိရသည်။
နိုင်ငံ့ဝန်ထမ်းများအပြင် အိမ်ပိုင်မရှိသည့်သူများကို ဈေးနှုန်း ချိုသာစွာဖြင့် ငှားရမ်းပေးနိုင်ရန် အငှားအိမ်ရာ တည်ဆောက်ခြင်းဖြစ်ပြီး ယခုဘဏ္ဍာနှစ်အတွင်း ပင်စင်ယူမည့်ဝန်ထမ်းများ ဝယ်ယူနိုင်ရန် စီစဉ်ထားကြောင်း၊ နိုင်ငံ့ဝန်ထမ်းအိမ်ရာစီမံကိန်းရှိ အိမ်ခန်းများကို ဝယ်ယူမည်သူများအနေနှင့် တိုက်ခန်းတန်ဖိုး၏ ၃၀ ရာခိုင် နှုန်းကို လက်ငင်းပေးသွင်းကာ ကျန် ၇၀ ရာခိုင်နှုန်းကို ၁၅ နှစ် အရစ်ကျ ပေးသွင်းနိုင်ရန် စီစဉ်ထားကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနထံမှလည်း သိရသည်။
နိုင်ငံ့ဝန်ထမ်းအိမ်ရာနှင့် အငှားအိမ်ရာကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အစီအစဉ်ဖြင့် အကောင်အထည် ဖော်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်းနှင့် မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာနတို့ ပူးပေါင်း ဆောက်လုပ်မည်ဖြစ်ကာ စီမံကိန်းမြေနေရာအနီးတွင် ကျောင်း၊ ဆေးခန်းနှင့် ဈေးတို့လည်း ထည့်သွင်း ဆောက်လုပ်မည်ဖြစ်သည်။
Ref & Photo Credit : The Voice
Posted By : Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ