By emg, Shweproperty.com
Updated at 25 November 2014
ရန်ကုန်မြို့ ဒဂုံမြို့သစ်လေးမြို့နယ်ရှိ မြို့ပြစီမံကိန်းအကောင်အထည်ဖော်ရန်ကျန်ရှိခဲ့သည့် မြေဧက ၁၆၀၀၀ ပေါ်လာမည့် ၂၀၁၅ -၂၀၁၆ ဘဏ္ဍာနှစ်တွင် မြို့ပြစီမံကိန်းများစတင်အကောင်အထည်ဖော်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ မြို့ ပြစီမံကိန်းရေးဆွဲခြင်းနှင့် မြို့ပြမြေစီမံခန့်ခွဲမှုအကြံပေး ဦးသန်းကပြောကြားသည်။
အဆိုပါမြေဧက ၁၆၀၀၀ မှာ ယခင်ဒဂုံမြို့သစ်လေးမြို့နယ် စတင်အကောင်အထည်ဖော်စဉ်ကတည်းက လယ်ယာမြေကို မြို့ပြစီမံကိန်းမြေအဖြစ်ပြောင်းလဲထားပြီးဖြစ်ကြောင်းနှင့် ထိုစဉ်ကအကောင်အထည်ဖော်ရန် ကျန်ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့အတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) တို့ပူးပေါင်းအကောင်အထည်ဖော်နေသည့် "မဟာရန်ကုန်မြို့ပြဖွံ့ဖြိုးရေးမဟာဗျူဟာစီမံကိန်း" တွင်လည်း ယင်းသို့အကောင်အထည်ဖော်ရန် သတ်မှတ်ထားခြင်းဖြစ်သည်။
"မြေကတော့ လန ၃၉ ကျပြီးသား။ မြေအမျိုးအစားကတော့ မြို့ပြစီမံကိန်းမြေဖြစ်တယ်။ အခုလောလောဆယ် အဲဒီနေရာမှာ လယ်သမားတွေလယ်စိုက်နေတယ်။ အကယ်၍ ဒါကိုအကောင်အထည်ဖော်ရင် လယ်သမားတွေကို ကာလပေါက်ဈေးနဲ့ နစ်နာကြေးပြန်ပေးရမှာပါ။ တစ်ချိန်တုန်းက ဒဂုံမြို့သစ်လေးမြို့နယ်တိုးချဲ့ဖို့ လုပ်ကတည်းက မြေအမျိုးအစားပြောင်းပြီးသား။ အကောင်အထည်မဖော်နိုင်သေးတဲ့အတွက် စပါးစိုက်နေတာ။ မကြာမီ ၂၀၁၅-၂၀၁၆ မှာ ဒီစီမံကိန်းကိုစလုပ်ပါတော့မယ်" ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအကြံပေး ဦးသန်းကဆိုသည်။
အဆိုပါစီမံကိန်းကို ကနဦးအနေဖြင့် ငမိုးရိပ်ချောင်းကြားနှင့် အမှတ်(၂) လမ်းမကြီးအကြားရှိမြေများတွင်ပြုလုပ်မည်ဖြစ်ပြီး ယင်းမြေများမှာ ဒဂုံမြို့သစ်အရှေ့ပိုင်းနှင့် မြောက်ပိုင်းမြို့နယ်အတွင်းရှိမြေများပါဝင်ကြောင်း၊ အဆိုပါနေရာများ စီးပွားရေးဧရိယာများ၊ လူနေဧရိယာများလည်းပါဝင်ကြောင်း သိရသည်။
"အဓိကတော့ လူနေသိပ်သည်းမှုနည်းပါးတဲ့မြို့နယ်တွေမှာ လူနေသိပ်သည်းမှုကိုမြှင့်တင်ဖို့ပါ။ အဲဒီစီမံကိန်းနယ်မြေထဲမှာပါဝင်တဲ့ လေးထောင့်ကန်ဘူတာဆိုရင် နောက်ပိုင်းမှာ ဘူတာအကြီးကြီးဖြစ်လာမယ်။ အဲဒီဘူတာကနေဖြန့်ကြက်ပြီး အနီးတစ်ဝိုက်မှာ Commercial ဧရိယာ၊ အဝေးပြေးကားဂိတ်တွေအထိလုပ်ဖို့ ရည်မှန်းထားပါတယ်" ဟု ဦးသန်းက ဆက်လက်ပြောကြားသည်။
"မဟာရန်ကုန်မြို့ပြဖွံ့ဖြိုးရေး မဟာဗျူ ဟာစီမံကိန်း" သည် လာမည့် ၂၀၄၀ ခုနှစ်အား မျှော်မှန်းရေးဆွဲထားခြင်းဖြစ်ပြီး တိုးပွားလာမည့်လူဦးရေများအတွက် ပထမဦးစားပေးအနေဖြင့် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်နှင့်ဆက်စပ်သည့် သန်လျင်မြို့နယ်၊ ဒုတိယဦးစားပေးအနေဖြင့် ဒလမြို့နယ်များကို လူနေသိပ်သည်းလာအောင် မြို့ပြစီမံကိန်းအကောင်အထည်ဖော်ရန်ရည်မှန်းထားပြီး လူနေသိပ်သည်းနေသေးသည့် လှည်းကူး၊ ရွှေပြည်သာစသည့်နေရာများကိုလည်းပါဝင်ကြောင်း ဦးသန်းကဆက်လက်ပြောကြားသည်။
ရန်ကုန်မြို့တော်၏ တိုးပွားလာမည့်လူဦးရေအတွက် စီမံကိန်းချရာတွင် မြို့သစ်စီမံကိန်းများပြုလုပ်ခြင်းထက် ဖော်ထုတ်ပြီးဖြစ်သော လူနေသိပ်သည်းမှုနည်းပါးနေသေးသည့် ဒဂုံမြို့သစ်၊ ရွှေပြည်သာစသည့်မြို့နယ်များတွင် အခြေခံအဆောက်အအုံများ၊ အခြားလိုအပ်ချက်များကို မြှင့်တင်ပေးခြင်းသာ ဖြေရှင်းသင့်ကြောင့် ဦးသန်းကမှတ်ချက်ပေးသည်။
ရန်ကုန်မြို့၏ တိုးပွားလာသည့်လူဦးရေအရ မြို့ဧရိယာကိုတိုးချဲ့ရန် ရန်ကုန်မြို့သစ်စီမံကိန်းကို ကြည့်မြင်တိုင်၊ ဆိပ်ကြီးခနောင်တို၊ တွံတေးစသည့် ခန့်မှန်းဧက ၂၅၀၀၀ တွင် အကောင်အထည်ဖော်ရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က အကောင်အထည်ဖော်ရန်စီစဉ်ခဲ့သော်လည်း စီမံကိန်း၏အားနည်းချက်များကြောင့် အဘက်ဘက်မှဝေဖန်မှုများစွာကြုံ တွေ့ခဲ့ရပြီး စီမံကိန်းကိုရပ်ဆိုင်းထားခဲ့ရသည်။
Ref : EMG
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ