By Myanmar Times, Shweproperty.com
Updated at 19 November 2015
ရန်ကုန် - ဒလတံတားစီမံကိန်းဧရိယာအတွင်း ပါဝင်သောမြေများကို ပေ ၄၀ ထ ပေ ၆၀ အတွက် သိန်း ၁,၃၀၀ ဖြင့်တွက်ချက်ပေးလျော်မည်ကို မြေယာ အဖယ်ရှားခံ ပြည်သူများ သဘောတူ လက်မှတ်ရေးထိုးပြီးဖြစ်ကြောင်း ဒလဒေသခံများကပြောသည်။ "တချို့က သဘောမတူတာတွေရှိတယ်။ လောဘကြီးတာပေါ့ဗျာ။ သဘောတူတဲ့သူကတော့ များပါတယ်။ တံတားဖြစ်မြောက်ဖို့ အားလုံးက အလိုရှိမယ်လို့ ယူဆပါတယ်။ ဒါဟာ ဒလမြို့ရဲ့ တိုးတက်ရေး တံခါးပေါက်လည်းဖြစ်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း သဘောတူပါတယ်" ဟု ဒလမြေယာ ဖယ်ရှားခံပြည်သူတစ်ဦးက မြန်မာတိုင်း(မ်) ကိုပြောသည်။ ယခုနှစ်အတွင်း ရန်ကုန်-ဒလတံတား တည်ဆောက်တော့မည်ဖြစ်ရာ စီမံကိန်းအတွက် မြေနေရာ ဖယ်ရှားပေးရမည့် အဆောက်အအုံများ အိမ်ရာများ၊ သာသနာ့နယ်မြေများလည်းရှိနေပြီး ယင်းအတွက် လျော်ကြေးပေးချေရန် နှုန်းထားများကို အစိုးရမှ သတ်မှတ်ပြီးဖြစ်၍ အဆိုပါ သတ်မှတ်ချက်များအတွက် သဘောတူလက်မှတ်ရေးထိုးရာတွင် မြေပိုင်ရှင် ၆၈ ဦးထဲမှ ၆၀ က သဘောတူလက်ခံခဲ့ကြောင်း ဒလမြို့ဖွံ့ဖြိုး တိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်လှိုင် က မြန်မာတိုင်း(မ်)ကိုပြောသည်။ "အခု ပေးမယ့်လျော်ကြေးနှုန်းထားကို တွက်ချက်တဲ့အခါမှာ ပေ ၄၀ x ပေ ၆၀ အကွက်ဆိုရင် သိန်း ၁,၃၀၀ နှုန်းနဲ့ တွက်ချက် ပြီးပေးတာဖြစ်ပါတယ်။ ဒါကိုသဘောတူတဲ့ မြို့ခံ ၆၀ ဖြစ်ပါတယ်။ သဘောမတူလို့ လက်မှတ်မထိုးတာကတော့ ရှစ်ယောက်ဖြစ်ပါတယ်။ အဲဒါအတွက်ကို ဖြေရှင်းညှိနှိုင်းပေးဖို့ နောက်မှ လုပ်ဆောင်သွားမှာပါ။ အခု လုပ်စရာတွေက သိပ်များနေပါတယ်။ လာမယ့် ၁၄ ရက်နေ့မှာ သမ္မတနဲ့ ကိုရီးယား အစိုးရအဖွဲ့ အပါအဝင် ဆိုင်ရာအဖွဲ့အစည်းတွေ တွေ့ဆုံပြီး တံတားတည်ဆောက်မှုအတွက် ချပေးမည့်ငွေတွေကို စတင်ချေး ငှားကြောင်း သဘောတူစာချုပ် လက်မှတ်ရေးထိုးပါတော့မယ်။ ချေးငွေရတာနဲ့ အစိုးရကလည်း ဒလမြေ ဖယ်ရှားပေးတဲ့ ပြည်သူတွေကို လက်မှတ်ရေးထိုးထားတဲ့အတိုင်း လျော်ကြေး စပေးပါတော့မယ်" ဟု ၎င်းက ပြောသည်။
"ကျွန်တော်တို့တင်ပြတဲ့ သိန်း ၁,၃၀၀ သတ်မှတ်ပေးတယ်ဆိုပေမယ့် တကယ်ကတော့ ပေါက်ဈေးဆိုပြီးပေးတာ မဟုတ်ဘူး လို့ဆိုပါတယ်။ ပေါက်ဈေးကို သိန်း ၄၅၀ နဲ့ တွက်ပေးတာ ဖြစ်ပါတယ်။ အဲဒီကမှထပ်ဆောင်းငွေ သိန်း ၈၅၀ကို ဖယ်ရှားပေးရတဲ့အတွက်ရော မြို့ပြနေရာ ဖြစ်တဲ့အတွက်ပါ ထပ်ဆောင်းပေးတာကြောင့် ၁,၃၀၀ ဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီဈေးနဲ့ပဲ တွက်ပေးတာပါ။ တွက်တယ်ဆိုပေမယ့် ပေ ၄၀ x ပေ ၆၀ ကွက်တိ မြေကွက်ဖယ်ပေးရမယ့် အိမ်က နှစ်အိမ်ပဲရှိပါတယ်။ ကျန်တာတွေကတော့ လမ်းတစ်လျှောက် လိုသလောက်ပဲ ဖယ်ပေးရမှာပါ။ ဖယ်ပေးရတဲ့ အနေအထားလောက်ကို အဲဒီနှုန်းထားနဲ့ တွက်ချက်ဖြတ်တောက် ပေးမယ်ဆိုတဲ့ သဘောမျိုးဖြစ်ပါတယ်။ တချို့ကတော့ ၁၅ ပေကွက် ဖြစ်ချင်ဖြစ်မယ် ဒီလိုမျိုး ကွဲပြားပါတယ်။ ဒါက အပြီးအပိုင် ဖယ်ရှားပေးရမယ့် နေရာတွေကိုပြောတာ ဖြစ်ပါတယ်။ လမ်းအစွန်းထွက် တည်ဆောက်ရေး ဧရိယာထဲရောက်နေလို့ တည်ဆောက်ရေးကာလအတွင်း လေးနှစ်စာလောက်ပဲ မြေငှားရမ်းပြီး တည်ဆောက်ရေးပြီးစီးတာနဲ့ ပြန်ဖယ်ပေးရမယ့်မြေနေရာ ရှစ်ပေလောက် စွန်းတာတွေကိုလည်း မီတာနဲ့ တွက်ချက်ပြီး ပေးသွားမယ်လို့ ဆိုပါတယ်။ ဒါကမြေနေရာ တွေအတွက်ပြောတာ ဖြစ်ပါတယ်။ နောက်ထပ် အဲဒီမြေနေရာထဲမှာပဲ သာသနိက အဆောက်အအုံတွေပါတဲ့အတွက် အကုန်အစားထိုး ပြန်တည်ဆောက်ပေးမှာဖြစ်ပါတယ်။ ရေတွင်းရေကန်၊ ဈေးဆိုင်တွေ ပါတာတွေအတွက်ကတော့ သတ်သတ်လျော်ကြေး ပေးပါသေးတယ်။ အဲဒါကိုလည်း အနေအထားအလိုက် ကျပ် ၅၀,၀၀၀ ကနေ ၁၀ သိန်းအထိ ပေးလျော်ဖို့ သတ်မှတ်ပေးထားပါတယ်"ဟု ဦးတင်လှိုင်က ဆက်လက် ပြောသည်။
ဆောက်လုပ်မည့် ရန်ကုန်-ဒလ ကြိုးတံတားအရှည်မှာ ၂,၂၄၃ မီတာ ရှည်လျားပြီး ရန်ကုန်ဘက်ခြမ်း ဘုန်းကြီးလမ်းမှ ဒလဘက်ကမ်း ဗိုလ်မင်းရောင်လမ်းအထိ ရှည်လျားမည်ဖြစ်ကာ မြစ်အတွင်း ပင်လယ်ကူး သင်္ဘောများ ဖြတ်သန်းသွားလာနိုင်ရေးအတွက်ပါ တွက်ချက်ပြီး တည်ဆောက်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန အကြီးတန်းအရာရှိ တစ်ဦးက ပြောသည်။
Ref : Myanmar Times
Photo Credit : Mizzima
Posted By : Htet Mhuu
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ