By DVB Burmese, Shweproperty.com
Updated at 19 February 2016
မြန်မာ-ကိုရီးယား ချစ်ကြည်ရေး ဒလတံတားစီမံကိန်း စတင်လိုက်ပြီး မြေရှင်တွေကို လျော်ကြေးပေးလိုက်တဲ့ ရက်ပိုင်းအတွင်းမှာ ဒလမြို့နယ်ထဲက မြေဈေးတွေ ၂၀ ရာခိုင်နှုန်းလောက်အထိ တက်လာပါတယ်။
ဖေဖော်ဝါရီ ၁၇ ရက်နေ့က မြန်မာ-ကိုရီးယား ချစ်ကြည်ရေး ဒလတံတားစီမံကိန်း စတင်ကာ တံတားနဲ့ မလွတ်ကင်းတဲ့ နေရာတွေက အိမ်ထောင်စု ၇၀ ဝန်းကျင်လောက်ကို လျော်ကြေးပေးလိုက်ပြီးတဲ့နောက်ပိုင်း ဒလမြို့ အိမ်ခြံမြေဈေးကွက် မာလာခဲ့ပြီး ၂၀ ရာခိုင်နှုန်းလောက်အထိ တက်လာတယ်လို့ ဒလမြို့ အိမ်ခြံမြေ အသိုင်းအဝိုင်းက ဆိုပါတယ်။
အရင်တုန်းက အတည်မပြုနိုင်တဲ့ စီမံကိန်းသတင်းတွေကြောင့် မြေဈေးတွေတက်ခဲ့ပေမယ့် ကာလအတန်ကြာ ဒလ အိမ်ခြံမြေဈေးကွက် အေးစက်ခဲ့ပါတယ်။
ဒါပေမယ့် အခု တရားဝင် တံတားဆောက်လုပ်တော့မယ်ဆိုတဲ့ သတင်းကြောင့် အရောင်းအဝယ်တွေလည်း ပိုသွက်လာတယ်လို့ iHome အိမ်ခြံမြေ အကျိုးဆောင် မန်နေဂျာက ပြောပါတယ်။
iHome အိမ်ခြံမြေအကျိုးဆောင် မန်နေဂျာ ဦးဉာဏ်ဌေးက “လက်ရှိအချိန်မှာ ဈေးက ပိုပြီး တင်းမာလာတယ်။ ဈေးတက်လာတယ်။ အရောင်းအဝယ်က အရင်တုန်းက မေးပြီးပြန်တယ်၊ အခုက ဒီနေ့စရံချတယ်၊ မနက်ဖြန်လောက်ဆို မရှိတော့ဘူး။ ဝယ်တဲ့သူတွေကတော့ လှောင်တဲ့သူများတယ်။ နေမယ့်သူကတော့ နည်းတယ်၊ ဈေးကစားမယ့်လူများတယ်” လို့ ပြောပါတယ်။
လက်ရှိအနေအထားတွေအရ ဒလမြို့နယ်ထဲက အိမ်ခြံမြေဈေးကွက်တွေဟာ အသစ်ဖော်ထားတဲ့ ကျန်စစ်သားရပ်ကွက်က ခြံမြေတွေနဲ့ ဘုရင့်နောင်၊ တပင်ရွှေထီး စတဲ့ရပ်ကွက်တွေထဲက ခြံမြေတွေက အရောင်းဝယ်သွက်နေပြီး လယ်မြေ အရောင်းဈေးကွက်ကတော့ အေးစက်နေဆဲပဲလို့ ဆိုပါတယ်။
ဒါပေမယ့် တံတားဆောက်ဖို့ဆိုတာက လျော်ကြေးပေးထားတဲ့ အဆင့်အထိသာ ရှိသေးပြီး တံတားဆောက်ဖို့ ပန္နက်ရိုက်တာတွေ စလုပ်ဆောင်လာတဲ့အချိန်မှာတော့ ဒလ အိမ်ခြံမြေဈေးနှုန်းတွေ အခုထက် ပိုတက်လာမယ်လို့ ဒလအိမ်ခြံမြေအကျိုးဆောင် လုပ်ကိုင်သူ ဦးသူရက ပြောပါတယ်။
ဒလမြို့နယ်အတွင်းရှိ ရပ်ကွက်တွေထဲက ၂၅×၅၀ အကွက်တွေဟာ သိန်း ၅၀၀ ဝန်းကျင်ကနေ လမ်းမတန်းတွေဘက်က ခြံကွက်ကျယ်တွေက သိန်း ၁၀၀၀ ဝန်းကျင်လောက်ထိ ပေါက်ဈေးတွေ ရှိနေပါတယ်လို့ ပြောပါတယ်။
Ref : DVB Burmese
Photo Credit : Social
Posted By : Wai Phyoe
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ