By Myanmar Builders Guide, Shweproperty.com
Updated at 25 December 2018
ရန်ကုန်-ဒလ (ကိုရီးယား-မြန်မာ) ချစ်ကြည်ရေးတံတားတည်ဆောက်ရန် ကနဦးလုပ်ငန်းများ စတင်နေပြီဖြစ် သော်လည်း ဒလမြို့နယ်အိမ်ခြံမြေဈေးနှုန်းများကျဆင်းလျက်ရှိနေကြောင်း ဒလမြို့နယ်အိမ်ခြံမြေလုပ်ငန်း အကျိုးဆောင်ကုမ္ပဏီများထံမှ စုံစမ်းသိရှိရသည်။
ရန်ကုန်-ဒလ တံတားစီမံကိန်း စတင်ရေးဆွဲဖော်ဆောင်ချိန်တွင် ဒလမြို့နယ်၌ အိမ်ခြံမြေဈေးနှုန်းများ အလွန် အကျွံမြင့်တက်ခဲ့သော်လည်း ယခုတည်ဆောက်ရန်စက်ယန္တရားများရောက်ရှိထိတိုင်အောင် ဈေးနှုန်းကျဆင်း၍ အရောင်းအဝယ်အေးလျက်ရှိကြောင်း ဒလမြို့နယ် (Now City) အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ ဦးထွန်းလင်းက News Watch သို့ ပြောသည်။
''ဒီနေ့ ဒီဇင်ဘာ ၁၂ ရက် တံတားတည်ဆောက်ဖို့ စက်ပစ္စည်းတချို့တဝက် တောင်ရောက်နေပြီ။ အိမ်ခြံမြေ ဈေးကတော့ ငြိမ်နေဆဲပဲ။ ဈေးတွေကလည်း အရမ်းကိုပြုတ်ကျနေတယ်။ ကျွန်တော်တို့ ခန့်မှန်းရသလောက် ပြန်တက်ဖို့ အလားအလာမရှိတော့ဘူး။ ပြန်တက်ရင်တောင် အရင်ကလောက်ပြန်တက်ဖို့မရှိတော့ဘူး။ ခုနောက်ပိုင်းက မြေကွက်တွေကိုသိပ်မရင်းကြတော့ဘူး။ မြေကွက်တကွက် ၂၅ x ၅ဝ ကို သိန်းသုံး၊ လေး၊ ငါးရာဆိုတော့ ရင်းနှီးမြှုပ်နှံတဲ့သူတွေက လယ်ကွက်တွေပေါ်မှာပဲ ရင်းနှီးမြှုပ်နှံတော့တယ်။ လယ်ယာမြေ တွေတော့ အရောင်းအဝယ်ဖြစ်ကြတယ်။ လယ်ယာမြေဈေးနှုန်းလည်း ငြိမ်နေဆဲပဲ။ ငွေတွေက ဖောင်းပွမှုမရှိ တော့ဘဲ ငွေကျပ်တည်းနေတယ်။ နောက်ပြီးလွန်ခဲ့တဲ့နှစ်တွေထဲက ရင်းနှီးမြှုပ်နှံသူတွေကမြေကွက်တွေဝယ်ပြီး ပြန်ရောင်းမထွက်တော့ ငွေတွေအီနေတာလည်းပါတယ်'' ဟု ဦးထွန်းလင်းက ပြောသည်။
ရန်ကုန်-ဒလ တံတားဆောက်လုပ်နေဆဲကာလနှင့် ဆောက်လုပ်ပြီးကာလများတွင် ဈေးနှုန်းအလွန်အကျွံမြင့် တက်နိုင်မှုအခြေအနေမရှိကြောင်း ၎င်းကသုံးသပ်ပြောဆိုခဲ့သည်။
အဆိုပါတံတားတည်ဆောက်ရန် စီမံကိန်းများရေးဆွဲပြီးနောက်ပိုင်းတွင် ဒလမြို့နယ်အိမ်ခြံမြေဈေးနှုန်း ၂၅ x ၅ဝ မြေကွက်တကွက်လျှင် သိန်းတထောင်ကျော်ထိ မြင့်တက်ခဲ့ပြီး လက်ရှိ မြေကွက် ဈေးနှုန်းများမှာ ဒလ-တွံတေး လမ်းမကြီး ဘေးရှိ ၂၅ x ၅ဝ မြေကွက် တကွက်လျှင် သိန်း ၇၅ဝ ကျပ်မှ သိန်း ၉ဝဝ ကျပ်အထိ သာရှိပြီး အတွင်းပိုင်းရှိ မြေကွက် ၂၅ x ၅ဝ တကွက် သိန်း ၃ဝဝ ကျပ်မှ သိန်း ၅ဝဝ ကျပ်အထိ သာရှိကြောင်းနှင့် လယ်တစ်ဧကလျှင် ကျပ်သိန်း ၃ဝ မှ သိန်း ၇ဝ ကျော်အထိသာရှိကြောင်း သိရသည်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ