By emg, Shweproperty.com
Updated at 12 May 2013
ရန်ကုန်မြို့တော်အား ယခုထက် ပိုမိုဖွံ့ဖြိုးစေရန် ရေးဆွဲနေသည့် မဟာရန်ကုန်မြို့တော် မဟာဗျူဟာ စီမံကိန်းတွင် တိုးတက်လာသော ရန်ကုန်မြို့တော် လူဦးရေအရ ရန်ကုန်မြို့တော် နယ်နိမိတ်အား ချဲ့ထွင်မည် ဖြစ်ကြောင်း၊ ယင်းသို့ချဲ့ထွင်ကာ အဆင့်မြှင့်တင်မည့် နေရာများတွင် ဒလ၊ သန်လျင်၊ တွံတေး၊ မှော်ဘီ၊ လှည်းကူး စသည့်နေရာများ ပါဝင်ကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလက ရန်ကုန်မြို့ရှိ Micasa ဟိုတယ်တွင် ပြုလုပ်ခဲ့သော ၂၀၄၀ အတွက် ရန်ကုန်မြို့တော် စီမံကိန်း ရေးဆွဲရေးအတွက် အလုပ်ရုံ ဆွေးနွေးပွဲတွင် ရန်ကုန်မြို့တော်အား ချဲ့ထွင်ရာတွင် လက်ရှိလူနေသိပ်သည်းမှု နည်းပါးနေသော မြို့နယ်နေရာများအား သိပ်သည်းမှု များလာအောင် မြှင့်တင်ပေးခြင်း နည်းလမ်းနှင့် မြို့အားချဲ့ထွင်ခြင်းတို့ကို ရန်ကုန်မြို့ပြ ပညာရှင်များက ထောက်ပြခဲ့ကြသည်။
ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်က ဒလမြို့အား ပိုမိုဖွံ့ဖြိုးစေရန် ရည်ရွယ်ကာ ကိုရီးယားနိုင်ငံရှိ ကုမ္ပဏီတစ်ခုက ရန်ကုန်မြစ်ကိုဖြတ်၍ ရန်ကုန်-ဒလ ဆက်သွယ်သည့် တံတားထိုးရန် စိတ်ဝင်စား၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသို့ ဆက်သွယ်ကမ်းလှမ်းမှုများ ရှိခဲ့ပြီး ယင်းသို့ တံတားဆောက်လိုသည့် ကမ်းလှမ်းမှုအပြီး ဒလတွင် မြေဈေးနှုန်းများ တစ်ရှိန်ထိုး တက်သွားခဲ့ကာ အချိန်အတော်ကြာမှ ပြန်ကျသွားခဲ့ကြောင်း သိရသည်။
သို့သော် ဒလမြို့နယ်တွင် နှစ်စဉ် နွေရာသီ ရေရှားပါးမှု ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ်မှ စတင်၍ နှစ်စဉ် ဆက်တိုက် ဖြစ်ပွားလာသော မြစ်ကမ်းပါးပြိုမှုများ အန္တရာယ်များကြောင့် မြို့တော်ချဲ့ရန် အခက်အခဲများစွာ ရှိမည်ဖြစ်ကြောင်း၊ ရန်ကုန်မြို့တော် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်ရာ၌ အချို့သော မြို့နယ်များတွင် သောက်သုံးရေချို လိုအပ်မှု၊ အခြေခံ အဆောက်အအုံများကို အများဆုံး ပံ့ပိုးမှုများ ပြုလုပ်ပေးနိုင်မှသာ မြို့ပြတည်ဆောက်မှုများ ပြုလုပ်သင့်ကြောင်းလည်း မြို့ပြ စီမံကိန်းဆိုင်ရာ ပညာရှင်အချို့က သုံးသပ်ခဲ့ကြသည်။
ဒလကဲ့သို့ မြို့နယ်များသည် ရန်ကုန်မြို့နှင့် တစ်ဖက်ကမ်း အနီးဆုံး၌ တည်ရှိနေသော်လည်း ရေငန်အများဆုံး ဖြစ်ပေါ်နေသောကြောင့် သောက်သုံးရေချို လိုအပ်မှုမှာ အဓိက ပြဿနာအဖြစ် ရင်ဆိုင်ရနိုင်ကြောင်း၊ တောင်ကိုရီးယားနိုင်ငံရှိ ဆိုးလ်မြို့တော်သည် ဟန်မြစ်ကို အလယ်တွင်ထား၍ တည်ဆောက်ထားသော်လည်း မြို့၏တစ်ဖက်နှင့် အခြားတစ်ဖက်ကို အလွယ်တကူ သွားလာနိုင်ရေးအတွက် တံတားအစင်း ၂၀ တည်ဆောက်ပေးထားကြောင်း၊ လက်ရှိ ဒလတွင် ယင်းအခြေအနေများ မရှိကြောင်း၊ ဒလမြို့သစ်အား မြို့ပြအဆင့် မြှင့်တင်မည်ဆိုရာ၌ လုံလောက်သော တံတားအစင်းရေနှင့် လျှပ်စစ်မီး၊ ဆက်သွယ်ရေးကဏ္ဍ စသည်တို့ကို ပံ့ပိုးတည်ဆောက်မှုများ ပြုလုပ်သင့်ကြောင်း သုံးသပ်မှုများ ရှိနေသည်။
''ရန်ကုန်ရဲ့ အနေအထားအရ မြို့သစ်တွေ တိုးချဲ့တည်ဆောက်ဖို့က အလျင်အမြန် လိုအပ်နေပါတယ်။ ဥပမာ-ဒလ ဆိုပါတော့။ လက်ရှိအနေအထားက ရန်ကုန်တစ်ဖက်ကမ်း ဒလကို သွားမယ်ဆိုရင် ကူးတို့လေးနဲ့ ကူးနေရတုံး၊ ဒါတွေကို ဘယ်လိုဖြေရှင်းမလဲ။ ဒလကို မြို့ပြအဆင့် မြှင့်မယ်ဆိုရင် တံတားဘယ်နှစင်း တည်ဆောက်ပေးမလဲ။ ဆိုးလ်မြို့ဟာ ဟန်မြစ်ပေါ် တည်ဆောက်ထားတယ် ဆိုပေမယ့် တံတားက အစင်း ၂၀ ရှိတယ်။ ကားရော ရထားရော သွားဖို့ရှိတယ်။ ရှန်ဟိုင်းမှာဆိုလည်း မြေပေါ်တံတားက သုံးစင်း၊ မြေအောက်တံတားက လေးစင်း ရှိတယ်။
ဒီတော့ မြို့ဟာ မြစ်ခြားနေပေမယ့် ဟိုဘက်ဒီဘက် ကူးဖို့က အခြေခံ အဆောက်အအုံတွေက ပြည့်စုံနေတယ်။ ဒလကို အဆင့်မြှင့်ရင် ဒါတွေအရမ်း အရေးပါတယ်။ ဒလကို မြို့ပြအဆင့် မြှင့်လိုက်ပြီး ကူးတို့လေးနဲ့ကူးပြီး သွားလာနေရမယ်ဆိုရင် မြို့ပြတည်ဆောက်မှုက မအောင်မြင်နိုင်ပါဘူး။ ဒီလိုအခက်အခဲရှိနေတဲ့ မြို့တွေကို အဆင့်မြှင့်မယ်ဆိုရင် အစိုးရ အဆက်ဆက် ဆက်လက်အကောင် အထည်ဖော်မယ့် overall master plan တွေရေးဆွဲပြီးမှ ဆောင်ရွက်သင့်တယ်'' ဟုလည်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းအေးက ပြောကြားခဲ့သည်။
ဒလမြို့နယ်အတွင်း ရပ်ကွက် ၂၃ ခုနှင့် ကျေးရွာ ၂၃ ရွာရှိပြီး ရပ်ကွက် ၂၀ ခုကိုသာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ရန်ကုန်ပေါက် ရေပေးဝေရေး စခန်းမှတစ်ဆင့် ရေပေးဝေထားကြောင်း၊ ကျန်ရှိသည့်ရပ်ကွက် ၃ ခုနှင့် ကျေးရွာများမှ ကန်ရေကိုသာ အဓိက အားထား အသုံးပြုနေရကြောင်း၊ နွေရာသီ ကာလတိုင်း (အချို့နှစ်များတွင် နွေရသီ မတိုင်မီကပင်) ရေကန်များ ခန်းခြောက်ကာ ရေအခက်အခဲများ ကြုံတွေ့နေရကြောင်း ဒလမြို့ခံများ၏ ပြောကြားချက်အရ သိရသည်။
''ရေရှားတာ ဒီနှစ်ပါနဲ့ဆို လေးနှစ်လောက်ရှိပါပြီ။ သုံးရေအတွက်က ခန်းလုဆဲဆဲ ကန်တွေဆီကနေ ခပ်ယူလို့ ရနိုင်ပေမယ့် သောက်ရေ အတွက်ကတော့ ရေလာလှူတဲ့ လူတွေဆီက ရေကိုပဲ အဓိက အားထား နေရတာပေါ့'' ဟု ဒလမြို့နယ်၊ ကျောင်းစုကျေးရွာမှ မတင်မိုးခိုင်က ပြောပြခဲ့သည်။
ဒလမြို့နယ်အတွင်း သောက်ရေ၊ သုံးရေ အခက်အခဲနှင့် ပတ်သက်၍ ရပ်ကွက် ၂၃ ခု၊ ကျေးရွာ ၂၃ စလုံးမှ ကိုယ်စားလှယ်များမှ ဦးဆောင်ကာ မေ ၃ ရက်တွင် ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့၌ ဆန္ဒထုတ်ဖော်ပွဲတစ်ခု ပြုလုပ်ခဲ့ပြီး အစိုးရ တာဝန်ရှိသူတို့မှ ရေအခက်အခဲအား ပြေလည်စေရန်နှင့် နောက်ပိုင်း ရေအခက်အခဲ လုံးမဝရှိဘဲ ထာဝရ ကောင်းမွန်သော ရေပေးဝေမှု စနစ်တစ်ခုကို ပြုလုပ်ပေးစေချင်ကြောင်း တောင်းဆိုခဲ့ကြသည်။
''ဒလဘက်ကို မြို့သစ်ချဲ့ဖို့၊ တည်ဖို့ မဖြစ်နိုင်သေးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒလက ရေရှားတယ်။ ဒလက လက်ရှိရန်ကုန်မြို့လယ် ဗဟိုစီးပွားရေးဇုန်ကို ဖြတ်သွားပြီးမှ ရောက်တာမို့လို့ မဖြစ်နိုင်ဘူးလို့ ပြောတာပါ။ လက်ရှိ မြို့လယ် ဗဟိုစီးပွားရေးဇုန်မှာ ယာဉ်ကြော ရှုပ်ထွေးကျပ်တည်းမှုတွေ ရှိနေတဲ့အတွက် အဲဒီဟာကို ဒလဘက်ကို ခွဲထုတ်ဖို့ မဖြစ်နိုင်ပါဘူး'' ဟု ဦးသံမိုးက ပြောကြားခဲ့သည်။
ရန်ကုန်မြို့တွင် အကောင်အထည်ဖော်မည့် သီလဝါ အထူးစီးပွားရေးဇုန်နှင့် သီလဝါ ဆိပ်ကမ်းများသည် ရန်ကုန်မြို့အတွက် သာမက မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှုအတွက် အရေးပါသည့် အခန်းကဏ္ဍ ဖြစ်နေသောကြောင့် ယင်းနှင့် ဆက်စပ်သည့် သန်လျင်၊ ကျောက်တန်း စသည့်မြို့နယ်များမှာ အနာဂတ်တွင် ဖွံ့ဖြိုးလာနိုင်သည့်နည်းတူ ဒလနှင့် တွံတေးမြို့နယ်များသည်လည်း မြို့ပြဖွံဖြိုးမှုအတွက် အလားအလာကောင်းများ ရှိနိုင်မည် ဖြစ်ကြောင်းလည်း မေ ၆ ရက်က ရန်ကုန်မြို့ရှိ ကုန်သည်ကြီးများ ဟိုတယ်တွင် ပြုလုပ်ခဲ့သည့် ရန်ကုန်မြို့ပြ ဖွံ့ဖြိုးရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ တင်ပြမှုများအရ သိရသည်။
''ရန်ကုန်တောင်ပိုင်းဖြစ်တဲ့ ဒလ၊ သန်လျင်၊ ကျောက်တန်း စတာတွေကို မြို့ချဲ့ဖို့ စဉ်းစားသင့်တဲ့ နေရာတွေပါ။ တစ်ဖက်မှာလည်း ဒလမှာက ရေအခက်အခဲရှိမယ်။ အခြေခံ အဆောက်အအုံ မပြည့်စုံသေးမှုတွေ ရှိမယ်။ ဒါပေမဲ့ ဒါတွေကို တဖြည်းဖြည်း လုပ်ရင်တော့ ရနိုင်ပါတယ်။ ဒါပေမယ့် လောလောဆယ်မှာတော့ ဒလဘက်မှာ စက်မှုဇုန်တွေပဲ ဦးစားပေးပြီး လုပ်ဦးမယ်လို့လည်း ကြားနေရတယ်။ အဲဒီလို လုပ်ခြင်းအားဖြင့် သီလဝါနဲ့ ဆက်စပ်ပြီး ပိုဖွံ့ဖြိုးနိုင်မယ့် အလားအလာရှိတယ်။ ရန်ကုန်မြို့က လူဦးရေ တိုးနှုန်းမြင့်နေတော့ မြို့ချဲ့ဖို့က လိုလာပြီ'' ဟု ရန်ကုန်မြို့ပြ စီမံကိန်းများနှင့် ပတ်သက်၍ လေ့လာမှု ပြုလုပ်နေသူ ဦးလှမြင့်က ပြောကြားခဲ့သည်။
ကြည့်မြင်တိုင် တစ်ဖက်ကမ်းတွင်လည်း ရန်ကုန်မြို့သစ် စီမံကိန်းတည်ရန် လုပ်ငန်းရှင်တစ်ဦးက မြို့တော်စည်ပင်သို့ တင်ပြထားပြီး စဉ်းစားနေဆဲပင်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရပြီး ကြည့်မြင်တိုင် တစ်ဖက်ကမ်းမှာလည်း နှစ်စဉ်ရေရှားသည့် နေရာတစ်ခု ဖြစ်နေသည်။
''အမှန်တကယ် ဒုတိယ ရန်ကုန်လို့ခေါ်မယ့် မြို့တော်သစ် ချဲ့သင့်တာ မင်္ဂလာဒုံနဲ့ လှည်းကူးမြို့နယ်ပဲ ဖြစ်ပါတယ်။ ဟံသာဝတီ နိုင်ငံတကာ လေဆိပ်ဟာ ပြီးမယ့်အချိန်နဲ့ မြို့တော်သစ်ဟာ သိပ်မဝေးတဲ့နေရာမှာ ရှိသင့်တယ်။ ဒီနေရာမှာ ယာဉ်ကြော ပြဿနာမရှိနိုင်ဘူး။ Infrastructure တွေအတွက် အစိုးရအနေနဲ့ ငွေအများကြီး ရင်းနှီးစရာ မရှိဘူး။ တပ်ပိုင်မြေတွေနဲ့ အစိုးရပိုင်မြေတွေ များတဲ့အတွက် Developer တွေ အနေနဲ့ရော၊ အစိုးရအတွက်ပါ အဆင်ပြေတယ်။ အခုလောလောဆယ် ဒုတိယစီးပွားရေး စင်တာဖြစ်တဲ့ ရှစ်မိုင်၊ ကိုးမိုင်နဲ့လည်း မဝေးဘူး။ ရှန်ဟိုင်းက ပူဒေါင်းလို၊ ဟောင်ကောင်က ကောင်းလွန်းလို့ ချက်ချင်း ဖြစ်သွားနိုင်တယ်'' ဟု မြို့ပြမြေယာ ကျွမ်းကျင်သူ တစ်ဦးက ထောက်ပြပါသည်။
''အရန်မြို့တွေ တည်တာလည်း လုပ်ပါ။ ဒါပေမဲ့ မင်္ဂလာဒုံ၊ လှည်းကူးမြို့နယ် တွေကတော့ လူနှစ်သန်းဆံ့တဲ့ ခေတ်မီမြို့တော် ဖြစ်လာနိုင်တယ်။ လက်ရှိ ရန်ကုန်မြို့အဝင် လမ်းမကြီးတွေရဲ့ အလယ်မှာရှိမယ့် ဒီမြို့တော်အတွက် ဥပဒေတွေ ပြဋ္ဌာန်း ပြီး ဆောင်ရွက်သင့်တယ်'' ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
ရန်ကုန်မြို့တော် ဖွံ့ဖြိုးရေးအတွက် ယခင်က ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် မလေးရှားနိုင်ငံတို့ ပူးပေါင်းပြုလုပ်ရန် စီစဉ်ခဲ့သော်လည်း မရေးဆွဲဖြစ်ခဲ့ကြောင်း၊ ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်တွင်မှ JICA နှင့်ပူးပေါင်း၍ စတင်ရေးဆွဲခဲ့သည့် ''မဟာရန်ကုန် မြို့ပြဖွံ့ဖြိုးရေး မဟာဗျူဟာ စီမံကိန်း'' ကို ယခုနှစ် ဒီဇင်ဘာလတွင် အပြီးသတ် ရေးဆွဲမည်ဖြစ်ပြီး မြို့နေလူထုအတွက် လိုအပ်ချက်များ ရှိနေသော လျှပ်စစ်၊ ရေ၊ အိမ်ရာလိုအပ်ချက်၊ စသည့်တို့ကို ဦးစားပေး ထည့်သွင်းရေးဆွဲသည့် နည်းတူ ယင်းစီမံကိန်း၌ မြို့ဧရိယာကို ချဲ့ထွင်မှုများ ပြုလုပ်ရန် ပါဝင်သည်။
ရန်ကုန်မြို့တော်နှင့် ပတ်သက်သည့် အချက်အလက်အချို့
- လွပ်လပ်ရေးရပြီးနောက် ရန်ကုန်မြို့တော်၏ ဧရိယာသည် ၃၀ ဒသမ ၈၀၉ စတုရန်းမိုင်၊ ၁၉၇၁ ဧက ရှိခဲ့သည်။ - ၂၀-၆-၁၉၇၂ ခုနှစ်တွင် မြို့နယ် ၃၉ ခုဖြင့် ရန်ကုန်တိုင်းကို ဖွဲ့စည်းခဲ့သည်။ - ၁၉၈၂ ခုနှစ်တွင် ရန်ကုန်တိုင်းမြို့နယ် ၃၉ ခုအနက် ရန်ကုန်စည်ပင် နယ်နိမိတ် ၂၇ မြို့နယ်တွင် လူဦးရေ နှစ်သန်းကျော် ရှိခဲ့သည်။ - ၁၉၅၈-၁၉၆၀ ခုနှစ်၌ တောင်ဥက္ကလာပမြို့နယ်တွင် မြေကွက် ၁၁၀၅၃ ကွက်၊ မြောက်ဥက္ကလာပတွင် မြေကွက် ၁၁၆၁၆ ကွက်၊ သာကေတတွင် မြေကွက် ၉၀၀၄ ကွက်ဖော်ထုတ်ပြီး မြို့သစ်တည်ခဲ့သည်။ - နိုင်ငံတော် အေးချမ်းသာယာရေးနှင့်ဖွံ့ ဖြိုးရေးကောင်စီခေတ် ၁၉၈၉ ခုနှစ်တွင် လှိုင်သာယာနှင့် ရွှေပြည်သာမြို့နယ်၊ ၁၉၉၀ တွင် ဒဂုံမြို့သစ် တောင်ပိုင်းနှင့် မြောက်ပိုင်း၊ ၁၉၉၃ တွင် ဒဂုံမြို့သစ် အရှေ့ပိုင်းနှင့် ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် တို့ကို မြို့သစ်ဖော်ထုတ်ခဲ့သည်။ - လက်ရှိတွင် ရန်ကုန်မြို့တော် ဧရိယာမှာ စတုရန်းမိုင်ပေါင်း ၃၀၀၀ ကျော်ရှိလာပြီး လူဦးရေခြောက် သန်းကျော် နေထိုင်နေသည်။
Ref : EMG
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ