By မြတ်ငြိမ်းအေး နှင့် တင်ရတနာထွန်း, Shweproperty.com
Updated at 26 August 2014
ပြီးခဲ့သည့် နှစ်နှစ်အတွင်း ရန်ကုန်မြို့စွန် ဒေသ များတွင် စီးပွားရေးဆိုင်ရာ စီမံကိန်းများ၊ အိမ်ရာစီမံကိန်းများနှင့် လမ်းပန်းဆက်သွယ်ရေး တိုးချဲ့မှု အစီအစဉ်များကြောင့် ရန်ကုန်မြို့အရှေ့တောင်ဘက်ရှိ ဒေါပုံမြို့နယ် တွင် မြေဈေးများမှာ အချိန်နှင့်အမျှ မြင့်တက်လာခဲ့ကြောင်း အိမ်ခြံမြေလုပ်ငန်းရှင်များက ပြောသည်။
၂၀၁၃ ခုနှစ်အတွင်း မြန်မာနှင့် ကိုရီးယား တို့၏ မြစ်ကူးတံတားစီမံကိန်းများကြောင့် ရန်ကုန်မြို့မြစ်တစ်ဖက်ခြမ်းရှိ ဒလမြို့နယ်တွင် မြေဈေးများမြင့်တက်ခဲ့ရပြီး နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများဝင်ရောက်ခဲ့သည့် အဆင့် မြင့်အိမ်ရာစီမံကိန်းများကြောင့် သန်လျင်မြို့ တွင်လည်း မြေဈေးများတက်လာခဲ့ကြောင်း လည်း ၎င်းတို့က ပြောသည်။
သန်လျင်နှင့် ဒလမြို့နယ်ကဲ့သို့ စီးပွားရေးဆိုင်ရာ စီမံကိန်းအကြီးစားကြီးများ မရှိသော်လည်းရန်ကုန်မြို့လယ်နှင့်နီးစပ်သည့် မဟာဗန္ဓုလတံတားအဆင်းတွင် တည်ရှိသော ဒေါပုံမြို့နယ်သည် ၎င်း၏အချက်အချာကျသည့် တည်နေရာကြောင့် အိမ်ခြံမြေလုပ်ငန်း တွင်ရင်းနှီးမြှုပ်နှံသူများနှင့် ကန်ထရိုက်အဆောက်အအုံ ဆောက်လုပ်သူများ မျက်စိ ကျရာနေရာတစ်ခု ဖြစ်လာခဲ့သည်။
"ဒေါပုံက ရန်ကုန်မြို့ထဲကနေ ၁၅ မိနစ် လောက် ကားစီးလိုက်တာနဲ့ရောက်တယ်။ နောက်ပြီးရန်ကုန်နဲ့ သန်လျင်ကြားထဲမှာရှိတော့ ရန်ကုန်မှာ မြေဈေးတွေ တက်တဲ့အချိန် ဒေါပုံမြို့နယ်ကလည်း အလိုလိုကို ဈေးကောင်းသွားတော့တာပါပဲ။ လူနေထိုင်တာ လည်း များလာတယ်။ နောက်ပြီး ကန်ထရိုက် တွေကလည်း တော်တော်များများ လာဆောက် ကြတယ်" ဟု မြပန်းသခင် အိမ်ခြံမြေ အကျိုး ဆောင်လုပ်ငန်းမှ ကိုမင်းမင်းစိုးကပြောသည်။
"ဒေါပုံမြေဈေးတွေ လွန်ခဲ့တဲ့နှစ်နှစ်လောက် ကစတက်လာပြီး ကန်ထရိုက်ဆောက်လုပ်ရေး တွေလည်း စတင်ခဲ့တယ်။ အခုချိန် ဒေါပုံမှာ မြေအရောင်းအဝယ်ထက် ကန်ထရိုက်တိုက် ဆောက်လုပ်မှုတွေပိုများလာပြီး လမ်းတိုင်းနီးပါး ကန်ထရိုက်တိုက်တွေ ဆောက်လုပ် နေကြတယ်"ဟု မြတ်မင်းဆောက်လုပ်ရေး လုပ်ငန်းမှ ဦးအောင်မင်းက ပြောသည်။ ဒေါပုံမြို့နယ်သည် ယခင်က မိုးရာသီတွင် ရေအမြဲဝပ်လေ့ရှိပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့်အတွက် လူအများစိတ်ဝင်စားမှုလျော့နည်းခဲ့သော်လည်း မဟာဗန္ဓု လတံတားတည်ဆောက်အပြီးတွင် လမ်းများကောင်းမွန်လာပြီး သွားလာရေးအဆင်ပြေလာ၍ နေထိုင် ရန် စိတ်ဝင်စားသူများပြားလာကြောင်း ဦးအောင်မင်းက ပြောသည်။
"မြို့ထဲနဲ့နီးပေမယ့် မြို့ထဲနေရာတွေလို မြေဈေးသိပ်မကြီးသေးတဲ့ ဒေါပုံမြို့နယ်မှာ နေဖို့ စိတ်ဝင်စားတဲ့သူ တဖြည်းဖြည်းများလာ တယ်။ အရင်က လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့်နေထိုင်သူတွေအခက်တွေ့ပေမယ့် အခုလမ်းကောင်းလာချိန်မှာ နေဖို့စိတ်ဝင်စားသူ တော်တော်များလာတယ်" ဟု ဒေါပုံမြို့ခံ ဦးမြင့်အေးက ပြောသည်။
လူအများစိတ်ဝင်စားမှု ပိုများလာသည်နှင့်အတူ ကန်ထရိုက်တိုက်တည်ဆောက်မှု မှာလည်းများပြားလာပြီး လူနေထူထပ်လာက ပိုမိုစည်ကားခဲ့၍ ဒေါပုံမြို့၏လက်ရှိ မြေဈေး နှင့် ကွန်ဒိုနှင့်တိုက်ခန်းဈေးများမှာ ပိုကောင်း လာကြောင်းဟု ၎င်းက ပြောသည်။ ဒေါပုံမြို့နယ်သည် လွန်ခဲ့သည့် ဆယ်နှစ် ကျော်ခန့်က မြစ်ချောင်းခြားနေခြင်းတို့ ကြောင့် ရန်ကုန်မြို့လယ်နှင့်အလှမ်းဝေးခဲ့ပြီး လူနေမှုအဆင့်အတန်းလည်း မမြင့်မားခဲ့သည့်နေရာတစ်ခု ဖြစ်ခဲ့ရာမှ ၂၀၀၀ ပြည့်နှစ်နောက်ပိုင်းတွင် မဟာဗန္ဓုလတံတား တည် ဆောက်ပြီးစီးခဲ့ပြီး ရန်ကုန်မြို့လယ်နှင့် သွားလာရေးလွယ်ကူခဲ့ခြင်းကြောင့် အချက်အချာ ကျသည့်နေရာတစ်ခုအဖြစ် မြို့ပြပုံစံပြောင်းလဲလာကာ လူနေမှုပုံစံမှာပြောင်းလဲလာခဲ့သည်။
"ရန်ကုန်နဲ့ မြေအနေအထားအရနီးတော့ တံတားကဖြတ်ရင် မိနစ်၂၀ လောက်နဲ့ မြို့ထဲကိုရောက်နိုင်တော့ အခုချိန်မှာ ဒေါပုံမှာနေဖို့ စိတ်ဝင်စားသူများလာတယ်။ ဒေါပုံမြို့နယ် ကိုနောက်ပိုင်းမှာ စီးပွားရေးလုပ်ငန်း လုပ်ဖို့ ထက် နေဖို့ရွေးချယ်ကြသူတွေပိုများတယ်။ မြေကွက်တွေကနည်းနည်းကျဉ်းတော့ ဆိုင်ခန်းကြီးတွေဖွင့်ဖို့ သိပ်အဆင်မပြေဘူး။ လမ်းမတန်းကြီးတွေဘက်မှာတော့ ဆိုင်ခန်းတွေရှိပါတယ်။ အများစုကတော့ နေထိုင်သူတွေပဲပိုများတယ်" ဟု အေဘီစီဆောက်လုပ် ရေးလုပ်ငန်းမှ အထွေထွေမန်နေဂျာ ဦးရန်အောင်က ပြောသည်။
ဒေါပုံမြို့နယ်ရှိ ကွန်ဒိုတိုက်ခန်းဈေးနှုန်း များမှာ ဓာတ်လှေကားပါဝင်သည့်မြေညီထပ် ကွန်ဒိုတစ်ခန်းလျှင် ကျပ်သိန်း ၁,၀၀၀ ကျော် ခန့်ရှိပြီး ရိုးရိုးတိုက်ခန်းတစ်ခန်းလျှင် ပျမ်းမျှ ကျပ်သိန်း၄၀၀ မှ ၅၀၀ ခန့်ရှိကြောင်း အိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။
ထို့ပြင် ဒေါပုံမြို့ပေါ်ရှိ အိမ်ခြံမြေဈေးကွက် တွင် လုံးချင်းအိမ်ရောင်းဝယ်မှုထက် ကွန်ဒို တိုက်ခန်းရောင်းဝယ်မှုမှာ ပိုမိုကောင်းမွန်ပြီး အိမ်ခြံမြေဈေးကစားသူများနှင့် ရင်းနှီးမြှုပ်နှံ သူများ ပိုမိုစိတ်ဝင်စားလာကြကြောင်း ွဗူဗဌ့ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ ဒေါ်ချိုချိုဝင်းက ပြောသည်။
"ဒေါပုံဘက်မှာ ကွန်ဒိုအခန်းဈေးတွေက ကောင်းတယ်။ နောက်ပိုင်း လူနေများလာတော့ ဈေးတွေက နေရာအနေအထားပေါ်မူတည်ပြီး အပြောင်းအလဲလေးတွေရှိလာ တယ်။ မြေညီထပ်အခန်းတွေ၊လမ်းမဘေးမှာ ရှိတဲ့အခန်းတွေဆိုရင် အရင်ကထက် သိသိသာသာ ဈေးပိုများလာသလို လူကြိုက်လည်း များလာတယ်" ဟု ၎င်းက ပြောသည်။
လွန်ခဲ့သည့် ၁၀ နှစ်ကျော်အချိန်များက လူစိတ်ဝင်စားမှုနည်းပါးကာ ဝယ်ယူလိုသူအလွန်နည်းပါးခဲ့သော ဒေါပုံမြို့နယ်၏ မြေ ဈေးများမှာ ယခုအခါတွင် တစ်ပေပတ်လည် ဈေးမှာ ကျပ် တစ်သိန်းခွဲခန့်အထိ ဈေးကောင်းလာကြောင်း အိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။
သို့သော် ဒေါပုံမြို့နယ်မှာ လက်ရှိ အနေ အထားတွင် မြို့နယ်နှစ်ပိုင်းကွဲနေပြီး အထပ် မြင့်အဆောက်အအုံများနှင့် လူနေစည်ကား သည့်အပိုင်းနှင့် အခြေခံလူတန်းများ နေထိုင် ကာ နေထိုင်မှုပုံစံသာမန်အဆင့်သာရှိသည့်အပိုင်းအဖြစ် နှစ်ပိုင်းကွဲနေခြင်းကြောင့် ဒေါပုံမြို့နယ်၏ လူစည်ကားသည့်နေရာတွင် သာ အိမ်ခြံမြေဈေးကွက်နှင့် ကန်ထရိုက်များ ၏ စုဝေးရာဖြစ်နေသည့်အတွက် မြို့ပြဖွံ့ဖြိုးမှု တစ်ပြေးညီဖြစ်ခဲ့ပါက ယခုထက် ပိုမိုစည်ကား သည့် မြို့ပြအင်္ဂါရပ်ကို ပိုင်ဆိုင်နိုင်ကြောင်း နေထိုင်သူများနှင့် ဆောက်လုပ်ရေးလုပ်ငန်း ရှင်များက သုံးသပ်သည်။
"ဒေါပုံက တံတားနဲ့နီးတဲ့ အခြမ်းက ဖွံ့ဖြိုး ပြီး ဝေးတဲ့အခြမ်းဘက်မှာ တဲသာသာအိမ်တွေ လည်းရှိနေသေးတယ်။ လူနေမှုအဆင့်အတန်း နိမ့်ကျတဲ့ အဲဒီလိုနေရာမျိုးတွေမှာ ကန်ထ ရိုက်တိုက်တွေဆောက်နိုင်ခဲ့ရင် ဒေါပုံမြို့ရဲ့ လူနေမှုအဆင့်အတန်းကလည်း ပိုမြင့်လာ ပြီး မြေဈေးတွေလည်း ပိုကောင်းလာနိုင်တယ်။ နေဖို့စိတ်ဝင်စားသူတွေလည်း ပိုများလာနိုင် တယ်"ဟု ဦးရန်အောင်ကပြောသည်။
ရပ်ကွက် ၁၄ ခု ပါဝင်သော ဒေါပုံမြို့နယ် သည် ရန်ကုန်မြို့နှင့် ပုဇွန်တောင်ချောင်းခြား ကာတည်ရှိပြီး အရှေ့ဘက်တွင် သာကေတ၊ အနောက်ဘက်တွင် မင်္ဂလာတောင်ညွန့်၊ မြောက်ဘက်တွင် သင်္ဃန်းကျွန်းနှင့် တောင် ဘက်တွင် ပုဇွန်တောင်မြို့နယ်တို့ တည်ရှိလျက် ရှိသည်။
သို့သော် ပုဇွန်တောင်ချောင်းနှင့် ပဲခူးမြစ် တို့ကြားတွင် တည်ရှိခြင်းကြောင့် အမြဲရေဝပ် လေ့ရှိသည့် ဒေါပုံမြို့နယ်သည် ယခုနှစ်အတွင်း ကန်ထရိုက်တိုက်ဆောက် လုပ်မှုအလွန် များ ပြားလာကြောင်း ကန်ထရိုက်တိုက် ဆောက် လုပ်ရေးလုပ်ငန်းရှင်များက ပြောသည်။
Ref : MM Times
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ