By 7day Daily, Shweproperty.com
Updated at 2 May 2013
ထားဝယ်-ကန်ချနာပူရီကားလမ်းတစ်လျှောက်ရှိ မြေနေရာများနှင့် ယခင်ကျေးရွာဟောင်းများကို စစ်ပြေးကရင် ဒုက္ခသည်များ ပြန်လည်နေရာချထားရန် နေရာသတ်မှတ်မှုများ ပြုလုပ်နေသောကြောင့် မည်သည့်ရောင်းချမှုမှ မပြုလုပ်ရန် တားမြစ်သွားမည်ဖြစ်ကြောင်း ထားဝယ်မြိတ်ခရိုင်ကရင်အစည်းအရုံးမှ အလုပ်အမှုဆောင်ဦးစောဟူရယ်ကပြောသည်။
ထားဝယ်-ကန်ချနာပူရီကားလမ်းတစ်လျှောက်ရှိ မြေနေရာများတွင်လည်း လုပ်ငန်းရှင်များ မြေယာရောင်းဝယ်မှုများ ပြုလုပ်နေသဖြင့် ကရင်ဒုက္ခသည်များအတွက် စားသောက်နေထိုင်ရာစရာ မြေနေရာမရှိမည်ကို စိုးရိမ်ကြောင့် အထက်ပါပုဂ္ဂိုလ်က ပြောသည်။
“ဒေသခံတွေ အတွက် မြေချန်ထားပေးတာပါ။ ဧက ဘယ်လောက်ရှိတယ်ဆိုတာတော့ မတိုင်းတာရသေးပါဘူး။ အရင်ကရော အခုရောတပ်မ ၄ရှိတဲ့ ဒီနေရာတွေကိုတော့ ရောင်းဝယ်ခွင့်မပေးဘူး” ဟု ဦးစောဟူရယ်က ပြောသည်။
ထားဝယ်-ကန်ချနာပူရီ ကားလမ်းတစ်လျှောက်ရှိ နယ်စပ်စခန်းနှင့်နီးသော မြေလွတ်မြေရိုင်းများကို သူပိုင်ငါပိုင်ဖြင့် တစ်ဖက်ထိုင်းနိုင်ငံရှိ မြို့တော်တွင် ဆိုင်းဘုတ်များကပ်ကာ လက်ညှိုးထိုးရောင်းချမှုများ ပြုလုပ်နေကြောင်း၊ တစ်ဆင့်လာရောက်ဝယ်ယူသူများသည် ရန်ကုန်နှင့် မန္တလေးမြို့မှ လုပ်ငန်းရှင်များဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောကြားသည်။
“လောလောဆယ် ထီးခီးနယ်စပ်စခန်းဖွင့်ဖို့က ရက်မသေချာသေးဘူး။ ထိုင်းဘက်ကတော့ သွားလာနေပြီ။မြို့ကြီးတွေမှာတော့ မြေတွေကို လက်ညှိုးထိုးရာင်းနေကြတာတွေရှိတယ်”ဟု အထက်ပါပုဂ္ဂိုလ်ကပြောသည်။
ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် ကန်ချနာပူရီနယ်စပ်စခန်းလမ်းတစ်လျှောက်ရှိ ထီးခီး၊ အမ်ရိုင်း၊ ဆင်ဖြူဒိုင်၊ ကသလာထီး၊ အမိုကျေးရွာ၊ မယ်ဇလီထီးအပါအဝင် ကျေးရွာ ၂၀၀ ကျော်သည် ၁၉၇၅-၁၉၉၇ ခုနှစ်အထိ အစိုးရနှင့် ကရင်အမျိုးသား အစည်းအရုံးတို့ ဖြစ်ပွားသော နှစ်ဖက်စစ်ပွဲများကြောင့် ရွာလုံးကျွတ် ပျက်စီးဆုံးရှုံးခဲ့သော ကရင်တပ်မ ၄ ၏မြေနေရာများဖြစ်ကြောင်း ထားဝယ်မြိတ်ကရင်အမျိုးသားအစည်းအရုံးတွင် ထားဝယ်-ကန်ချနာပူရီ ကားလမ်းစစ်ဆေးရေးအဖွဲ့ တာဝန်ခံ ဦးစောဟူရယ်က ပြောသည်။
အဆိုပါနေရာတွင် ကရင်-မြန်မာလူမျိုးများ နေထိုင်ကြပြီး ကရင်ဒုက္ခသည်များနေထိုင်ရန် အကြောင်းပြချက်ဖြင့် လျော်ကြေးမပေးဘဲ ပြောင်းရွေ့ခိုင်းနေကြောင်း၊ ကသလာထီးကျေးရွာသည် ထားဝယ်-န်ချနာပူရီ လမ်းမပေါ်တွင် ရှိသောကြောင့် ဒေသခံနေထိုင်သူများကို စဉ်းစားသင့်ကြောင်း ယင်းဒေသအရေးဆောင်ရွက်ပေးနေသူတစ်ဦးက ပြောသည်။
Ref:7day daily
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ