By The Voice, Shweproperty.com
Updated at 2 January 2018
ထားဝယ်နှင့်မြိတ်မှ တရားဝင် စာရင်းကောက်ယူထားသော ကျူးကျော်များအား ပြည်ထောင်စုနေ့ (ဖေဖော်ဝါရီလ ၁၂ ရက်) မတိုင်မီ အစိုးရ အငှားအိမ်ရာများတွင် နေရာချထားပေးရန် စီစဉ်နေကြောင်း တိုင်းအစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူး ဦးသိန်းအောင်က ပြောကြားသည်။
ခရိုင်အုပ်ချုပ်ရေးမှူးများ စိစစ်စာရင်းကောက်ခံထားသည့် ထားဝယ်လေယာဉ်ကွင်းနံဘေးနှင့် မြိတ်အား/ကာဝင်းအတွင်းမှ တရားဝင်ကျူးကျော်များကို အငှားစနစ်ဖြင့် ပေးအပ်နေထိုင်စေမည်ဖြစ်ပြီး အမှန်တကယ်နေထိုင်မည့် ကျူးကျော်များကိုသာ ပေးအပ်သွားမည်ဟု ဦးသိန်းအောင်က ပြောသည်။
“စီမံကိန်းလုပ်မယ့်နေရာ၊ အမှန်တကယ်လည်း နေဖို့ထိုင်ဖို့ အခက်အခဲဖြစ်တဲ့ ကျူးပေါ့။ ပြီးတော့ ဒေသခံတွေကို ဦးစားပေးမယ်၊ ကုမ္ပဏီကနေပြီးရင် အလုပ်သမားလာလုပ်ပြီးတော့ မပြန်တော့ဘဲနဲ့ နေနေတဲ့သူတွေကို မစဉ်းစားဘူး” ဟု ၎င်းက ဆိုသည်။
တိုင်းအစိုးရအဖွဲ့မှ ယင်းကျူးကျော်များအတွက် ရည်ရွယ်ဆောက်လုပ်ထားသည့် ပြီးစီးပြီဖြစ်သော ထားဝယ်နှင့်မြိတ်ရှိ အခန်း ၂၄ ခန်းပါ အိမ်ရာနှစ်လုံးစီတွင် နေရာချထားပေးသွားမည်ဖြစ်ကြောင်း ၎င်းကပြောသည်။
လက်ရှိတွင် အခန်းငှားခကို မသတ်မှတ်ရသေးပေ။
ဒေသနှင့် သင့်တင့်သော ဈေးနှုန်းဖြင့် (ရန်ကုန်နှင့် မန္တလေးမှ ကျူးကျော် အငှားအိမ်ရာဈေးနှုန်းများကို စံနမူပြု ဈေးနှုန်းသတ်မှတ်) ငှားရမ်းသွားမည်ဟု သိရသည်။
ကျူးကျော်များကို နေရာချထားပေးသည်ကို ကြိုဆိုသော်လည်း ရသည့်လစာနှင့် မလုံလောက်ဘဲ နေစရာအခက်တွေ့နေသည့် ဝန်ထမ်းအိမ်ရာတွင် နေခွင့်မရသော ဝန်ထမ်းများအတွက်ကိုလည်း အစိုးရက စဉ်းစားပေးစေလိုကြောင်း ထားဝယ်မြို့နေ ပညာရေးဝန်ထမ်းအမျိုးသမီးတစ်ဦးက ပြောသည်။
“ရပ်ဝေးက လာတာဝန်ထမ်းဆောင်ပြီး နေစရာ ဝန်ထမ်းအိမ်ရာမရလို့ အပြင်မှာ ဈေးကြီးပေးငှားနေရတဲ့ ဝန်ထမ်းတွေ အများကြီးရှိတယ်။ အမှန်ပဲ နေစရာအခက်အခဲရှိတဲ့ ဒေသတွင်းဝန်ထမ်းတွေကိုလည်း လှည့်ကြည့်စေချင်တယ်၊ ဒါမှလည်း သဘာဝကျမယ် ထင်ပါတယ်” ဟု ၎င်းအမျိုးသမီးဝန်ထမ်းက ပြောသည်။
တိုင်းအတွင်း ကျူးကျော်များကို ယင်းသို့နေရာပေးမည်ဆိုပါက တနင်္သာရီတိုင်းသို့ ကျူးကျော်များ ထပ်မံရောက်လာစေရန် ဖိတ်ခေါ်သကဲ့သို့ အခြေအနေမျိုးလည်း ဖြစ်သွားနိုင်သည်ဟု ထောက်ပြပြောဆိုမှုများ ရှိသည်။
Ref & Photo Credit : The Voice
Posted By : Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ