By Tomorrow News Journal, Shweproperty.com
Updated at 3 August 2017
ရန်ကုန်မြို့၏ အချက်အချာကျသော စစ်သမိုင်းပြတိုက်ဟောင်း၏နေရာတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ ကြီးမားသော ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းကြီးအား စတင်အကောင်အထည်ဖော် ဆောင်ရွက်ရန် ခွင့်ပြုလိုက်ပြီဖြစ်သည်။
မြန်မာ့ရင်းနှီးမြှုပ်နှံမှုဥပဒေသစ် ပေါ်ထွက်လာပြီးနောက် ပထမဦးဆုံး ခွင့်ပြုချက်ရရှိသော ယင်းစီမံကိန်းကို ဂျပန်နိုင်ငံမှ Fujita Corporation, Tokyo Tetemono နှင့် မြန်မာနိုင်ငံမှ ဧရာဟင်္သာဟိုးလ်ဒင်းကုမ္ပဏီ လီမိတက်၏ လက်အောက်ခံ YITC တို့က အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
Fujita Corporation က ဆောက်လုပ်ရေးအပိုင်းကို တာဝန်ယူဆောင်ရွက်မည်ဖြစ်ပြီး Tokyo Tetemono က နိုင်ငံတကာအဆင့်မီ ရုံးခန်းနှင့် ဘက်စုံသုံးစီမံကိန်းကို တာဝန်ယူဆောင်ရွက်မည်ဖြစ်သည်။ နိုင်ငံတကာအဆင့်မီဟိုတယ်အား ဂျပန်နိုင်ငံမှ ကြယ်ငါးပွင့်အဆင့်ရှိ Hotel Okura က တာဝန်ယူ ဆောင်ရွက်သွားမည် ဖြစ်သည်။
စီမံကိန်းဧရိယာမှာ ကိုးဧကနီးပါး (စတုရန်းမီတာ ၉၂၀၀၀) ကျယ်ဝန်းပြီး ရင်းနှီးမြှုပ်နှံမှုတန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၃၃၂ ဒသမ ၅ သန်းရှိကြောင်း ထုတ်ပြန်ကြေညာထားသည်။ စီမံကိန်း ကို ၂၀၂၀ ခုနှစ် NLD အစိုးရ လက်ထက်အတွင်း တည်ဆောက် ပြီးစီးရန် မျှော်မှန်းထားပြီး ယင်းစီမံကိန်းမှ ဟိုတယ်များ၊ နိုင်ငံတကာ အဆင့်မီရုံးခန်းများနှင့် ဘက်စုံသုံးစီမံကိန်းအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်သည်။
စီမံကိန်းတည်ရှိရာနေရာသည် ရန်ကုန်မြို့၏ စီးပွားရေးအချက်အချာကျသော ရွှေတိဂုံဘုရားလမ်းနှင့် ဦးဝိစာရလမ်းကြားတွင် တည်ရှိပြီး အနာဂတ်ကာလတွင် အဆိုပါနေရာသည် စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ကမ္ဘာလှည့်ခရီးသွားလာရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမည့်နေရာဖြစ်ကြောင်း သိရှိရသည်။
ယင်းစီမံကိန်းအတွက် ဂျပန်နိုင်ငံအခြေစိုက် အဖွဲ့အစည်းများက ငွေသားရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၁၅၀ ဒသမ ၈ သန်း ရင်းနှီးထည့်ဝင်မည်ဖြစ်ပြီး Local Joint Venture ၏ အဓိကရင်းနှီးမြှုပ်နှံမှုအဖြစ် ဆောင်ရွက်သွားမည်ဖြစ်သည်။
Ref : Tomorrow News Journal
Photo Credit : pbase
Posted By : Myat Minn
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ