By The Voice Weekly, Shweproperty.com
Updated at 31 December 2011
စက်မှုဇုန်စီမံကိန်းများကြောင့် တစ်ဟုန်ထိုးမြင့်တက်ခဲ့သော ဒလနှင့် သန်လျင်မြို့နယ်တို့ရှိ အိမ်၊ ခြံ၊ မြေဈေးများသည် မြေလွတ်များပြန်သိမ်းမည်ဆိုသည့်သတင်းကြောင့် တစ်ပတ်အတွင်း ရုတ်တရက်ပြန်လည်ကျဆင်းလာကြောင်း ရန်ကုန်တိုင်းဒေသကြီးအခြေစိုက် အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များထံမှ စုံစမ်းသိရသည်။
အဆိုပါဒလနှင့် သန်လျင်အိမ်၊ ခြံ၊ မြေ ဈေးကွက်ပြန်အေးသွားသည်မှာ တစ်ပတ်ခန့်ရှိပြီဖြစ်ပြီး စက်မှုဇုန်များရှိအလုပ်မလုပ်သည့် မြေလွတ်များကို သိမ်းမည်ဆိုသည့်သတင်းများကြောင့် စက်မှုဇုန်မြေဈေးကွက်မှာ အေးသွားခဲ့ရာမှဒလနှင့် သန်လျင်အိမ်၊ ခြံ၊ မြေဈေးကွက်ပါ လိုက်ပါကျဆင်းလာခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအခြေစိုက်ကိုးကန့်ဟွာကွေ့အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်းတာဝန်ရှိသူ ဦးဝင်းမောင်က ပြောကြားသည်။
''ပြန်အေးသွားတယ်။ သန်လျင်က ဈေးလျှော့ရောင်းတာတွေတောင်ရှိလာတယ်''ဟု ဦးဝင်းမောင်က ဆိုသည်။အောက်တိုဘာ၊ နိုဝင်ဘာလအတွင်းက ၅ဝ ရာခိုင်နှုန်းခန့်ဈေးမြင့်တက်ခဲ့သော ဒလနှင့် သန်လျင်အိမ်၊ ခြံ၊မြေပေါက်ဈေးသည် ဒီဇင်ဘာလ ၂၁ရက်နေ့မှစ၍ ပုံမှန်ဈေးနီးပါးခန့်သို့ ပြန်လည်ကျဆင်းသွားခဲ့ကြောင်း၊ ယင်းဈေးကွက် များတွင် အဓိကဝင်ရောက်လုပ်ကိုင်နေသူများမှာ ဝယ်ရောင်းများဖြစ်ကြောင်း ဒလနှင့် သန်လျင်ဈေးကွက်သို့ ကွင်းဆင်း လေ့လာခဲ့သော အောင်ခိုင်ခန့် အိမ်၊ ခြံ၊ မြေအကျိုးဆောင်လုပ်ငန်းတာဝန်ရှိသူ ဦးသန့်ဇော်အောင်က ပြောကြားသည်။
''အခုကြိုဝယ်တဲ့သူတွေက မဝယ်တော့ဘူး။ အဝယ်ပါးသွားတယ်။ ရောင်းချင်တဲ့သူတွေကလည်း ဈေးလျှော့ရောင်းနေကြတယ်။ ခေါ်ဈေးနဲ့ မရောင်းနိုင်လို့ ကိုင်ထားကြတာတွေလည်းရှိတယ်''ဟု ၎င်းက ဆိုသည်။
လတ်တလော အနေအထားတွင် ဒလနှင့် သန်လျင်အိမ်၊ ခြံ၊ မြေဈေးကွက်မှာ တည်ငြိမ်လျက်ရှိသော်လည်းဈေးကွက်အခြေအနေမှာမူ ခန့်မှန်းမရနိုင်သေးကြောင်း ကိုးကန့်ဟွာကွေ့ အိမ်၊ ခြံ၊ မြေလုပ်ငန်း တာဝန်ရှိသူ ဦးဝင်းမောင် က ပြောကြားသည်။
မြေကွက်အရှုပ်အရှင်းရှိသည့် အချို့နေရာများတွင်သာ ထိုသို့ဈေးနှုန်းကျဆင်းခြင်းဖြစ်ပြီး မြေကွက်နေရာ အမှန်များတွင်မူ ဈေးနှုန်းမှာ ကျဆင်းခြင်းမရှိဘဲ တည်ငြိမ်လျက်ရှိကြောင်း၊ (၁၆၈) ရပ်ကွက်တွင် လက်ရှိ၌ အလျားပေ ၆ဝ၊ အနံပေ ၂ဝရှိသော မြေကွက်တစ်ကွက်လျှင် သိန်း ၃ဝခန့် ဈေးပေါက်လျက်ရှိပြီး ပေ ၄ဝအကွက်ကို သိန်း ၆ဝခန့် ဈေးရှိကြောင်း သန်လျင်မြို့နယ် ရဲတပ်ဖွဲ့စခန်းဝင်းအတွင်းနေထိုင်သည့် အသက် ၅ဝ အရွယ် အမျိုးသားတစ်ဦးက ပြောဆိုသည်။
Source : The Voice Weekly
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ