By Eleven Media Group, Shweproperty.com
Updated at 17 January 2018
မြန်မာနိုင်ငံမှာ မကြာသေးခင်ကမှ ပြဌာန်းလိုက်တဲ့ ကုမ္ပဏီဥပဒေသစ်ကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံတွေကနေ ငွေများစီးဝင်လာခြင်း၊ ကွန်ဒိုမီနီယံနဲ့ ပတ်သက်တဲ့ နည်းဥပဒေ ထွက်ရှိလာတာကြောင့် ကာလအတန်ကြာ အေးစက်နေတဲ့ အိမ်ခြံမြေဈေးကွက် ပြန်လည်လှုပ်ခတ်လာနိုင်တယ်လို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောပါတယ်။ ၂၀၁၈ ခုနှစ်အတွင်း မြန်မာနိုင်ငံရဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အလားအလာ ရှုထောင့်ကနေ ကြည့်မယ်ဆိုရင် ကောင်းလာနိုင်တဲ့ အချက်တွေရှိနေသကဲ့သို့ ဆိုးလာနိုင်တဲ့အချက်တွေလည်း ရှိနေပါတယ်။ ဒါပေမယ့်လည်း ကောင်းတဲ့အချက်က ပိုများတာကို မြင်တယ်လို့ ဦးအောင်နိုင်ဦးက ပြောပါတယ်။ “ပထမဆုံးအချက်က ၂၀၁၇ ဧပြီလက စပြီး ကျင့်သုံးလာတဲ့ ရင်းနှီးမြှုပ်နှံမှုဥပဒေသစ်က အရှိန်ပိုရလာတယ်။ အရင်တုန်းကတော့ လုံးဝအသစ် ဖြစ်တဲ့အတွက်ကြောင့် စာအုပ်လှန်ဖတ်လိုက် လုပ်လိုက်နဲ့ဆိုတော့ အားလုံးကို နေသားတကျမရှိတဲ့ အနေအထားကနေပြီးတော့မှ အားလုံး နေသားတကျ အားလုံးရှိသွားမယ်။ ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်က ပိုပြီး အားကောင်းမယ်။ ဒုတိယအချက်က ကုမ္ပဏီဥပဒေဟာ ၂၀၁၈ ခုနှစ် သြဂုတ်လမှာစပြီး အသက်ဝင်တဲ့အချိန်မှာ သိသာတဲ့ ပြောင်းလဲမှုတွေ ရှိလာနိုင်တယ်။ အထူးသဖြင့် Foreign Capital Inflow တွေ ရှိလာနိုင်တယ်။ တတိယအချက်ကတော့ အိမ်ခြံမြေနဲ့ပတ်သက်ပြီး ကွန်နီမီနီယံနဲ့ ပတ်သက်တဲ့ နည်းဥပဒေထွက်သွားပြီ။ ထွက်သွားတဲ့ နည်းဥပဒေက အေးစက်နေတဲ့ အိမ်ခြံမြေဈေးကွက်ကို ပြန်ပြီး လှုပ်ပေးနိုင်မယ်လို့ မြင်ပါတယ်” ဟု ဦးအောင်နိုင်ဦးက ဆက်ပြောပါတယ်။ ရခိုင်ပြည်နယ်၊ မောင်တောဒေသ ဖြစ်စဉ်တွေကြောင့် မြန်မာနိုင်ငံနဲ့ EUနိုင်ငံတွေအကြား နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှု အကာအကွယ်ပေးရေး စာချုပ်ချုပ်ဆိုဖို့ကို EUဘက်က ရပ်ဆိုင်းလိုက်ပါတယ်။ ဒါ့ကြောင့်လည်း ၂၀၁၈ ခုနှစ်အတွင်း မြန်မာနိုင်ငံအတွင်းကို အနောက်နိုင်ငံတွေရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ အလုံးအရင်းနဲ့ ဝင်ရောက်လာဖို့် မျှော်မှန်းလို့ မရဘူးလို့လည်း ပြောပါတယ်။ “၂၀၁၈ ခုနှစ်မှာ ကောင်းတာတွေရှိနေသလို ကျွန်တော်တို့ မျှော်မှန်းသလို မဖြစ်တာတွေ ရှိနေပါသေးတယ်။ အဲဒါကတော့ မောင်တောဒေသမှာဖြစ်တဲ့ ဖြစ်စဉ်တွေက ကျွန်တော်တို့တိုင်းပြည်ရဲ့ ပုံရိပ်ကို ထိခိုက်မှုတွေ ရှိခဲ့တယ်။ အဲဒါနဲ့ဆက်စပ်ပြီး ဘာဖြစ်သွားလဲဆိုတော့ ကျွန်တော်တို့နဲ့ EUနဲ့ နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှု အကာအကွယ်ပေးရေး စာချုပ်နဲ့ပတ်သက်ပြီး ညှိနေတာက ပြီးသလောက်ရှိနေပြီ။ အဲဒီအချိန်မှာ ဒါကို ရပ်လိုက်တယ်။ ရပ်လိုက်တဲ့အတွက် မူလကျွန်တော်တို့ မျှော်မှန်းခဲ့တာက ၂၀၁၇ မှာ ဒီစာချုပ်က ပြီးအောင်ညှိမယ်။ လက်မှတ်ထိုးမယ်။ ၂၀၁၈၊ ၂၀၁၉ မှာ တိုင်းပြည်ထဲမှာ EUရင်းနှီးမြှုပ်နှံမှုတွေ အများကြီး ဝင်လာအောင် Promote လုပ်မယ်ဆိုပြီးတော့မှ အားကြိုးမာန်တက် ဆောင်ရွက်ခဲ့ပါတယ်။ သုံးနှစ်လောက် အချိန်ယူ ပြင်ဆင်ခဲ့ပါတယ်။ အဲဒီတော့ ခြုံပြောရရင် ၂၀၁၈ သည် တိုင်းပြည်အတွက် Legal Infrastructure ပိုင်းကပြောရင် ပိုပြီး အားကောင်းတဲ့ ဥပဒေတွေ Legal Framework ဖြစ်လာတဲ့ အတွက်ကြောင့် စီးပွားရေးဘက်မှာ လုပ်သာကိုင်သာ ပိုပြီးရှိလာတယ်။ အခွင့်အလမ်းတွေ ပိုပြီးများလာတယ်။ ကဏ္ဍအလိုက် လုပ်သားအင်အား အခြေပြုတဲ့ လုပ်ငန်းတွေ ပိုပြီးဝင်လာမယ်” လို့ ဦးအောင်နိုင်ဦးက ပြောပြပါတယ်။ Ref : Eleven Media Group Photo Credit : Lgbtweekly Posted By : Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ