By 7daydaily, Shweproperty.com
Updated at 25 April 2017
ရန်ကုန်တိုုင်းဒေသကြီး အစိုးရအဖွဲ့ရုံးနှင့် နီးကပ်သောကြောင့်တည်ဆောက်ခြင်း ရပ်ဆိုင်းခံထားရသည့် အထပ်မြင့်စီမံကိန်း လေးခုကို ပြန်လည်တည်ဆောက်ခွင့်ပေးလိုက်ပြီဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ အထပ်မြင့်အဆောက်အအုံများ စစ်ဆေးရေးဌာန (HIC) ဌာနမှူး ဦးအောင်ဆန်းဝင်းက ပြောကြားသည်။
တိုင်းဒေသကြီးအစိုးရအဖွဲ့ ရုံးနှင့်မျက်နှာချင်းဆိုင်တွင် တည်ဆောက်မည့် အထပ်မြင့်စီမံကိန်း လေးခုနှင့် တောင်ဥက္ကလာပမှ အထပ်မြင့်စီမံကိန်းတစ်ခုအပါအဝင် ရပ်ဆိုင်းခြင်းခံထားရသည့် စုစုပေါင်းစီမံကိန်းငါးခုကို ပြန်လည်ခွင့်ပြုပေးခဲ့ကြောင်း ဦးအောင်ဆန်းဝင်းက 7Day Daily အား ပြောသည်။
‘‘ငါးလုံးမှာ သုံးလုံးကိုတော့ ဒီဇိုင်းတွေဘာတွေ မပြင်ရဘဲ ခွင့်ပြုလိုက်တယ်။ ကျန်နှစ်လုံးကို တော့ ဒီဇိုင်းကို ပြန်ပြင်ပြီးဆောက်ဖို့ ညွှန်ကြားထားတာပေါ့’’ဟု ၎င်းက ဆိုသည်။
ပြည်လမ်းနှင့် အလုံလမ်းထောင့်ရှိ အထပ်မြင့်စီမံကိန်းများ တည်ဆောက်မည့် အဆောက်အအုံများသည် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် မျက်နှာချင်းဆိုင်ဖြစ်နေခြင်း၊ လုံခြုံရေးရှုထောင့်မှ ကြည့်ရှုပါက မသင့် လျော်ခြင်းကြောင့် စီမံကိန်းများတည်ဆောက်ခြင်းကို ပြီးခဲ့သည့် ၂၀၁၆ မေလတွင် ရပ်ဆိုင်းခဲ့ရသည်။
၂၀၁၆ နှစ်လယ်တွင် ရန်ကုန်မြို့မှ အထပ်မြင့် အဆောက်အအုံများ တည်ဆောက်ခြင်းကို ရပ်ဆိုင်းထားရာမှ ပြန်လည်ခွင့်ပြုပေးရာတွင် အဆိုပါ အဆောက်အအုံငါးလုံး ပါဝင်ခဲ့ခြင်းမရှိပေ။
‘‘ကျွန်တော်တို့ကို စီမံကိန်းအတွင်း ကောင်းကင်ကနေ မြေပြင်ဓာတ်ပုံတွေရိုက်ပြီး ပြန်လည်တင်ပြဖို့ ပြောထားတယ်။ ပြန်ပြင်ရမယ်ဆိုတဲ့ အပိုင်းမှာလည်း အများကြီးမဟုတ်ပါဘူး။ အနည်းအကျဉ်းပါပဲ’’ဟု ပြန်လည်ခွင့်ပြုရာတွင် ပါဝင်ခဲ့သည့် စီမံကိန်းတစ်ခု မှ ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
ယခု ပြန်လည်ခွင့်ပြုလိုက်သည့် အထပ်မြင့်စီမံကိန်းများကို ရန်ကုန်မြို့တော် အင်္ဂါရပ်နှင့်အညီ အဆောက်အအုံများ တည်ဆောက်မှုစိစစ်ရေး ကော်မတီက အချိန်ယူစစ်ဆေးခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ပြန်လည်တင်ပြကာ ခွင့်ပြုခဲ့သည်။
အဆိုပါ ကော်မတီသည် အစိုးရသစ်တက်ပြီးနောက်ပိုင်း ပညာရှင်များဖြင့် ဖွဲ့စည်းထားသော အဖွဲ့အစည်းတစ်ခုဖြစ်ကာ တည်ဆောက်ဆဲနှင့်တည်ဆောက်ရန်စီစဉ်နေသည့် အထပ်မြင့်စီမံကိန်း ၁၈၉ လုံးကို စစ်ဆေးခဲ့ပြီး ဖြစ်သည်။
Ref & Photo Credit : 7daydaily
Posted By : Moe Thae'
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ