By The Irrawaddy, Shweproperty.com
Updated at 30 October 2015
မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အောက်တိုဘာလ ၁၉ ရက်နေ့မှစတင်၍ ပြည်တွင်းတွင် ခွင့်ပြုထားသော နိုင်ငံခြား သုံးငွေ လက်ခံ ကိုင်ဆောင်ခွင့်လိုင်စင်များကို တရားဝင်ရုပ်သိမ်းလိုက်ပြီး စီးပွားရေးလုပ်ငန်းများတွင် ကျပ်ငွေ တမျိုးတည်းကိုသာ အသုံးပြုရန် ညွှန်ကြားချက် ထုတ်ပြန်လိုက်ရာ ယင်းထုတ်ပြန်ချက်ကြောင့် စီးပွားရေးလုပ်ငန်း အများစုတွင် နောက်ဆက်တွဲ ပြဿနာများ ကြုံတွေ့လာရကြောင်း စီးပွားရေးလုပ်ငန်းများထံမှ စုံစမ်းသိရှိရသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အောက်တိုဘာလ ၁၃ ရက်နေ့စွဲဖြင့် ညွှန်ကြားချက်တစောင်ထုတ်ပြန်ခဲ့ပြီး ယင်း ညွှန်ကြား ချက် တွင် နိုင်ငံခြားငွေ လက်ခံကိုင်ဆောင်ခွင့် လိုင်စင် ပေးအပ်ထားသော ဟိုတယ်နှင့် ခရီးလှည့်လည်ရေး လုပ်ငန်းများ၊ စားသောက်ဆိုင်များ၊ Duty Free Shop များ ၊ လေကြောင်းလိုင်းများ၊ ဆေးရုံများ၊ Freight Forwarder များ၊ ဆက်သွယ် ရေး လုပ်ငန်းများ အပါအဝင် စီးပွားရေးလုပ်ငန်းများ အားလုံးသည် နိုဝင်ဘာလ ၃၀ ရက်နေ့ နောက်ဆုံး ထား၍ လိုင်စင် ပြန် လည် အပ်နှံကြရန်နှင့် အောက်တိုဘာလ ၁၉ ရက်နေ့မှစ၍ စီးပွားရေးလုပ်ငန်းများအားလုံးတွင် ဒေါ်လာဖြင့် ငွေပေး၊ ချေ ရယူခြင်းမလုပ်ဘဲ ကျပ်ငွေဖြင့်သာ ငွေပေး၊ ငွေချေ ဆောင်ရွက်ကြရန် ညွှန်ကြားချက်တွင် ဖော်ပြထားသည်။
အဆိုပါညွှန်ကြားချက်သည် ပြည်တွင်းတွင် ဒေါ်လာကျယ်ပြန့်စွာ အသုံးပြုမှု (Dollarization) ဖြစ်လာခြင်း၊ ဒေါ်လာလိုအပ် ချက် ပမာဏမြင့်မားလာခြင်း၊ ကျပ်ငွေ အသုံးဝင်မှု အခန်းကဏ္ဍ လျော့လာပြီး နိုင်ငံခြားငွေလဲလှယ်နှုန်းထား မတည်ငြိမ် လာခြင်းတို့ကို ထိန်းသိမ်းဆောင်ရွက်ရန် ထုတ်ပြန်ခြင်းဖြစ်ကြောင်း သိရှိရသည်။
စီးပွားရေးလုပ်ငန်းများအားလုံးတွင် ဒေါ်လာ လက်ခံကိုင်ဆောင်ခွင့်လိုင်စင် ပြန်လည်ရုပ်သိမ်းလိုက်ခြင်းကြောင့် ကျပ်ငွေ တမျိုး တည်းကိုသာ အသုံးပြုစေခြင်းကြောင့် အခက်အခဲများ စတင်ဖြစ်ပေါ်လာပြီး အထူးသဖြင့် ငွေလဲလှယ် ရေးစင်တာ များ အလုံ အလောက်မရှိခြင်း၊ အချိန်အကန့်အသတ်ရှိခြင်းနှင့် အွန်လိုင်းဘဏ်စနစ် မတွင်ကျယ်ခြင်းတို့သည် စီးပွားရေး လုပ်ငန်းများကို နှောင့်နှေးစေကြောင်း စီးပွားရေးအသိုင်းအဝိုင်းက ပြောဆိုသည်။
“အခက်အခဲ ဖြစ်တာပေါ့။ နိုင်ငံခြားငွေကို မြန်မာငွေနဲ့ လဲလှယ်ရာမှာ မြန်မာငွေလဲလှယ်ဖို့ အခက်အခဲ ရှိတယ်။ တချို့ နေ ရာ တွေမှာ ငွေလဲကောင်တာတွေက မရှိတော့ အခက်အခဲ ရှိတယ်။ နောက် ငွေလဲကောင်တာတွေက ညနေ ၃ နာရီဆို ပိတ်ပြီ နောက်ပိုင်းမှာ ဘယ်လို လုပ်ရမလဲ။ ခဏတော့ ယူထားပြီး မနက်ကျတော့မှ သွားလဲရမှာလား။ ဘဏ်တွေမှာ ငွေ သွား သွင်းတော့လည်း ဘဏ်တွေက လက်ခံရမှာလား ဇဝေဇဝါ ဖြစ်နေတယ်”ဟု ရန်ကုန်ဟိုတယ်လုပ်ငန်း ရှင်များ အသင်း ဥက္ကဋ္ဌ ဦးတင်ဝင်းက ပြောသည်။
ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းများကမူ တရားဝင်ငွေလဲလှယ်ရေးစင်တာများ အလုံအလောက်မရှိခြင်းကြောင့် ဒေါ်လာ သုံးစွဲခွင့် ပိတ်ပင်ခြင်းသည် စီးပွားရေးအရ ထိခိုက်မှုများရှိစေသည့်အပြင် မှောင်ခိုဈေးကွက် ပိုမိုကြီးထွားရေး ကိုလည်း အားပေးရာရောက်ကြောင်း ပြောဆိုသည်။
“ကျနော်တို့ဆီကိုတော့ တရားဝင်စာနဲ့ လာတာတော့ မရှိသေးဘူး။ သတင်းစာထဲမှာ ထုတ်ပြန်လိုက်တာ ပဲတွေ့ရသေး တယ်။ တချို့နိုင်ငံတွေမှာလည်း ကိုယ်ငွေနဲ့ပဲ သုံးရတဲ့နိုင်ငံရှိတယ်။ဒါပေမယ့် ဒီနိုင်ငံခြားငွေ လက်ခံကိုင်ဆောင်ခွင့် လိုင်စင် ကို ပေးထားတာ မကြာသေးဘူး အခုပဲ ပြန်ရုပ်သိမ်းတော့ မှောင်ခိုဈေးကွက်က ကြီးထွားလာနိုင်တာပေါ့”ဟု Go & Go Traval & Tour Company က ဦးခင်စိန်မောင်က ပြောသည်။
ယင်းသို့ လိုင်စင်ရုပ်သိမ်းသည့် ကိစ္စရပ်တွင် စားသောက်ဆိုင်လုပ်ငန်းလုပ်ကိုင်သူများ၊ အမှတ်တရ ပစ္စည်းရောင်းချ သည့်ဆိုင်များ အနေဖြင့် များစွာ သက်ရောက်မှု မရှိသော်လည်း ခရီးသွားလုပ်ငန်းနှင့် ပတ်သက်လုပ်ကိုင်သည့် ဟိုတယ်လုပ်ငန်း၊ ခရီးသွားကုမ္ပဏီလုပ်ငန်းများနှင့် ပြည်ပြည်ဆိုင်ရာ ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းများတွင် အခက်အခဲ ဖြစ်ပေါ်မှုရှိကြောင်း သိရသည်။
“ခရီးသွားလုပ်ငန်းဆိုတာက နိုင်ငံခြားသားတွေနဲ့ ပတ်သက်နေရတဲ့ အလုပ် အခက်အခဲတော့ ရှိတာပေါ့။ ဖျက်သိမ်း တယ် ဆိုတာ ဘယ်လိုဖျက်သိမ်းတာလဲ သဲသဲကွဲကွဲ မသိဘူး။ခရီးသွားလုပ်ငန်းမှာ အနှောက်အယှက် အတားအဆီးတော့ မရှိသင့် ဘူး။ ချောမွေ့ တာကိုပဲ မျော်လင့်တယ်။ အတားအဆီးတော့ မဖြစ်သင့်ဘူး အထောက်အပံ့ပဲ ဖြစ်စေချင်တယ်”ဟု သင်္ဂဇာခရီးသွားလုပ်ငန်းမှ တာဝန်ရှိသူ ဦးတင်ထွန်းအောင်က ပြောသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ နိုင်ငံခြားငွေ လက်ခံကိုင်ဆောင်ခွင့် လိုင်စင် ပြန်လည် ရုပ်သိမ်းခြင်း၏ နောက်ဆက်တွဲ ပြဿနာ များနှင့်ပတ်သက်၍ လုပ်ငန်းရှင်အများစုကလည်း စိုးရိမ်နေကြသည်။
“တချို့ payment တွေက ငွေကို ပြန်ချိန်းနေရတယ်။ ဝန်ဆောင်ခစရိတ်တွေကို ဒေါ်လာကနေ ကျပ်ကို ပြန်ညှိ လုပ်ရ တာပေါ့။ သူများနိုင်ငံမှာ လုပ်တာရှိပါတယ်။ ဒါပေမယ့် ငွေကြေးဖောင်းပွမှု မများဘူး။ ဒီမှာက များတော့ လုပ်ငန်းရှင်တွေ ဘယ်လောက် ထိ ခံနိုင်ရည်ရှိကျမလဲ ကြည့်ပေါ့။ လုံး၀ မကိုင်ခိုင်းတော့တာလား။ မကိုင်ရရင် ဘယ်လိုလုပ်ရမှာလဲ တိကျတဲ့ သတင်းထုတ်တာမျိုး မရှိဘူး” မြန်မာနိုုင်ငံ အပြည်ပြည်ဆိုင်ရာ ကုန်စည် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အသင်းဘုတ်အဖွဲ့ဝင် ဦးပြည့်ဖြိုးအောင်ကပြောသည်။
စီးပွားရေးပညာရှင်များကမူ နိုင်ငံခြားငွေ လက်ခံကိုင်ဆောင်ခွင့်လိုင်စင် ရုပ်သိမ်းမှုအပေါ် အပြုသဘောနှင့် ကြိုဆို သော်လည်း ရုတ်တရက် ပြန်လည်ရုပ်သိမ်းခြင်းကြောင့် စီးပွားရေးလုပ်ငန်းများနှင့် ကုမ္ပဏီများ ပြင်ဆင်ချိန် နည်းပါး သွားကြောင်း ထောက်ပြ ပြောဆိုကြသည်။
ကမ္ဘောဇကုမ္ပဏီအုပ်စု၏ အကြီးတန်း မန်နေဂျင်း ဒါရိုက်တာ ဦးညိုမြင့်က “ကောင်းတဲ့ အစီအစဉ်ပါ။ဒါပေမယ့် သူတို့က ရက်ကပ်သွားတာပေါ့။ ဘဏ်တွေကတော့ ပိုကောင်းသွားတာပေါ့။ အဓိက ကျပ်ငွေတွေ များများ သုံးစေချင်တဲ့အတွက် အိတ်ချိန်းကောင်တာတွေ များများ ဖွင့်ဖို့ လိုလာပြီ။ စနစ်ကကောင်းတယ် ပြောင်းဖို့အတွက် အချိန်ပေးဖို့လိုတယ်။ ATM စက်တွေ များများထားရှိဖို့ လိုလာတယ်။ ဘဏ်ပိတ်သွားတာနဲ့ ATM စက်တွေက လုပ်လို့ရတယ်။ နိုင်ငံခြားသား တော်တော် များများကလည်း VISA ၊ MASTER ကတ်တွေ ယူလာကြတာများတယ်” ဟု ပြောဆိုသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ အကြံပေးပုဂ္ဂိုလ် ဒေါက်တာမောင်အောင်ကမူ “သွင်းကုန် ထုတ်ကုန်လုပ်ငန်းတွေက ဒေါ်လာနဲ့ လုပ်နေရတာဖြစ်တဲ့အတွက် ထိခိုက်မှု သိပ်မရှိပါဘူး။ ကျနော် အမြင်ကတော့ ဒေါ်လာလိုက်ဇေးရှင်း လုပ်တာက နိုင်ငံတကာမှာတော့ ပြည်တွင်းငွေကြေးကိုပဲ သုံးရတယ်။ ထိုင်းကိုသွားမယ်ဆိုရင်လည်း ထိုင်းဘတ်ငွေပဲ သုံးရတာ။ ပြောချင်တာကတော့ နိုင်ငံတနိုင်ငံမှာ ငွေကြေး ၂ မျိုး သုံးနေတာ ဘယ်နိုင်ငံမှာမှ မရှိဘူး။ တနိုင်ငံလုံးမှာငွေကြေး ၂ မျိုးသုံးတယ်ဆိုတာက ဗဟိုဘဏ်ဘက်က ကြည့်ရင် နိုင်ငံတကာသုံး ငွေကြေးနဲ့ ပတ်သက်ပြီး ထိန်းသ်မ်းကွပ်ကဲရတာ ခက်တာပေါ့။ အပြင်မှာ ဒေါ်လာတွေ ဘယ်လောက်ရောက်နေပြီလည်း ဆိုတာ မသိရဘူးလေ။ နောက်တချက်က ဒေါ်လာနဲ့ လုပ်တဲ့အခါမှာ စားသောက်ဆိုင်တို့မှာက သူတို့ဖျက်တဲ့နှုန်းက ရည်ညွှန်းသတ်မှတ်ထားတဲ့ ဒေါ်လာပေါက်ဈေးကို မဖျက်ဘူး။ သူတို့ကတော့ ဒေါ်လာနဲ့ ပေးရင်ပိုကြိုက်တယ်။ ဘာကြောင့်လဲဆိုတော့ ဒေါ်လာဈေး တက် နေတာကြောင့် အစားအသောက်မှန်သမျှ သူတို့က အများကြီးမြတ်တာပေါ့။ ဒါကြောင့် ဒီကိစ္စမျိုးတွေက ထိန်းသိမ်းရ ခက်တယ်။ အခုက နိုင်ငံတကာရဲ့ အလေ့အကျင့်ပဲ။ ဒါမှ နိုင်ငံခြားငွေကြေးကို စီမံခန့်ခွဲရတာ ဗဟိုဘဏ်အတွက် ပိုလွယ် မယ်” ဟု သုံးသပ်သည်။
Ref : The Irrawaddy
Photo Credit : The Irrawaddy
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ