By myanmar property, Shweproperty.com
Updated at 5 June 2013
ဒဂုံမြို့သစ် အရှေ့ပိုင်းနှင့်မြောက်ပိုင်းရှိ အိမ်၊ ခြံ၊ မြေဈေးကွက်များအား ရင်းနှီးမြှုပ်နှံလိုသော လုပ်ငန်းရှင်များ၏ လိုက်လံဝယ်ယူမှုကြောင့် မြေဈေးအဆမတန် မြင့်တက်နေကြောင်း အိမ်၊ ခြံ၊ မြေအကျိုးဆောင်များထံမှ စုံစမ်းသိရှိရသည်။
မြောက်ဒဂုံမြို့နယ်၏ အိမ်၊ ခြံ၊ မြေဈေးကွက်မှာ ပြီးခဲ့သည့် ၂၀၀၆ ခုနှစ်၌ မြေတစ်ကွက်လျှင် ပျမ်းမျှငွေကျပ်သိန်း လေးဆယ်မှ နှစ်ရာအတွင်းသာ ရှိခဲ့သော်လည်း အိမ်၊ ခြံ၊ မြေဈေးကွက်အတွင်း ငွေကစား၍ ရင်းနှီးမြှုပ်နှံသော လုပ်ငန်းရှင်များ၏ မြေလိုက်လံဝယ်ယူမှု များလာသောကြောင့် ယခုအခါ အိမ်၊ ခြံ၊ မြေ ဈေးနှုန်းများ ၁၀ ဆခန့် မြင့်တက်လာခဲ့ကြောင်း သိရသည်။
“မြောက်ဒဂုံမှာ မြေဈေးတွေက ၂၀၀၆ တုန်းက စတက်ခဲ့တာလို့ ပြောလို့ရတယ်၊ အရင်နှစ်တွေတုန်းကဆို ဝယ်မယ့်သူတောင် သိပ်မရှိဘူး၊ ဈေးလည်းနည်းတယ်၊ ၂၀၁၂ နောက်ပိုင်းမှာတော့ မြေဈေးက အဆမတန်ကို တက်လာတယ်”ဟု မြောက်ဒဂုံမြို့နယ်အတွင်းရှိ ထိပ်တန်း အိမ်၊ ခြံ ၊မြေအကျိုးဆောင်မှ ကိုဇော်ကြီးက ဆိုသည်။
ယခုလက်ရှိတွင် အိမ်အပါအဝင် ပေ ၄၀ x ၆၀ မြေကွက်တစ်ကွက်လျှင် ပင်လုံလမ်းမကြီးပေါ်၌ ငွေကျပ်သိန်း လေးထောင်မှ ငါးထောင်ဝန်းကျင်အထိ ရှိနေပြီး အတွင်းပိုင်းအကွက်များ၌မူ အနိမ့်ဆုံး ကျပ်သိန်း နှစ်ရာမှ သုံးရာဝန်းကျင် အထိရှိကြောင်း သိရသည်။
လက်ရှိအချိန်တွင် ရပ်ကွက်အတွင်း အိမ်၊ ခြံ၊ မြေဈေးများမှာ ရှိသင့်သည်ထက် ပိုမို ဈေးခေါ်လာသောကြောင့် ဝယ်လိုအား အနည်းငယ်ကျဆင်းမှုများရှိလာပြီး လုပ်ငန်းရှင်များအနေဖြင့် အနိမ့်ဈေးဖြင့် ရရှိနိုင်သေးသော ရပ်ကွက်အတွင်းရှိ မြေကွက်အလွတ်များအား လိုက်လံဝယ်ယူလျက်ရှိကြောင်း သိရသည်။
“ငွေရှင်တွေက ရပ်ကွက်အတွင်းပိုင်း၊ အစွန်ပိုင်းတွေမှာ မြေကွက်လပ်အလွတ်တွေ လိုက်ဝယ်တော့ အခုဆို မြေကွက်တွေ နည်းသွားပြီ၊ ကျန်တဲ့ မြေကွက်တွေဆိုရင်လည်း ခြံရှင်တွေက အိမ်သေးသေးတွေဆောက်၊ မီတာတွေတပ်ပြီး ဈေးတင်ရောင်းတာမျိုးတွေ ရှိလာတယ်၊ ဒါလည်းဝယ်ကြတာပဲ၊ မြေကွက်တွေကတော့ မြောက်ဒဂုံမှာ ရှားသွားပါပြီ”ဟု ကောင်းသန့် အိမ်၊ ခြံ ၊မြေအကျိုးဆောင်မှ ကိုသက်မိုးက ဆိုသည်။
မြောက်ဒဂုံမြို့နယ်နှင့် ဆက်စပ်လျက်ရှိသော ဒဂုံအရှေ့ပိုင်းမြို့နယ်၌လည်း စီးပွားရေးလုပ်ငန်းရှင်များ ဝယ်ယူမှုကြောင့် ဈေးမြှင့်ခေါ်ဆိုမှုများရှိလာသည်။ လတ်တလောတွင် ဒဂုံအရှေ့ပိုင်းမြို့နယ်အတွင်းရှိ စက်မှုဇုန်အနီးတစ်ဝိုက် မြေကွက်များ အဝယ်လိုက်လျက်ရှိပြီး မြေကွက်တစ်ကွက်လျှင် ကျပ်သိန်း ခုနစ်ဆယ်မှ တစ်ရာဝန်းကျင်အထိလည်းကောင်း ဈေးမြင့်တက်နေကြောင်း သိရသည်။
ထို့ပြင် မြောက်ဒဂုံနှင့် ဒဂုံအရှေ့ပိုင်းမြို့နယ်အတွင်း မြို့တော်စည်ပင်မှပြုလုပ်သော အိမ်ရာစီမံကိန်းများ၏ သက်ရောက်မှုလည်းရှိပြီးအနီးဝန်းကျင်ရှိ အိမ်၊ ခြံ၊ မြေများအား ငွေရှင်များ၏ လိုက်လံဝယ်ယူမှုကြောင့် စီမံကိန်းပတ်ဝန်းကျင်ရှိ မြေဈေးနှုန်းများ နှစ်ဆခန့် မြင့်တက်လာကြောင်း သိရသည်။
“အိမ်ရာ စီမံကိန်းတွေကြောင့် ဘေးနားဝန်းကျင်တွေက စည်ကားလာမယ်၊ ဈေးတွေလည်း ကောင်းလာမယ်လို့ ယူဆရတဲ့အတွက် ငွေရှင်တွေက လိုက်ဝယ်တယ်၊ ဒါကြောင့်ဈေးတွေက နှစ်ဆလောက် တက်နေတယ်၊ ဒါတောင် ဝယ်သူရှိပြီး ရောင်းတဲ့သူက နည်းတယ်”ဟု ထိပ်တန်း အိမ်၊ ခြံ၊ မြေအကျိုးဆောင်မှ ကိုဇော်ကြီးက ပြောသည်။
လက်ရှိတွင် မြောက်ဒဂုံမြို့နယ်အတွင်းရှိ ဗိုလ်မှူးဗထူးလမ်းဘေးတွင် မြို့တော်စည်ပင်မှ ဗိုလ်ဗထူး အိမ်ရာစီမံကိန်းကို စတင်လျက်ရှိရာ ယင်းစီမံကိန်းဝန်းကျင်ရှိ အိမ်၊ ခြံ၊ မြေ ဈေးနှုန်းများမှာ အိမ်အပါအဝင် ပေ ၄၀ x ၆၀ တစ်ကွက်လျှင် ငွေကျပ်သိန်း ၁၈၀၀ မှ ၂၀၀၀ ဝန်းကျင်အထိရှိကြောင်း၊ ထို့ပြင် ရပ်ကွက်အတွင်ပိုင်း၌လည်း တစ်ကွက်လျှင် ကျပ်သိန်း တစ်ရာမှ နှစ်ရာဝန်းကျင်အထိ ရှိနေကြောင်း သိရသည်။
ထို့အတူ ယခုနှစ်အတွင်း မြောက်ဒဂုံနှင့် ဒဂုံအရှေ့ပိုင်းမြို့နယ်များတွင် စီမံကိန်းများ တည်ဆောက်ခြင်း၊ လမ်းများပြုပြင်ချဲ့ထွင်ခြင်းတို့ကြောင့် ဈေးနှုန်းများ မြင့်တက်လာရခြင်းဖြစ်ကြောင်း အကျိုးဆောင်များက ပြောပြခဲ့ပြီး ဈေးကွက်၌ ဝယ်လိုအားထက် ရောင်းလိုအား နည်းပါးသောကြောင့် ဈေးနှုန်းများမှာ ရှိသင့်သည်ထက် ပိုမိုမြင့်တက်လျက်ရှိကြောင်း အကျိုးဆောင်များထံမှ စုံစမ်းသိရသည်။
Ref : Myanmar Property
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ