By Eleven Media Group, Shweproperty.com
Updated at 26 October 2015
နိုင်ငံရေးအခြေအနေ ကောင်းမွန်မှုမရှိခြင်းနှင့် ပြည်သူများ လက်မခံနိုင်သည့် ရွေးကောက်ပွဲ ရလဒ်ကြောင့် စီးပွားရေးပိတ်ဆို့မှုများ ထပ်မံ ဖြစ်ပေါ်လာပါက အိမ်ခြံမြေပူဖောင်း ပေါက်သွားနိုင်ဟု ရန်ကုန် ဆောက်လုပ်ရေး/အိမ်ခြံမြေဈေးကွက် သုတေသနနှင့် ဈေးကွက်အနာဂတ် သုံးသပ်ချက်စာတမ်းတွင် ဖော်ပြ
၂၀၁၅ ခုနှစ် နိုဝင်ဘာ ၈ ရက်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲအပြီးတွင် နိုင်ငံရေး အခြေအနေ ကောင်းမွန်မှု မရှိခြင်းနှင့် ပြည်သူများ လက်မခံနိုင်သည့် ရွေးကောက်ပွဲရလဒ်ကြောင့် နိုင်ငံအတွင်း ပဋိပက္ခများ ဖြစ်ပေါ်လာ၍ စီးပွားရေး ပိတ်ဆို့မှုများ ထပ်မံဖြစ်ပေါ်လာပါက အိမ်ခြံမြေ ပူဖောင်း ပေါက်သွားနိုင်သည်ဟု Property Solutions ကုမ္ပဏီက ထုတ်ပြန်သည့် ရန်ကုန် ဆောက်လုပ်ရေး/အိမ်ခြံမြေ ဈေးကွက် သုတေသနနှင့် ဈေးကွက် အနာဂတ် သုံးသပ်ချက် စာတမ်းတွင် ဖော်ပြထားသည်။
ရန်ကုန်ဆောက်လုပ်ရေး/အိမ်ခြံမြေ ဈေးကွက် သုတေသနနှင့် ဈေးကွက်အနာဂတ် သုံးသပ်ချက် စာတမ်းကို Property Solutions ကုမ္ပဏီမှ ၂၀၁၂ ခုနှစ်မှ စတင်၍ သုတေသန ပြုခဲ့ခြင်းဖြစ်ပြီး ရန်ကုန်မြို့၏ အိမ်ခြံမြေ ဈေးကွက်တစ်ခုလုံးကို ပျမ်းမျှအားဖြင့် ခြုံငုံသုံးသပ်နိုင်သည့် သုတေသန စာတမ်းဖြစ်သည်ဟု Property Solutions ကုမ္ပဏီမှ မန်နေဂျင်း ဒါရိုက်တာ ဦးမျိုးမော်ဦးက ဆိုသည်။
“၂၀၁၅ မှာ ဈေးကွက်အနေအထား အေးနေတာက နိုင်ငံရေးကို စောင့်ကြည့်နေတာကြောင့်လည်း ပါပါတယ်။ ၂၀၁၅- ၂၀၁၆ မှာ အိမ်ခြံမြေ ဈေးကွက် ပြန်ကောင်းလာဖို့ ဆိုတာကတော့ နိုင်ငံရေး အခြေအနေကောင်းမှ ဖြစ်မယ်”ဟု ဦးမျိုးမော်ဦးက ဆိုသည်။
ရင်းနှီးမြှုပ်နှံသူများက ရွေးကောက်ပွဲကို စောင့်ကြည့်နေခြင်းကြောင့် အိမ်၊ ခြံ၊ မြေ အရောင်းအဝယ်မှာ အေးစက်နေသော်လည်း ကျဆင်းသည့် အခြေအနေသို့ ရောက်ရှိနေမှု မရှိသေးကြောင်းနှင့် တိုက်ခန်းဈေးများမှာမူ ရာခိုင်နှုန်း ၂၀ မှ ၂၅ ရာခိုင်နှုန်းကြား ကျဆင်းသွားကြောင်း အောင်မြင်ပြည့်စုံ ဆောက် လုပ်ရေးလုပ်ငန်းမှ မန်နေဂျင်း ဒါရိုက်တာ ဦးအောင်မြင့်က ပြောကြားသည်။
နှစ်ပေါင်း ၅၀အတွင်း မြန်မာနိုင်ငံသို့ တရားမဝင် စီးဝင်ခဲ့သည့် အမေရိကန်ဒေါ်လာများစွာသည် အိမ်ခြံမြေဈေးကွက် အတွင်းသို့ အဓိက စီးဝင်ခဲ့ပြီး ရွေးကောက်ပွဲ အပြီးတွင် အိမ်ခြံမြေ ဈေးကွက်တည်ငြိမ်၍ အများပြည်သူ ဝယ်ယူနိုင်စွမ်းရှိသည့် အနေအထားသို့ ရောက်ရှိရန် ထိုသို့ တရားမဝင် စီးဝင်နေသည့် ငွေမည်းများကို ပိတ်ဆို့နိုင်ရန် လိုအပ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေ လုပ်ငန်းရှင်များအသင်း ဒုဥက္ကဋ္ဌ ဦးသန်းဦးက ပြောကြားသည်။
လက်ရှိအချိန်တွင် အိမ်ခြံမြေဈေးကွက်သည် ကျဆင်းမှုများ ဖြစ်နေပြီး အရောင်းအဝယ်များ ရပ်ဆိုင်းလု ဖြစ်နေသော်လည်း ဈေးနှုန်းများ သိသိသာသာ ကျဆင်းမှုမရှိခြင်း၊ စီမံကိန်းကြီးများ ရှိပါက လှုပ်ခတ်တတ်သည့် အိမ်ခြံမြေဈေးကွက်သည် ယခုလုပ်ဆောင်နေသည့် စီမံကိန်းကြီးများဖြစ်သည့် သီလဝါအထူး စီးပွားရေးဇုန် စီမံကိန်းနှင့် ရန်ကုန်မြို့သစ်စီမံကိန်း ၊ ဒလတံတားစီမံကိန်း အစရှိသည့် စီမံကိန်းများ ရှိနေသော်လည်း ထူးခြား သည့် ဝယ်ယူမှုမရှိခြင်း အစရှိသည့် အခြေအနေများမှာ ရွေးကောက်ပွဲကို စောင့်ဆိုင်းနေသည့် အခြေအနေများသာ ဖြစ်ကြောင်း မဏ္ဍိုင် အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက သုံးသပ်သည်။
၁၉၆၀ ပြည့်နှစ်နှင့် ၂၀၁၃ ခုနှစ်ကြား မြန်မာနိုင်ငံမှ တရားမဝင် ငွေကြေး စီးဝင်မှု ဒေါ်လာ ဘီလျံ ၉၀ ခန့်နှင့် စီးထွက်ငွေ ဒေါ်လာ ဘီလျံ ၁၉ ဝန်းကျင်ရှိခဲ့ပြီး စုစုပေါင်း အမေရိကန်ဒေါ်လာ ဘီလျံ ၁၀၀ ဝန်းကျင်ထက်မနည်း စီးဝင်စီးထွက် ဖြစ်ပေါ်ခဲ့ကြောင်း အမေရိကန်နိုင်ငံ၊ ဝါရှင်တန်အခြေစိုက် Global Financial Integrity အဖွဲ့က Flight capital and illicit financial flows to and from Myanmar: 1960-2013 အမည်ဖြင့် အစီရင်ခံစာ ထုတ်ပြန်ခဲ့ပြီး ထိုငွေများသည် အိမ်ခြံမြေကဏ္ဍသို့ အဓိက စီးဝင်ခဲ့ကာ ထိုသို့သော ငွေမည်းများကို ထိန်းချုပ်၍ အများ ပြည်သူ ဝယ်ယူနိုင်စွမ်း ရှိသည့် အနေအထားသို့ ပြောင်းလဲနိုင်ရန် လိုအပ်မည်ဟု ဦးသန်းဦးက ဆိုသည်။
“၂၀၁၅ ရွေးကောက်ပွဲ ရလာဒ်ကို စောင့်နေကြတယ်။ လက်ရှိ အိမ်ခြံမြေဈေးကွက် အေးနေတယ်။ ကျွန်တော်တို့အနေနဲ့ ဒီရွေးကောက်ပွဲပြီးရင်တော့ အိမ်ခြံမြေဈေးကွက် ကောင်းလာမယ် မျှော်လင့်ပါတယ်။ အခုအချိန်ကတော့ မအီမလည်ကြီးနဲ့ သွားနေတယ်။ နှစ်ဆန်းပိုင်းတုန်းကဆိုရင် အိမ်ခြံမြေ ဈေးကွက် ပေါက်တော့မယ်ဆိုပြီး ဖြစ်ခဲ့တယ်။ ကျွန်တော်တို့ကတော့ မပေါက်နိုင်ဘူးလို့ ပြောခဲ့တယ်။ ဒီနှစ်မှာဆိုရင်လည်း အိမ်ခြံမြေဈေးကွက်က ထူးထူးခြားခြား ကျမသွားပါဘူး။ နောက်တစ်ခုက စီမံကိန်းတွေ၊ ဒီစီမံ ကိန်းတွေရှိရင်အိမ်ခြံမြေဈေးကွက်က အရောင်းအဝယ် ဖြစ်တယ်။ ဒါပေမဲ့ အခုအချိန်ထိ စီမံကိန်းရှိပေမယ့် လှုပ်ခတ်မှုမရှိဘူးဆိုတော့ အိမ်ခြံမြေသည် ရွေးကောက်ပွဲကို စောင့်နေတယ်လို့ ပြောနိုင်ပါတယ်”ဟု ဦးသန်း ဦးက ဆိုသည်။
မြန်မာနိုင်ငံ၏ အိမ်ခြံမြေဈေးကွက်သည် ၉၅ ရာခိုင်နှုန်းခန့်အထိ အရောင်းအဝယ် ရပ်ဆိုင်းလု ဖြစ်နေပြီး လက်ရှိဝယ်ယူနေသူ များမှာလည်း အိမ်ခြံမြေဈေးကွက်ကို လက်ဝါးကြီးအုပ်၍ မြေဈေးကစားရန် ဝယ်ယူသူ များသာ ဖြစ်နေကြောင်း တော်ဝင် ဆောက်လုပ်ရေးလုပ်ငန်းရှင် ဦးကိုကိုထွေးက သုံးသပ်သည်။
“အိမ်ခြံမြေဈေးကွက်က ရွေးကောက်ပွဲ တစ်ခုတည်းအပေါ်မှာ မူတည်နေတာ မဟုတ်ဘဲ မြန်မာနိုင်ငံအတွင်းကို ဝင်လာနေတဲ့ ငွေတွေအပေါ်မှာလည်း မူတည်နေတယ်။ GFI ပေါ့။ သူတို့စောင့်ကြည့်ပြီး တွက်ချက်ထားတာ ရှိတယ်။ ၁၉၆၀ ခုနှစ်ကနေ ၂၀၁၂ ခုနှစ်အထိ မြန်မာနိုင်ငံတော်ကို အမေရိကန်ဒေါ်လာ ၇၇ ဒသမ ၇ ဘီလျံ အထိ တရားမဝင်စီးဝင်ခဲ့ပြီး မြန်မာနိုင်ငံက စီးထွက်သွားတဲ့ ငွေကြေးက ၁၈ ဒသမ ၇ ဘီလျံလောက်ရှိတယ်။ ဒီ အတွက် မြန်မာနိုင်ငံ နစ်နာသွားတဲ့ အခွန်ပမာဏက ဒေါ်လာ ၂၀ ဘီလျံလောက် ရှိတယ်။ ကျွန်တော်တို့ နိုင်ငံကို ဝင်လာတဲ့ ဒီဒေါ်လာ ဘီလျံများစွာက ဘယ်ကဏ္ဍထဲကို စီးဝင်သွားလဲဆိုတာ ကျွန်တော်တို့ မှန်းလို့ရပါတယ်။ အားလုံး ပြောနေကြသလိုပဲ ဒီငွေတွေအများစုက အိမ်ခြံမြေကဏ္ဍဆီကို စီးဝင်သွားပါတယ်။ ဒီရွေးကောက်ပွဲ ပြီးရင်လည်း အဲဒီလိုငွေတွေက တရားမဝင် ဝင်လာနိုင်တဲ့ အခြေအနေတွေ ရှိနေသလား။ ဒီအခြေအနေကို ထိန်းချုပ်နိုင်ရင်တော့ အိမ်ခြံမြေဈေးကွက်က ပြင်းပြင်းထန်ထန်ကြီးနဲ့ ဆက်သွားနေမယ်။ ဒီအနေအထားကို ပိတ်နိုင်ရင်တော့ ကျွန်တော်တို့ရဲ့ အိမ်ခြံမြေဈေးကွက်ဟာ အများပြည်သူ ဝယ်ယူနိုင်တဲ့ ပုံမှန်ဈေးကွက် ဖြစ်လာမယ်” ဟု ဦးသန်းဦးက ဆိုသည်။
ယခုကဲ့သို့ အရောင်းအဝယ်အေးပြီး ဈေးနှုန်း ကျဆင်းနေသော်လည်း မြန်မာနိုင်ငံတွင် အများစုက အိမ်၊ ခြံ၊မြေကို လက်ကိုင်ထားပြီး ကစားနေကြကြောင်း၊ နိုင်ငံခြားမှ အမှန်တကယ် လာရောက်ရင်းနှီးမြှုပ်နှံသူ များအတွက် အခက်အခဲဆုံးနှင့် အကုန်အကျဆုံးမှာ မြေနေရာအတွက်ဖြစ်ပြီး အခြားနိုင်ငံများတွင် မြေနေရာမှာ ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း ကုန်ကျစရိတ်၏ ရာခိုင်နှုန်း ၂၀ ဝန်းကျင်သာ ရှိချိန်တွင် မြန်မာနိုင်ငံတွင် ရာခိုင်နှုန်း ၃၀ မှ ရာခိုင်နှုန်း ၄၀ အထိ ရှိနေဆဲဖြစ် ကြောင်းလည်း ဗြိတိန်အခြေစိုက် Savillsမှ အကြီးတန်း မန်နေဂျာ Sushant Bihani ကပြောကြားသည်။
လက်ရှိဖြစ်ပေါ်နေသည့် ဈေးနှုန်းနှင့် အနာဂတ် ဈေးနှုန်း အပြောင်းအလဲမှာလည်း ရွေးကောက်ပွဲနှင့် ကျင့်သုံးလာမည့် မူဝါဒများပေါ်တွင် မူတည်နေပြီး ယခုကဲ့သို့ ဆောက်လုပ်ရေးကဏ္ဍ အကျပ်အတည်း ဖြစ်နေမှုမှာ မည်မျှ ကြာမြင့်မည်ဆိုသည်ကို ခန့်မှန်း၍ မဖြစ်နိုင်ကြောင်းလည်း ၎င်းက ဆိုသည်။
မြန်မာနိုင်ငံတွင် အိမ်၊ ခြံ၊ မြေ ပူဖောင်း ပေါက်တော့မည်ကို ပြီးခဲ့သည့်နှစ်နှစ်ကျော် ကတည်းက ကြိုတင်မြင်နေရကြောင်း၊ သို့သော် လည်း ဈေးကစားလိုသူများက ဆက်လက်ဝယ် ယူခဲ့ကြောင်း၊ တိုင်းပြည်၏ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုနှုန်းနှင့် အိမ်၊ ခြံ၊ မြေကဏ္ဍ၏ ဈေး နှုန်းဖြစ်ပေါ်လာမှုမှာ ဆက်စပ်၍ မရခဲ့ကြောင်း၊ တိုင်းပြည်စီးပွားရေးတိုးတက်မှုနှုန်းမှာ ရှစ် ရာခိုင်နှုန်းဝန်းကျင်ရှိနေချိန်တွင် အိမ်၊ ခြံ၊ မြေဈေးမှာ ၁၀၀ ရာခိုင်နှုန်းဖြင့်မြင့်တက်ခဲ့ ခြင်းဖြစ်ကြောင်း၊ သို့သော်လည်း ထို့အချိန် တွင် ပိုမိုအရောင်းအဝယ်လိုက်လာခဲ့ပြီး နောက် ယခုကဲ့သို့ဖြစ်ရခြင်းဖြစ်ကြောင်း လည်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြ နှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်မိုးသီတာက ပြောကြားသည်။
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲရလဒ်သည် ပြည်သူများ လက်ခံနိုင်သည့် ရလဒ် ထွက်မလာဘဲ မသမာမှုများနှင့် ပြည့်နှက်နေခဲ့ပါက အိမ်ခြံမြေဈေးကွက်ကိုသာ သက်ရောက်မည်မဟုတ်ဘဲ မြန်မာ့စီးပွားရေး တစ်ခုလုံးကို ဆိုးရွားစွာ ထိခိုက်လာနိုင်သည့် အခြေအနေဖြစ်နေကြောင်း စီးပွားရေးပညာရှင်များနှင့် မြန်မာ့နိုင်ငံရေး လေ့လာစောင့်ကြည့်သူများက သုံးသပ်ထားသည်။
Ref : Eleven Media Group
Photo Credit : Eleven Media
Posted By : Myat Minn
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ