By The Kumudra, Shweproperty.com
Updated at 2 September 2015
ရွေးကောက်ပွဲပြီးရင် ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာဖို့အခက်အခဲ တစ်ခုဖြစ်နေတဲ့ မြေဈေးမှာ ဈေးကျဖို့ဖြစ်နိုင်ခြေ ပိုများတယ်လို့ ကျွမ်းကျင်သူ တစ်ချို့က ပြောပါတယ်။
ပြည်ပရင်းနှီးမြှုပ်နှံမှုဝင်ရောက်လာဖို့ ဒီမှာက မြေဈေး၊ ငှားရမ်းခနှုန်းထားတွေက မြင့်မားနေတာကြောင့်ပါ။ မြေဈေးကျဖို့ကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက ဥပဒေတွေနဲ့ ထိမ်းချုပ်ဖို့ ပိုများလာတယ်လို့ သုံးသပ်ကြပါတယ်။
ဝါရင့်အကျိုးဆောင် ဦးမောင်မောင်က "မြေဈေးကတော့ ထိန်းချုပ်လို့မှ မရတာ၊ တစ်ခုပဲ အခွန်တွေ၊ ဥပဒေတွေနဲ့ ထိန်းမယ်ဆိုရင် ဈေးကျလာနိုင်မယ်၊ စက်မှုဇုန်တွေလည်း ကိုယ်တိုင်လုပ်ငန်းမလုပ်ရင် လုပ်မယ့်သူကိုပဲ မြေပေးမယ်၊ ဒါမျိုးဆိုဈေးကစားတာတွေ ပျောက်သွားလိမ့်မယ်၊ ဈေးကစားတာ ထိန်းနိုင်ရင် ဈေးက ပုံမှန်လေးပဲ ဖြစ်သွားမှာပါ"လို့ ပြောပါတယ်။
လက်ရှိဈေးကွက်မှာ ရွေးကောက်ပွဲပြီး ပြောင်းလဲလာမယ့် ဥပဒေစည်းမျဉ်း စည်းကမ်းတွေကို စောင့်မျှော်နေတာကြောင့် ဈေးကွက်က အေးနေတာပါ။ ရွေးကောက်ပွဲအပြီးမှာ ဈေးကွက် အပြောင်းအလဲ ရှိလာနိုင်တယ်လို့သာ အများစုက ပြောကြပါတယ်။ ဈေးကျမလား၊ ဈေးတက်မလား မကွဲပြားသေးဘူး။ အကျိုးဆောင်တွေနဲ့ စီးပွားရေးသမားတွေက မြေဈေးငြိမ်နေဖို့ မျှော်လင့်နေကြတာလို့ သိရပါတယ်။
စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ဦးကျော်ဦးက "စီးပွားရေးလုပ်ဖို့အတွက် မြေဈေးကကြီးတယ်၊ လုပ်ငန်းအတွက်ရော မြေဈေးပါတွက်မယ်ဆို ရင်းနှီးရမယ့်ငွေက မနည်းဘူး၊ လှိုင်သာယာမြေနေရာ တစ်ခုကို ပထမငှားတုန်းက တစ်လကို သိန်း (၄၀) နဲ့ အခုမြေရှင်က သိန်း (၇၀) တိုးတောင်းတော့ တော်ရုံလုပ်ငန်းရှင် တွေအတွက် ခက်ခဲတယ်"လို့ ပြောပါတယ်။
အိမ်ခြံမြေဈေးက ရွေးကောက်ပွဲအပြီးမှာ ဈေးကျနိုင်မယ်ဆိုတာက တခြားနိုင်ငံတွေမှာ မြေဈေးကြီးလာရင် ဈေးကွက်ကိုငြိမ်အောင်၊ ဈေးကျအောင် ထိန်းကြတာပဲ။ လူတစ်ယောက်က နေဖို့ထက် ပိုဝယ်ခဲ့ရင် အခွန်နှုန်းထားက ဘယ်လိုဆိုတာမျိုးရှိတယ်။ သည်မှာလည်း နေထိုင်ဖို့အတွက် မဟုတ်ပဲ ဝယ်ယူရင် အခွန်တိုးကောက်ရင် တောက်ရုံသူက မဝယ်နိုင်တော့ဘူး။ ဈေးနှုန်းကို သတ်မှတ်လို့မရဘူး။ သက်ဆိုင်ရာ ဥပဒေတွေနဲ့ ထိန်းမှပဲရမယ်။ ဒါမှလည်း မြေဈေးက သူ့ဟာနဲ့သူ ပုံမှန်အနေအထား ရောက်သွားလိမ့်မယ်လို့ စီးပွားရေးနှင့် ဥပဒေလမ်းညွန် ဦးတင်သန်းဦးက ပြောပါတယ်။
ဝယ်ရောင်းအကျိုးဆောင် ဦးဝင်းနိုင်က "မြေဈေးက ကျနိုင်မယ်၊ ဒါပေမဲ့ တည်ငြိမ်တဲံ ဈေးတန်းအတိုင်းအတာ တစ်ခုအထိပါပဲ၊ အရမ်းကြီးတော့ မကျဘူး၊ ဒီအတိုင်းတော့ ဈေးက မကျဆင်းဘူး၊ မြို့သစ်တွေကို ဖွံ့ဖြိုးအောင် လုပ်မယ်ဆိုရင်တော့ ဈေးငြိမ်နိုင်မယ်၊ ဈေးကစားနေကြတဲ့ သူတွေရှိတာ အဆိုးဆုံးပဲ၊ ဒါတွေကို ထိန်းနိုင်ရင် ဈေးက သူ့ဟာသူ ပုံမှန်ရှိနေမှာပါပဲ"လို့ ပြောပါတယ်။
တချို့က ပြည်ပရင်းနှီးမြှုပ်နှံမှု ဝင်လာခဲ့ရင် ပြည်တွင်းလုပ်ငန်းရှင်တွေ အတွက်စက်ရုံ၊ စိုက်ပျိုးမွေးမြူရေးစတဲ့ လုပ်ငန်းတွေလုပ်လို့ ရမယ့် မြေတွေကို လုပ်ငန်းမလုပ်ပဲ ဝယ်ထားတဲ့ သူတွေဆီကနေ ပြောင်းပေးလို့ ရနိုင်မယ့် ဥပဒေတစ်ခုကို လိုအပ်နေပြီး ဥပဒေအထိရောက်ဖို့ လိုအပ်တယ်လို့ ပြောပါတယ်။
Posted By : Wai Phyoe Aung
Ref : The Kumudra
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ