By The Myanmar Times, Shweproperty.com
Updated at 26 November 2018
ဒီနှစ် အစောပိုင်းလောက်ကစပြီး ဆောက်လုပ်ရေးကုမ္ပဏီတွေက ဘဏ်တွေနဲ့ ချိတ်ဆက်ပြီး အရစ်ကျရောင်းချတဲ့စနစ်ဟာ မြန်မာနိုင်ငံရဲ့ အိမ်ခြံမြေဈေးကွက်မှာ တွင်ကျယ်လာတာကို တွေ့ရပါတယ်။
အရင်က ရောင်းသူနဲ့ ဝယ်သူကြား ယုံကြည်မှုနဲ့ ကြိုပွိုင့်ရောင်းချတာတွေရှိပေမဲ့ ဝယ်ယူထားတဲ့အခန်း တွေ မပြီးသေးခင် တစ်ပိုင်းတစ်စနဲ့ ကန်ထရိုက်တွေက ဆက်မလုပ်တာတွေ ရှိလာတာကြောင့် ယုံကြည်မှုပျက်ယွင်းပြီး ကြိုပွိုင့်ဝယ်မှု နည်းပါးသွားခဲ့ပါတယ်။
နောက်ပိုင်းမှာ ဘဏ်တွေကနေတစ်ဆင့် အာမခံချက်နဲ့ ရောင်းသူနဲ့ ဝယ်သူကြားအဆင်ပြေအောင် သတ်မှတ်ထားတဲ့ အတိုးနှုန်းတွေနဲ့ အိမ်ရာချေးငွေတွေ ထုတ်ချေးလာကြပါတယ်။ အခုဆိုရင် ရိုးရိုးတိုက်ခန်းတွေအတွက်အနည်းဆုံး သုံးနှစ်ကနေ အများဆုံး ၁၅ နှစ်၊ ကွန်ဒိုအခန်းတွေအတွက် အနည်းဆုံး ငါးနှစ်ကနေ အများဆုံး ၂၅ နှစ်အထိ အရစ်ကျငွေပေးတဲ့ အစီအစဉ်တွေကို မိတ်ဆက်လာကြပါတယ်။
အရစ်ကျစနစ်နဲ့ အိမ်ဝယ်ယူခွင့်ရလာတာကိုသဘောကျတဲ့သူတွေရှိသလို ကြီးမြင့်လွန်းတဲ့ အတိုးနှုန်းတွေကြောင့် ဝယ်ယူဖို့ တွန့်ဆုတ်နေသူတွေလည်း ရှိနေပါတယ်။
ဘဏ်နဲ့ချိတ်ဆက်ပြီး အရစ်ကျစနစ်နဲ့ အိမ်ခန်းတွေရောင်းချပေးတဲ့စနစ်ကို ပုဂ္ဂလိကသာမက အစိုးရက ဆောက်လုပ်ရောင်းချနေတဲ့ အိမ်ရာတွေမှာလည်း ဝယ်ယူနိုင်ပါတယ်။
အခုနောက်ပိုင်း ဘဏ်တွေရဲ့ အသစ်ထပ်မံမိတ်ဆက်လိုက်တဲ့ အိမ်ရာချေးငွေပုံစံသစ်အရ ၁၅ နှစ် အရစ်ကျ ချေးငွေယူပြီးမှ သတ်မှတ်ကာလမပြည့်သေးခင် ငွေအကြေချေချင်တဲ့သူတွေအတွက်လည်း အဆင်ပြေအောင် လက်ခံဆောင်ရွက်ပေးနေပါတယ်။
၂၀၁၈ ခုနှစ် နှစ်ဦးပိုင်းလောက်ကစလို့ အိမ်ရာချေးငွေနဲ့ အိမ်ဝယ်သူများလာတာကိုတွေ့ရပြီး ဘဏ်ချေးငွေနဲ့ဝယ်ယူတဲ့ တိုက်ခန်းတွေရဲ့ ခိုင်မာမှုကို ဘဏ်ကတာဝန်ရှိသူတွေက စီစဉ်ဆောင်ရွက်ပေးမှာ ဖြစ်တာကြောင့် ဝယ်ယူသူတွေအတွက် ပိုမိုယုံကြည်စိတ်ချရတယ်လို့ ShweProperty.com ရဲ့ Founder and Director ဦးကောင်းသူဝင်းက ပြောပါတယ်။
ကိုယ့်အစီအစဉ်နဲ့ အပြင်မှာဝယ်မယ်ဆိုရင် ပိုင်ဆိုင်မှုတွေ၊ ခိုင်မာမှုတွေနဲ့ အရှုပ်အရှင်းကိစ္စတွေကို ကိုယ်တိုင်ပြုလုပ်ကြရပါတယ်။ ဘဏ်ကနေတစ်ဆင့် ဝယ်ယူမယ်ဆိုရင်တော့ ဒီကိစ္စတွေကို ဘဏ်ကနေ ကူညီဖြေရှင်းမှာဖြစ်တဲ့အတွက် ပိုမိုလွယ်ကူအဆင်ပြေစေမှာဖြစ်တယ်လို့ ဦးကောင်းသူဝင်းက ဆိုပါတယ်။
"ပုံမှန်လစဉ်ဝင်ငွေနဲ့ အိမ်ခန်း ဝယ်ယူလို့ရမှာဖြစ်ပါတယ်။ အရင်က ချေးငွေယူပြီး အိမ်ဝယ်မယ်ဆိုရင် ပိုင်ဆိုင် မှုအထောက်အထားတွေပြရပါတယ်။ အခုဘဏ်တွေက အသစ်မိတ်ဆက်လိုက်တဲ့ ချေးငွေပုံစံကတော့ လူ တစ်ဦးကို တစ်လဝင်ငွေ အနည်းဆုံးကျပ်လေးသိန်းရှိကြောင်း ထောက်ခံစာနဲ့ လစာပြေစာကို ပြနိုင်ရင် အလွယ်တကူ ဝယ်ယူနိုင်မှာပဲဖြစ်ပါတယ်"လို့ ဦးကောင်းသူဝင်းက ပြောပါတယ်။
ရာနှုန်းပြည့်ဆောက်လုပ်ပြီးသား တိုက်ခန်းတွေနဲ့၇၅ ရာခိုင်နှုန်းအထက်ဆောက်လုပ်ပြီးစီးနေတဲ့ တိုက်ခန်းတွေကို ဘဏ်နဲ့ ချိတ်ဆက်ပြီး ဝယ်ယူနိုင်လို့ ဝယ်ယူတဲ့သူတွေအတွက် လွယ်ကူအဆင်ပြေစေမှာပဲ ဖြစ်ပါတယ်။ဘဏ်ချေးငွေ ရယူဆောင်ရွက်တဲ့အခါ လုပ်ငန်းဆောင်ရွက်ချိန် နှစ်ပတ်က လေးပတ်အတွင်း ပြီးစီးအောင် ဆောင်ရွက်ပေးပြီး အိမ်တန်ဖိုးရဲ့ ၃၀ ရာခိုင်နှုန်းပေးချေပြီးတာနဲ့ နေထိုင်လို့ရမှာ ဖြစ်ပါတယ်။
"အိမ်ခြံမြေကဏ္ဍကို အဓိကမောင်းနှင်ပေးနိုင်တာကတော့ ဘဏ်တွေပဲဖြစ်ပါတယ်၊ နိုင်ငံတကာမှာလည်း အိမ်ဝယ်ရင် ပိုက်ဆံအကြေပေးချေတယ်ဆိုတာရှားပါတယ်၊ ဘဏ်ချေးငွေကတစ်ဆင့် ဝယ်ယူကြတာ များပါတယ်"လို့ ဦးကောင်းသူဝင်းက ဆိုပါတယ်။
အိမ်ရာချေးငွေယူပြီး အိမ်ဝယ်ဖို့စိတ်ကူးနေသူတွေအတွက် အတိုးနှုန်းတွေနဲ့ ပေးဆောင်ရမယ့်ကာလတွေကို ဘဏ်အထိသွားပြီး တွက်ချက်စရာမလိုဘဲ အွန်လိုင်းကတစ်ဆင့် အိမ်ရာချေးငွေရယူနိုင်တဲ့အစီအစဉ်ကို အိမ်ခြံ မြေရောင်းဝယ်ငှား ဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ ShweProperty.com က ယခုလအစောပိုင်းက စတင်လိုက် ပါတယ်။
အရစ်ကျစနစ်တွေ တွင်ကျယ်လာတာဟာ ငွေတစ်လုံးတစ်ခဲတည်းပေးပြီး အိမ်မဝယ်နိုင်သေးတဲ့ လူလတ်တန်းစားတွေအတွက် အိမ်ဝယ်နိုင်ဖို့ မျှော်လင့်ချက်တွေတိုးလာပေမဲ့ ကြီးမြင့်လွန်းတဲ့ အတိုးနှုန်းတွေကြောင့် ဝယ်ယူဖို့လည်း အတော်စဉ်းစားနေကြရပါတယ်။
အိမ်ဝယ်ဖို့ ငွေစုထားပြီးတာတောင် အတိုးနဲ့တွက်လိုက်ရင် အတိုးပေးရမယ့်ပမာဏက နောက်ထပ်အိမ်တစ်အိမ်စာလောက်ရှိနေတာကြောင့် ခုထိစဉ်းစားနေဆဲဖြစ်တယ်လို့ တောင်ဥက္ကလာမြို့နယ်ဘက်မှာ လတ်တလော အိမ်ဝယ်ဖို့ စဉ်းစားနေတဲ့ မလဲ့က ပြောပါတယ်။
"ဖြစ်နိုင်ရင်တော့ အိမ်လေးနဲ့ ခြံလေးနဲ့ဝယ်ချင်တာပေါ့၊ ဒါပေမဲ့ အရစ်ကျနဲ့ဝယ်မယ်ဆိုရင် အတိုးက သိပ်များ တော့ မဝယ်ဖြစ်သေးဘူး။ ပထမအရစ်ပေးပြီး တစ်လကို သုံးသိန်းလောက်ပဲ သွင်းရမယ်ဆိုရင် ဘယ်နှနှစ်ပဲဖြစ်ဖြစ် ဝယ်ရမှာပေါ့"လို့ မလဲ့ကဆိုပါတယ်။
ဘဏ်တိုးနှုန်းတွေကိုသာ ဒီထက်လျှော့ချပေးလိုက်မယ်ဆိုရင်တော့ အစိုးရကမျှော်မှန်းထားသလို လူတိုင်း အိမ်ပိုင်ဆိုင်နိုင်ဖို့ အခွင့်အရေးပိုများလာမှာ ဖြစ်ပါတယ်။
အိမ်ရာချေးငွေတွေ ထုတ်ချေးပေးနေတဲ့ ဘဏ်တွေထဲကတစ်ခုဖြစ်တဲ့ ဧရာဝတီဘဏ်က ၂၀၁၈ ခုနှစ်၊ မတ်လ ၃၁ ရက်ကနေ ဧပြီလ ၂ ရက်ထိ အသက် ၂၀ ပြည့်ပြီးတဲ့ မြန်မာနိုင်ငံသားတိုင်း အိမ်ရာချေးငွေယူနိုင်တဲ့ အစီအစဉ်ကို စတင်မိတ်ဆက်ခဲ့ပါတယ်။
လက်ရှိဈေးကွက်ထဲမှာ ဧရာဝတီဘဏ်နဲ့ချိတ်ဆက်ပြီး ဝယ်ယူနိုင်တဲ့ အိမ်ခန်းအရေအတွက်ကတော့ ငွေကျပ် သိန်း ၂၀ဝ နဲ့ ၁ဝဝဝ ကြား တိုက်ခန်းပေါင်း ၁၄၁၅ ခန်း နဲ့ငွေကျပ်သိန်း ၁၂၀ဝ ကနေ ၂ဝဝဝကြား တိုက်ခန်းပေါင်း ၁ဝဝဝ ခန့်ရှိကြောင်း ဧရာဝတီဘဏ်ရဲ့ အုပ်ချုပ်မှုဒါရိုက်တာ ဦးမြင့်ဇော်က မြန်မာတိုင်း(မ်)ကို ပြောပါတယ်။
ဒါကတော့ ဘဏ်ကနေမိတ်ဖက်လုပ်ထားတဲ့ ဆောက်လုပ်ရေး ကုမ္ပဏီတွေက အခန်းတွေပဲဖြစ်ပါတယ်။ ဝယ်ယူသူတွေအနေနဲ့ မိမိတို့ရဲ့ စိတ်ကြိုက်အခန်းတွေကို ဘဏ်နဲ့လာရောက်ချိတ်ဆက်ပြီး ဝယ်ယူမယ်ဆိုရင်လည်း ချေးငွေတွေ ချေးပေးနေတယ်လို့ ဦးမြင့်ဇော်က ပြောပါတယ်။
"ကျွန်တော်တို့ ဧရာဝတီဘဏ်အနေနဲ့ စွန့်စားရတာရှိပေမဲ့လည်း ဒါကိုလုပ်ခဲ့တယ်။ဒါဟာ အလေ့အထတစ်ခုအနေနဲ့ဖြစ်သွားပြီး နိုင်ငံသားတိုင်းအတွက် သတ်မှတ်တဲ့ ဝင်ငွေလေးရှိပြီး လုံလောက်တဲ့ပိုင်ဆိုင်မှုလေးရှိတယ်ဆိုရင် အိမ်ပိုင်နိုင်တယ်၊ အိမ်ရာဆောက်တဲ့သူတွေအတွက် အများကြီးအလာအလာရှိသွားမယ်"လို့လည်း ဦးမြင့်ဇော်က ဆိုပါတယ်။
အတိုးနှုန်းတွေနဲ့ပတ်သက်ပြီး နိုင်ငံတော်က သတ်မှတ်တဲ့အတိုးနှုန်းအတိုင်းပဲ လိုက်နာရတာဖြစ်တဲ့အတွက် သူတို့ဘဏ်က အတိုးနှုန်းကိုသတ်မှတ်လို့မရကြောင်း ဆိုပါတယ်။
အိမ်ငှားနေရတဲ့ စိတ်ဖိစီးမှုနဲ့ဒုက္ခကို မခံစားချင်ကြတာကြောင့် အရဲစွန့်ပြီး ဘဏ်ချေးငွေနဲ့ အိမ်ဝယ်ယူတဲ့ သူတွေလည်း ရှိနေပါတယ်။ ခြောက်လတစ်ကြိမ် တစ်လုံးတစ်ခဲတည်း ပေးရမယ့် အိမ်ငှားခအစား အရစ်ကျနဲ့ အိမ်ဝယ်ပြီး လစဉ်ငွေပေးသွင်းရင် သတ်မှတ်ကာလပြည့်တဲ့အခါ အိမ်ပိုင်ရဖို့မျှော်လင့်ချက်နဲ့ အိမ်ဝယ်ကြသူတွေက ဒုနဲ့ဒေးပါပဲ။
"လစဉ်ပိုက်ဆံသွင်းနေရပေမဲ့ ကိုယ့်အိမ်နဲ့ကိုယ်နေရတယ်၊ အိမ်ငှားနေလည်း ပေးနေရတာချင်းအတူတူ အချိန်တန်ရင် အိမ်ပိုင်ရမယ်ဆိုတဲ့ မျှော်လင့်ချက်လေးတော့ရှိတာပေါ့"လို့ ဘဏ်နဲ့ချိတ်ဆက်ပြီး ကြိုပွိုင့်ဝယ်ယူထားသူ မသူဇာက ပြောပါတယ်။
အိမ်ငှားနေတဲ့အခါ ခြောက်လတစ်ကြိမ်ပေးရတဲ့ အိမ်လခတွေအပြင် အိမ်ရှင်နဲ့ရေရှည်အဆင်ပြေမှသာ ခဏခဏ အိမ်ပြောင်းရတဲ့ဒုက္ခကို ရှောင်လွှဲနိုင်မှာပါ။ ဒါပေမဲ့ အရမ်းအဆင်မပြေတဲ့ အိမ်ရှင်နဲ့အိမ်ငှားဆိုရင်တော့ သုံး၊ လေးနှစ်အပြင် ထပ်မငှားချင်ကြပါဘူး။ ဒါကြောင့် ရန်ကုန်မှာနေထိုင်ခဲ့တဲ့ ၁၀ နှစ်အတွင်း အိမ် လေးကြိမ် ပြောင်းရွှေ့ခဲ့ရတယ်လို့ မသူဇာက ပြောပါတယ်။
ဝယ်ယူသူအများစုဟာ အရစ်ကျယူတဲ့ နှစ်ကာလရှည်တာနဲ့အမျှ အတိုးက ပိုများလေ့ရှိတာကြောင့် တတ်နိုင်သမျှ နှစ်တိုကိုသာယူချင်ကြပါတယ်။ ဒါပေမဲ့ လစဉ်ဝင်ငွေနဲ့ ပြန်ပေးသွင်းရမယ့်ငွေကို ချင့်ချိန်ရတာကြောင့် နှစ်ရှည်မယူချင်ဘဲ ယူနေကြရတာတွေလည်း ရှိနေပါတယ်။
Ref & Photo Credit : The Myanmar Times
Posted By : Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ