By Current News, Shweproperty.com
Updated at 3 August 2018
ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်တွင် တည်ဆောက်ပြီးစီးသွားပြီဖြစ်သော တန်ဖိုးမျှတအိမ်ရာမှ အိမ်ခန်းများအတွက် တန်ဖိုးသတ်မှတ်လိုက်ပြီဖြစ်ကာ လက်ငင်းငွေချေစနစ်နှင့် ဘဏ်ချေးငွေစနစ်တို့ဖြင့် ဝယ်ယူနိုင်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အဆောက်အအုံနှင့်ကုန်ရုံဌာန ဌာနမှူး ဦးဇော်ဝင်းက ပြောကြားသည်။
လက်ငင်းငွေချေစနစ်နှင့် ဘဏ်ချေးငွေစနစ်ဟု သတ်မှတ်ထားရာ ဘဏ်ချေးငွေစနစ်ဆိုသည်မှာ ဝယ်ယူသူများမှ တိုက်ခန်းတန်ဖိုးကို မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီသို့ ပေးသွင်းရန်မလိုဘဲ ဘဏ်များကိုသာ ပေးသွင်းရမည်ဖြစ်ကြောင်း၊ မည်သည့်ဘဏ်နှင့် ချိတ်ဆက်ရောင်းချမည်ကို မသတ်မှတ်ရသေးကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
“ငွေအကျေပေးချေတဲ့စနစ်ကတော့ ငွေတစ်ခါတည်းသွင်းပြီးရင် အသင့်နေရုံပဲ။ ဘဏ်ချေးငွေစနစ်နဲ့ ဝယ်မယ်ဆိုရင်တော့ သက်ဆိုင်ရာဘဏ်နဲ့ ချိတ်ဆက်ပေးမယ်”ဟု ဦးဇော်ဝင်းက ရှင်းပြသည်။
အဆိုပါတိုက်ခန်းတစ်ခန်း၏ ဈေးနှုန်းကို မြေညီထပ် ကျပ်သိန်း ၂၆၀ ၊ ပထမထပ် ကျပ်သိန်း ၂၄၀၊ ဒုတိယထပ် ကျပ်သိန်း ၂၂၀၊ တတိယထပ် ကျပ်သိန်း ၂၁၀၊ စတုတ္ထထပ် ကျပ်သိန်း ၂၀၀၊ ပဉ္စမထပ် ကျပ်သိန်း ၁၉၀ ဟု မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီက သတ်မှတ်ထားသည်။
“တိုက်ခန်းဈေးနှုန်းအနေနဲ့ဆိုရင် သင့်တယ်။ မန္တလေးမြို့ရဲ့မြေဈေးနဲ့ဆိုရင် ဒီလိုနေရာမျိုးမှာ ဝယ်ဖို့မလွယ်ဘူး။ ဒါပေမဲ့ ဘဏ်ချေးငွေစနစ်နဲ့ဆိုရင် သိန်း ၂၆၀ သတ်မှတ်ထားတဲ့အခန်းက အတိုးနဲ့ဆို သိန်း ၃၀၀၊ ၄၀၀ များ ဖြစ်သွားမလားပဲ။ အိမ်ခန်းပေါက်ခဲ့ရင်တောင် ငွေသွင်းနိုင်ပါ့မလားဆိုပြီး ချင့်ချိန်နေရတယ်”ဟု မန္တလေးစည်ပင်မှ အရာထမ်းတစ်ဦးက ပြောဆိုသည်။
အဆိုပါ တန်ဖိုးမျှတအိမ်ခန်းများသည် မန္တလေးတိုင်းအတွင်း တာဝန်ထမ်းဆောင်နေသော နိုင်ငံ့ဝန်ထမ်းများနှင့် အငြိမ်းစားဝန်ထမ်းများကို ရောင်းချပေးမည့် အိမ်ခန်းများဖြစ်သည်။
အိမ်ခန်းများဝယ်ယူရန်အတွက် အိမ်ခန်းလျှောက်လွှာများကို ဇူလိုင်လ ၂၄ ရက်မှ ဩဂုတ်လ ၈ ရက်အထိ တစ်စောင်လျှင် ၅၀၀ ကျပ်ဖြင့် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ ရုံးဝင်းအတွင်း ရောင်းချပေးလျက်ရှိပြီး အဆိုပါလျှောက်လွှာများကို ဩဂုတ်လ ၁ ရက်မှ ၁၄ ရက်အထိ ပြန်လည်လက်ခံမည်ဖြစ်သည်။
ယခုရောင်းချမည့် တိုက်ခန်းများသည် အာရ်စီအမျိုးအစားလေးခန်းတွဲ တိုက်များဖြစ်ကာ အဆောက်အအုံ ၂၈ လုံးမှ အခန်းပေါင်း ၆၇၂ ခန်းကို ရောင်းချပေးခြင်းဖြစ်သည်။
မြို့တော်စည်ပင်အနေနှင့် တန်ဖိုးမျှတအိမ်ရာ အဆောက်အအုံပေါင်း ၁၄၀ တည်ဆောက်ရန်လျာထားရာ ကျူးကျော်နေထိုင်သူများ ရှိနေသောကြောင့် လုံးဝမတည်ဆောက်ရသေးသည်မှာ ၄၉ လုံးရှိပြီး တည်ဆောက်နေသည့် ၉၁ လုံး အနက် လူနေထိုင်ရန် အသင့်ဖြစ်နေသော ၂၈ လုံးမှ အခန်းများကို ရောင်းချပေးခြင်းဖြစ်ကြောင်း ဌာနမှူး ဦးဇော်ဝင်းက ပြောကြားသည်။
Ref : Current News
Photo Credit : Myanmardigital
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ